"လာလေ ကလေး၊ အထဲဝင်ရအောင်....."
သူမက အိမ်တံခါးဖွင့်နေသည့်တိုင် ပေါ်တီကိုအောက်မှာပဲ ရှိသေးသည့် ကလေးမလေးကို သူမဘက်က လှည့်ကြည့်ကာ အသံပြုလိုက်သည်။ ထိုအခါ ကလေးမလေးက....
"တစ်ခုခု လိုက်ကျွေးဖို့က အိမ်ထိခေါ်လာပေးတာ...."
ကျောပိုးအိတ်၏ ကိုင်းကြိုးလေးကို ကိုင်ရင်း ပကတိကြည်လင်စွာနှင့်ပင် ပြောဆိုလာသည်ကို သူမပြုံးလိုက်ပြီး...
"တို့က အပြင်စာမစားတတ်လို့ ကလေး၊"အိမ်တံခါးကို ဖွင့်ပြီး သူမကအရင် အိမ်ထဲဝင်ခဲ့လိုက်သည်။ ဒီအိမ်က သူမနဲ့ရောင်ဝါ့အတွက်ဆိုပြီး ဒယ်ဒီဝယ်ထားတယ်လို့ ထင်ခဲ့ဖူးပေမယ့်လည်း တကယ်တမ်းမှာ ကျောင်းသူဘဝကို တမ်းတမ်းတတရှိတတ်သည့် မာမီ့အတွက် မိတ္ထီလာကို လာသည့်အချိန်မှာအဆင်ပြေအောင် ဝယ်ပေးထားတာဖြစ်၏။
"ဒါ တို့မာမီအိမ်လေ။ တို့မာမီက တို့ကျောင်းမှာပဲကျောင်းပြီးခဲ့တော့ ဒီမှာကသူ့ရဲ့ ကျောင်းသူဘဝအမှတ်တရတွေရှိနေတာ။ အဲ့တာကြောင့် တစ်ခါတစ်ခါ ဒီမြို့ကိုလာရင် အဆင်ပြေအောင် တို့ဒယ်ဒီကဝယ်ပေးထားတာ"
"သြော်....."
"အင်း...ထိုင်လေ ကလေး။ "
"ဟုတ်...."
ထိုင်ခိုင်းလို့ ထိုင်လိုက်ရပေမယ့် မျက်လုံးတို့က အတောမသတ်နိုင်ပဲ အိမ်အတွင်းပိုင်းအပြင်အဆင်များကို ကြည့်နေမိသည်။ အိမ်အတွင်းနံရံတွေကို ကြည်ပြာရောင်နှင့် အဖြူလွင်လွင်လေး ဆေးခြယ်ထားပြီး တစ်ချို့နေရာများတွင် ခြယ်သထားသော ပန်းပွင့်ပုံလေးတွေက မသေမသပ်နဲ့ ချစ်စရာကောင်းနေသေးသည်။
နံရံတွင် ချိတ်ထားသော ဓာတ်ပုံတွေဆီကို ကြည့်မိလိုက်တော့ ပျော်ရွှင်စွာနှင့်ရယ်မောနေသော အမျိုးသားနှင့်အမျိုးသမီးက လိုက်စွာညီစွာနှင့်ရပ်နေကြသည်။ နောက်ထပ်တွင် ဂါဝန်အဖြူရောင်နှင့် ထိုအမျိုးသမီးက အနောက်တိုင်း ဝတ်စုံခဲပြာရောင်ကို ဝတ်ဆင်ထားသည့် အမျိုးသား၏ပေါင်ပေါ်တွင် ဖြူစင်စွာပြုံးပြနေသည်။
နံရံပေါ်က ဓာတ်ပုံတွေကြည့်ရုံနှင့်တင် ဘယ်လောက်အထိ ပျော်ရွှင်နေကြလဲဆိုတာကို မြင်သာစေသည်။