"ပြန်လာကြပြီပေါ့.."
ရယ်ရယ်မောမောနှင့် အိမ်ထဲသို့ ဝင်လာကြသည့် မောင်နှမနှစ်ယောက်သည် ကောင်းမြတ်သော၏အသံကြောင့် ချက်ချင်းဆိုသလိုပဲ မျက်နှာပိုးသတ်လိုက်ကြ၏။
"နေခြည် ရောင်ဝါ...မင်းတို့နှစ်ယောက် တော်တော်လေးကို ဟုတ်နေကြတယ်ပေါ့။ ဒီကို လာကြစမ်း..."
မပြောစဖူး စမ်းတွေဘာတွေအထိတောင်ပါလာပြီမို့ နေခြည့်မျက်လုံးတွေက ချက်ချင်းဆိုသလိုပဲ လှေကားဆီသို့ ငေးမော ကြည့်နေမိသည်။
"နေခြည်..."
"Yes, daddy. yes yes..."
ဆတ်ခနဲဆိုသလို လန့်ဖြန့်သွားပြီး ချက်ချင်းပဲ ရောင်ဝါ့ဘေးမှာ ကပ်ပြီးထိုင်မိလိုက်သည်။
"ဖေဖေ့ဆီက ယူထားတဲ့ပိုက်ဆံတွေ ခုချက်ချင်းပြန်လွှဲပေးလိုက်။ အခုနော် အခုပဲလွှဲ...."
မတ်တပ်ရပ်ခါးထောက်ပြီး ဆူပူနေတဲ့ ဒယ်ဒီပုံက တကယ့်ကိုပေါက်ကွဲခါနီးဗုံးတစ်လုံးလို ဖြစ်နေသည်မို့ ချက်ချင်းပဲ ဖုန်းကိုထုတ်ပြီး ငွေလွှဲဖို့ကြည့်မိလိုက်တော့...
"ဒယ်ဒီ...""ပြော.."
"ပိုက်ဆံကလေ ၇၆၀၀၀လောက်လျော့သွားပြီ။"
"ထားလိုက် ကျန်တာအကုန်ပြန်လွှဲလိုက်"
"ဟုတ်.."
ချက်ချင်းပဲ ခေါင်းငုံ့ပြီး တစ်ခါသာမြင်ဖူးထားသည့် နံပါတ်ကိုရိုက်ပြီး ငွေပြန်လွှဲပေးလိုက်သည်။ သူမဘေးနားမှာ ရှိနေသည့် ရောင်ဝါကတော့ ဒူးပေါ် လက်တင်ပြီး မျက်နှာငယ်လေးနှင့်ရှိနေသည်။
"ရောင်ဝါ..."
ဆတ်ခနဲခါးမတ်လာပြီး အသံတိုးတိုးလေးဖြင့်..
"ဗျာ.." ဟု ထူးလာ၏။"ဒါနောက်ဆုံးပဲနော်။ နောက်တစ်ခါဆို မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။ အခု ဒိုက်အခါ၁၀၀ထိုး...."
ပြတ်သားလွန်းသည့် ဒီစကားသံကြောင့် ရောင်ဝါချက်ချင်းပဲ ထိုင်ခုံကနေထ,ပြီး ကြမ်းပြင်ပေါ်မှာ ဒိုက်ထိုးဖို့အသင့်အနေအထားလုပ်လိုက်သည်။
"တကယ်ဆိုနော် ဒီညက ဂုဏ်ပြုခံရမယ့်ညကိုနော်...."
မကြားတကြားနဲ့ ပြောလာသော နေခြည့် စကားသံကြောင့် ကောင်းမြတ်သောက နေခြည့်ဆီကို အကြည့်ပို့လာတော့သည်။