အခန်း(၁၂) (Uni & Zawgyi)

2K 131 2
                                    

                            (Uni)

ညနေခင်းအချိန်တွင်တော့ အောင်ပန်းစီးကြသည်။  အောင်ပန်းဆိုသည်မှာ ဂန္ဓမာပန်း (သို့)နှင်းဆီပန်းကို အောင်သပြေ နှင့် ဒန်းပန်းတို့ဖြင့်ရောနှောကာ အစည်းအသေးလေးများစီးခြင်းဖြစ်သည်။  အချိုရည်သောက်တဲ့ ပိုက်ရှည်များကို နှစ်လက်မအရှည်လောက်လေးတွေဖြတ်ကာ ထိုပိုက်လေးအတွင်းသို့  ဂန္ဓာမာ(သို့) နှင်းဆီ ၊အောင်သပြေနှင့် ဒန်းပန်းတို့ကို ကြည့်လှသည့် အရွယ်သေးသေး ပန်းစည်းလေးတွေဖြစ်အောင် ထိုးစိုက်ရခြင်းပင်။

အောင်ပန်းစီးရခြင်းမှာ မင်္ဂလာဆောင်မနက်ခင်းတွင် လာရောက်ကြသည့်ဧည့်သည်များအား ပေးရန်ဖြစ်သည်။ အောင်အတိတ် အောင်နမိတ်ရှိစေရန်သဘောပင်။ ဤသည်ကား တောရွာမင်္ဂလာပွဲများတွင်ပြုလုပ်လေ့ရှိသော ဓလေ့တစ်ခုပင်ဖြစ်သည်။  မင်္ဂလာဆောင်အိမ်ရှေ့တွင် အပျိုလေးများအား အောင်ပန်းစည်းများထည့်ထားသော ငွေဖလားများကို ကိုင်စေကာ မင်္ဂလာပွဲသို့လာသည့်သူတိုင်းကို  ဝေပေးစေသည်။

ချမ်းမြေ့တို့အဖွဲ့မှာ လုပ်ရလွယ်ကူသော အောင်ပန်းကိုသာ ကူစီးပေးနေကြသည်။ အချို့အမျိုးသမီးကြီးများကတော့ တင်တောင်းရန်အတွက်လိုအပ်သည့်  ကန်တော့ပွဲ ၊ ပန်းအိုး ၊ မင်္ဂလာခန်း၀င်ပစ္စည်းများနှင့် အခြား လိုအပ်သည်များကို  ပြင်ဆင်နေကြသည်။ လူလတ်ပိုင်းနှင့် အပျိုအရွယ်မိန်းကလေးတစ်ချို့ကတော့ဖြင့် မနက်တွင် ချက်ပြုတ်မည့် ဟင်းလျာများအတွက်အလုပ်ရှုပ်နေကြသည်။ ချဥ်ရည်ဟင်းအတွက် အသီးနှံများလှီးသူကလှီး ၊ ကြက်သွန်ခွာသူက ခွာဖြင့် သူအလုပ်နှင့်အတူမအားလပ်ပဲရှိနေကြသည်။

ချမ်းမြေ့မှာ အောင်ပန်းစီးရင်း မျက်လုံးများကို ကျီးကန်းတောင်းမှောက်လျှောက်ကြည့်နေမိသည်။ အကြောင်းမှာ ချစ်ရသူလေးအားလိုက်ရှာနေခြင်းပင်။  တစ်နေ့လုံး ချစ်ရသူနောက် တကောက်ကောက်၍ လိုအပ်သည်များကို ကူညီလိုက် စကားပြောလိုက်နဲ့ သာသာယာယာပင်။ ခုအောင်ပန်းစီးချိန်ရောက်မှ ချစ်ရသူသည် မည်သို့ပျောက်သွားသည်မသိ။ အရိပ်ယောင်လေးတောင်မမြင်ရပေ။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now