"သမီးက မရဘူး အလင်းရယ်။ အဝန်းအသက်၅၀ ရောက်သွားပြီလားဆိုတာပဲ မေးမေးနေတာ။ မနေ့တည်းကဆက်တိုက်ကိုပြောနေတော့တာ..ဒီနေ့ မွေးနေ့ဆိုတာကိုလေ။"
ကလေးမလေး၏ အမေဖြစ်ဟန်တူသော အမျိုးသမီး၏စကားကြောင့် သူမခြေလှမ်းတို့က တုန့်ခနဲရပ်တန့်သွားရသည်။
"လိုက်မပို့ရင် ထမင်းမစားဘူးလုပ်နေတာလေ။ ဒီအကျင့်ကတော့ ကြည်သာနဲ့တကယ်တူတာ ညီမရေ။ ကြည်သာငယ်ငယ်ကလည်း အဲ့ဒီအတိုင်းပဲ...ဖြစ်ချင်တာမဖြစ်ရရင် မစားမသောက်ပဲ ဆန္ဒပြတတ်တာ။"
"ကိုမော်ရယ်...သမီးဖြင့် ဘာပြောရမှန်းတောင်မသိတော့ဘူး။"
"ကျွန်တော်တို့ကို ခွင့်ပြုဦး၊ အထဲအရင်ဝင်နှင့်မယ်နော်...."
မာမီ့လက်ကိုဆွဲပြီး အထဲဝင်တော့မည်ဖြစ်ကြောင်းပြောသည့် ဒယ်ဒီကို အန်တီလေးအပါအဝင် ကလေးမလေး၏မိဘနှစ်ပါးကပါ...
"သွားလေ...""ဟုတ်ကဲ့...ဟုတ်ကဲ့။ ဝင်နှင့်ပါ...."
စသည်ဖြင့် ခွင့်ပြုပေးကြသည်။ ချက်ချင်းမှာပဲ ဒယ်ဒီက မာမီ့လက်ကိုဆွဲပြီး နေရာကနေ ထွက်သွားတော့သည်။
"ကောင်း...."
ဒယ်ဒီ့နောက်ကို ပါသွားသည့် မာမီ့ခေါ်သံကြောင့် မာမီမေးမည့် မေးခွန်းများကို နေခြည်သိသလို၊ ဒီကနေ သွားဖို့လုပ်သည့် ဒယ်ဒီ့သဘောထားကိုလည်း သိလိုက်ရသည်။
ဒယ်ဒီဟာ မာမီကို အတွေးမများစေချင်၊ မာမီစိတ်လေးတွေ စွန်းထင်းသွားမှာကို ဒယ်ဒီသိပ်ကြောက်သည်။
"သွားနှင့်မလို့လား နေခြည်။"
တွေးနေရင်းမှ အန်တီလေး၏ အသံကြောင့် သူမကိုယ်တိုင်လည်း အန်တီလေးတို့နားရောက်နေပြီဆိုတာ သိလိုက်ရသည်။
"ရတယ်၊ အန်တီလေးနဲ့မှပဲ အတူတူသွားမယ်။"
"ဒါဆို ရောင်ဝါ မာမီတို့နဲ့သွားလိုက်မယ်နော်..."
"အေးအေး..."
ရောင်ဝါက သူမတို့နားကနေ အပြေးတစ်ပိုင်းနဲ့ထွက်သွားပြီး မာမီနှင့်ဒယ်ဒီ့နောက်လိုက်သွားလေသည်။
"ကိုမော်တို့လည်း ဆွမ်းကပ်ချိန်အထိနေပေးကြဦးနော်"
"နေရမှာ အလင်းရေ၊ ဦးဇင်းကနေ လာမိမှတော့ ညနေမှပြန်ပါလို့ ပြောထားတယ်။ "