လမ်းလျှောက်ပြီး သွားနေရင်းမှ Libraryဘက်သို့ ချိုးကွေ့လိုက်သည့်အချိန်တွင် သူမနဲ့ မလှမ်းမကမ်းမှာ ကျောင်းသူဖွဲ့လေးတစ်ဖွဲ့ကလည်း သူမကဲ့သို့ပင်သွားနေသည်။ ထို့ကြောင့် သူမ ကျောင်းသူတွေနောက်ကပဲ အသာလိုက်နေရင်းမှ လူငယ်သဘာဝ ပွင့်လင်းစွာပြောဆိုနေကြသည်ကို နားစွင့်ထားမိသည်။
"Majorဆရာမကလည်း တအားပွားတာ။ စာပဲလိုက်ကြည့်နေတာကိုဟယ်...အတင်းရပ်ခိုင်းပြီး စာတွေမေးလိုမေးနဲ့ ငါ့မှာ တက္ကသိုလ်လား၊ မူကြိုတန်းလာကို မသဲကွဲတော့ဘူး"
"အဲ့တာပြောတာပေါ့။ တက္ကသိုလ်ရောက်ရင် စာမကြည့်ရဘူးလို့ ဘယ်သူများပြောခဲ့တယ်မသိဘူး..."
"အဲ့တာသိတော့ နင်က ဘာလုပ်မလို့တုန်း..."
"ပါးသွားရိုက်မို့ဟေ့။ မဟုတ်တာကို စကားလုပ်ပြောခဲ့တာလေ....သင်းကိုယုံပြီး တက္ကသိုလ်ရောက်လာတဲ့ငါ၊ အခုတွေးကြည့်စမ်း ကျက်လိုက်ရတဲ့စာ၊ ဖြေလိုက်ရတဲ့ tutorial...ဒါတင်ပဲလား ဆိုတော့လည်း မဟုတ်သေးဘူး၊ Presentationဆိုတာအတွက်ပါ ရှာလိုက်ဖွေလိုက်နဲ့၊ နားရတယ်ကို မရှိဘူး...."
"Presentationဆိုရင် ငါတို့ကတော်သေးတာနော်။ EMajorတွေဆို Stageပေါ် by oneတက်ပြောရတာတဲ့။"
"ပြောမှပဲ ငါတို့အခုလစ်လာတာ Englishစာအချိန်နော်။ အင်္ဂလိပ်က minorပေမယ့် အသေကျတာတဲ့။"
"တစ်ချိန်တစ်လေပဲဟာ မကျလောက်ပါဘူးဟ။ လာပါ....တစ်ခါတစ်လေလေး အတန်းလစ်တာကို။ စိတ်ပူမနေနဲ့...."
"ဟုတ်သားပဲဟာ။ လစ်မယ့်လစ်တော့ ပျော်ပျော်ကြီးလစ်ကြရအောင်ပါ။"
"အေး ဟုတ်တယ်။ လာ မြန်မြန်သွားကြမယ်...."
ကျောဘက်အခြမ်းကနေ မြင်နေရသည့် ကျောင်းသူလေးယောက်တို့၏ စကားဝိုင်းက သူမအတွက်တော့ အထွေအထူးလည်းမရှိပဲ ပြုံးနေရသည်။ သို့သော်လည်း သူမစိတ်ထဲ တစ်ခုခုကိုတွေးမိသည်။ ကျောင်းသူလေးယောက်မှာ သုံးယောက်ကပဲအသံထွက်နေသလားလို့.....
သိချင်စိတ်ဖြင့် ဂရုတစိုက်နားစွင့်နေရင်းမှ Philosophyဌာန၏ သုံးထပ်ဆောင်ရှေ့သို့ရောက်ပြီဖြစ်တာကြောင့် ဝင်ပေါက်ကနေ ပုံမှန်အတိုင်းပဲ ဝင်ဖြစ်တော့သည်။ စီးထားသည့် ထိပ်ရှူးheelက တမံသလင်းအခင်းပေါ် ခြေချထိမိတိုင်း အသံမြည်လို့နေသည်။ ဤသို့ ဒေါက် ဒေါက်သံဟာ သူမ၏ confident levelကို ပိုမြင့်စေသည်။