ဒီနေ့က နေ့ မွေးနေ့ဆိုသည့်အတွေးဖြင့် ဘာရယ်မဟုတ်ပဲ ကျောင်းဝန်းအတွင်း ဝေ့ဝဲလို့ရှာဖွေမိသည်။ဘာရယ်မဟုတ်ပဲ English majorမှ သူငယ်ချင်းဖြစ်သူထံသို့လည်း သွားလည်ခဲ့သေးသည်။
နောက်ဆုံးတွင် Helen Cellerရေးခဲ့သော စာအုပ်ကို အင်္ဂလိပ်စာဌာနအထိ သွားရောက်ပြီးဝယ်ယူခဲ့သောကြောင့် တစ်လစာမုန့်ဖိုးက တစ်လတာ၏ဒုတိယအပတ်မှာတင် ကုန်လုနီးပါးဖြစ်သွား၏။
"အဲ့ဒီစာအုပ်ကို ဘာလုပ်မလို့လဲ အသက်။ နင်အဲ့လိုတွေဖတ်တယ်လို့လည်း ငါမသိရပါလား..."
ဖြေရခက်၏။ စာဖတ်တာ ဝါသနာ မထုံမှန်းကိုယ်တိုင်သိသော်လည်း ဒီနေ့မှသွားပြီးဤစာအုပ်ဝယ်ရသည့်အကြောင်းရင်းကိုမူ အသက်ကိုယ်တိုင် တကယ်ပင်မသိသေး။ Helen Kellerကို သိပ်သဘောကျ၍ ဤစာအုပ်ကိုဝယ်ခဲ့ခြင်းမဟုတ်တာတော့ သေချာသည်။
"နင်ပြောတော့ ဂီတာဝယ်ဖို့စုမယ်ဆို....ဘယ်လိုဖြစ်ပြီး....."
ဘေးမှ သူငယ်ချင်းဖြစ်သူ သီတာ့ကို အသက်ကြည့်လိုက်ရင်း မလိမ်ခင်အရင် မျက်တောင်လေးတွေ ၂ချက်လောက်ခတ်လိုက်သည်။ ပြီးမှ...
"ငါ့အမေ မှာထားလို့ပါ။ ပိုက်ဆံပြန်ပေးမှာဆိုတော့ အခုလည်း ကြုံနေတာနဲ့ဝယ်ခဲ့လိုက်တာ"အင်္ဂလိပ်စာဌာနကို လမ်းကြုံလို့မဟုတ်ပဲ တကူးတက သွားခဲ့ပြီး အတန်းတွေထဲအကုန်ဝေ့ကြည့်ပြီးကာမှ နောက်ဆုံးဌာအထိသွားပြီး ဟိုဟိုဒီဒီနဲ့မေးရင်းမှ ဒီစာအုပ်ကိုလက်ညှိုးထိုးပြီး ဝယ်ယူခဲ့မှန်း အေးသီတာက သိသော်လည်း အသက်ကိုတော့ဖြင့် ဘာမှပြန်မပြောလာတော့။
ခဏလောက်ငြိမ်သက်သွားပြီးနောက်တွင်...
"အဆောင်ကိုပဲ ပြန်မှာမဟုတ်လား အသက်။" ဟု မေးလာသည်။ညနေလည်း စောင်းနေပြီဖြစ်သော်လည်း ဒီနေ့တော့ဖြင့် အသက် အဆောင်ကိုမပြန်ချင်သေးပေ။ ထို့ကြောင့် အေးသီတာ၏အမေးကိုပြန်မဖြေပဲ ကျောင်းပေါက်ဝမှာ ခဏရပ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာရှာဖွေနေမိသည်။ သို့သော်လည်း မွေးနေ့ရှင်ဟာ ပျောက်ချက်သားကောင်းနေသည်။
ဒီနေ့တစ်နေ့လုံး ဘယ်ဆီမှာမှ ရှာလို့မတွေ့အောင် ပျောက်ချက်သားကောင်းနေသည်မို့ အသက်မျက်ရည်ပင်ဝဲချင်လာရသည်။