အခန်း(၁၆)(Uni & Zawgyi)

1.9K 125 2
                                    

(Uni)

မှိုင်းအုံ့ရီဝေနေသော ကောင်းကင်သည် အငြိုးကြီးစွာဖြင့် မိုးစက်ထောင်ပေါင်းများစွာအား ထုတ်လွှင့်လျှက်ရှိသည်။ မိုးစက်များသည်လည်း မိမိတို့အား နေခွင့်မပြုတော့သော အာကာပြင်မှ သူ့ထက်ငါ အပြိုင်ဖြင့် ပထဝီမြေကြီးပေါ်သို့သက်ဆင်းနေကြတော့သည်။ 'မိုးဖြူမစဲ တသဲသဲ' တဲ့။ သန့်စင်သော မိုးစက် မိုးပေါက်များမှာ အရှိန် အဟုန်ပြင်းပြစွာ ရွာချနေခြင်းဖြင့် စဲချင်ဟန်မရှိသည်ကို အသိပေးနေလေသည်။ မိုးပေါက်ကြီးကြီးများ ဖြစ်သည်ကြောင့်အိမ်ခေါင်မိုးနှင့် ရိုက်ခတ်မိတိုင်း တဖြောက် ဖြောက်နှင့် မြည်သံစွဲအလင်္ကာများစွာကို ကျယ်လောင်စွာ ထွက်ပေါ်နေစေတော့သည်။ သွပ်မိုးဖြစ်သည်ကြောင့်လည်း ပိုမြည်ခြင်းဖြစ်မည်။

မိုးများသည်းထန်စွာရွာနေသော ပတ်၀န်းကျင်အား ဝေ့ကြည့်ရင်း ချမ်းမြေ့စိတ်အစဥ်မှာလည်း ယခုရာသီဥတုလို မှိုင်းပြပြနှင့်ပင်။ အလိုမကျသည့်စိတ်နှင့် အသံထွက်ပင်ညီးညူမိသည်အထိ။

"ဟာကွာ...ဒီမိုးကမတိတ်တော့ဘူးလားဟ"

အိမ်တံခါးပေါက်အားကျောမှီရင်း စိတ်ပျက်စွာနှင့် အိမ်ရှေ့ကွင်းပြင်အား တစ်ချက်ကြည့်မိလိုက်သည်။ အချိန်ကြာမြင့်စွာ ရွာထားသောမိုးရေများမှာ အိမ်ရှေ့ကွင်းပြင်အား လွှမ်းမိုးထားလျှက်။ ချမ်းမြေ့အထင် ဒူးဆစ်လောက်ထိပင် မြှပ်နိုင်လောက်သည်အထိ ရေပမာဏမှာ များသည်။ ချမ်းမြေ့တို့ အဘိုးအိမ်မှာ ခြေတံ ရှည် နှစ်ထပ်အိမ်ဖြစ်သည်ကြောင့်သာ အိမ်ပေါ်သို့ရေမတက်ခြင်း ဖြစ်သည်။ ယခုမှ ချမ်းမြေ့သတိထားမိသည်။ထန်းပင်ကုန်းရွာ၏ အိမ်များအားလုံးမှာ ခြေတံရှည်များပင် ဖြစ်ကြသည်။ အိမ်၏ခြေတံမှာ ချမ်းမြေ့တို့အရပ်၏ ပေါင် လယ် လောက်ထိမြင့်ကြသည်။ ဤသည်ကြောင့် အိမ်ပေါ်သို့တက်ရန် လှေကားထစ်အသေးလေးများပါ တစ်ပါတည်းဆောက်လုပ်ထားကြသည်။ ယခုတော့ မိုးရေများကြောင့် လှေကား ထစ်တစ်၀က်လောက်မှာ မြှပ်နေပြီဖြစ်သည်။
အော်...အညာမိုးများ ကောင်းလိုက်ပါဘိ။

လေတစ်ချက်အဝေ့မှာ တိမ်းစောင်းသွားသော မိုးစက်များမှာ တံခါးနားရပ်နေသော ချမ်းမြေ့ကိုယ်ပေါ်သို့ စင်ကုန်ကာ အိမ်ကြမ်းပြင်တွင်လည်း ရေစက်တစ်ချို့တင်ကျန်နေခဲ့၏။ လေအေးနှင့် မိုးရေစက်​များကြောင့် တစ်ချက်အေးခနဲဖြစ်သွားပေမယ့် ချမ်းမြေ့မှာ ထိုနေရာ၌ပင် ပေတေ၍ရပ်နေတုန်းပင်။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now