အခန်း၄

20.9K 540 5
                                    

(unicode)

အိမ်ရှေ့အိမ်က ဘုန်းကြီးဆွမ်းကပ်ကို မနက်တည်းက ကြီးကြီးမြတ်နဲ့အတူ စိတ်ထားလည်းလာဝိုင်းလုပ်နေတာဖြစ်သည်။ ရက်ကွက်ထဲမှာအခင်ဆုံးအိမ်လည်ဖြစ်ကာ ကြီးကြီးမြတ်ရဲ့ သူငယ်ချင်းအိမ်လည်းဖြစ်လို့ အကုန်ပြီးစီးသွားပေမဲ့ လူကြီးတွေ စကားပြောနေတဲ့ နေရာမှာ စိတ်ထားလည်း ထိုင်နေလိုက်သည်။

''အို..''

စိတ်ထားရဲ့ တည့်တည့်က ထမင်းစားပွဲမှာ ထမင်းစားနေတဲ့ ချာတိတ်တစ်ယောက်။ဟိုနေ့က အိမ်ကို ငေးနေတဲ့သူမှန်း သိလိုက်သည်။ ဘေးနားမှာ ခဲတံလည်း ရှိနေတော့ သူရဲ့သူငယ်ချင်း ဖြစ်ဟန်တူသည်။ စိတ်ထားရဲ့ မျက်နှာလေးကို အကြည့်စူးစူးဖြင့် ခပ်ရဲရဲစိုက်ကြည့်နေသောကြောင့် သူမရဲ့ မျက်နှာလေးကို မနေတက်စွာဟိုဘက်လွဲလိုက်သည်။ အိမ်ထဲစဝင်လာကတည်းက သတိထားမိပါသည်။ စိတ်ထားထက် ငယ်ပုံပေါ်ပေမဲ့ မြင့်မားတဲ့အရပ်နဲ့ ထွားကြိုင်းတဲ့ ကိုယ်ခန္ဓာကြောင့် မသိရင် ရွယ်တူလို့ထင်ရသည်။

''ဟေ့ရောင်..အရမ်းမကြည့်နဲ့လေ၊ တော်ကြာလူကြီးတွေ ရိပ်မိမယ်....''

ခဲတံက ညဏ်ကို ခပ်တိုးတိုးသတိပေးလိုက်သည်။ ခဲတံက သတိပေးလိုက်ပေမဲ့ ညဏ်ကတော့ ဂရုမစိုက်စွာ စိုက်ကြည့်နေတုန်းဖြစ်သည်။

''အဟွန်း..မသိပါဘူးကွ ''

ပန်းသွေးရောင်နှစ်ထပ်ဇာ ဝမ်းဆက်လေးနဲ့ အလှကြီး လှနေသော အမျိုးသမီးလေးကို ကြည့်ပြီး ညဏ်သည် ပါးစပ်ထဲက ထမင်းအရသာနဲ့ဟင်းအရသာက ဘာမှန်းမသိအောင်အထိ စျာန်ဝင်နေရသည်။ ဆံပင်တွေကို တလွှာ ခပ်မြှင့်မြှင့်လေး စည်းထားပြီး နားထင်စပ်က ဆံစလေးတွေက ရှိန်းမြမြနဲ့မို့ အသည်းယားစရာ။သူစိုက်ကြည့်နေတာကို ရိပ်မိသွားလို့ထင်သည်၊ မျက်နှာနုနုလေးက တစ်ဖက်သို့လွဲထားပြီး ခပ်တည်တည်လေး လုပ်ထားသည်။

''ကြီးကြီးမြတ်... သမီးပြန်နှင့်တော့မယ် ''

စကားမပြတ်သေးတဲ့ ကြီးကြီးမြတ်ကို စိတ်ထားက အနားကပ်ပြောရင်း ပြန်ဖို့ပြင်သည်။လူကိုအနေရခက်အောင်အထိ ခပ်ရဲရဲ စိုက်ကြည့်နေတဲ့လူကြောင့် စိတ်ထားရဲ့ မျက်ခုံးလှလှလေးတွေကိုစုကျုံ့ရင်း အိမ်အပြင်ထွက်ခဲ့သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now