အပိုင်း(၇)

26.4K 2.4K 159
                                    

ဒီနေ့က သူတို့ စာမေးပွဲပြီးသည့်နေ့ဖြစ်သည်။
လပတ် စာမေးပွဲသာ ဖြစ်သည့်အတွက်ကြောင့်
တစ်ရက်ကို နှစ်ဘာသာ ဖြေရပြီး
ပုံမှန်ကျောင်းဆင်းချိန် ညနေ ၃ နာရီခွဲတွင်သာ
သူတို့ကျောင်းဆင်းလေ၏။

ပုံမှန်ဆို ယံသွန်းညိုရယ် ၊ ဘုန်းလျှံကွန်းခရယ် ၊
ဘုန်းဇေကောင်းဟန်ရယ်က အတူတူကျောင်းပြန်ကြသည်ဆိုပေမဲ့ ဒီနေ့ ကောင်းဟန်ရဲ့
အသင်းနေ့ဖြစ်တာကြောင့် ကောင်းဟန်က
ကျောင်းတွင် ကျန်ခဲ့လေသည်။

အစက ယံသွန်းညိုက ကောင်းဟန်ကို စောင့်ဖို့
တွေးပေမဲ့ ကွန်းခက သူတစ်ယောက်တည်း
ပြန်နှင့်တော့မည်ဖြစ်ကြောင်း ယံသွန်းညိုတို့ရဲ့ အတန်းကိုလာပြောသည့်အခါ ကွန်းခနောက်ကို
လိုက်ခဲ့ပြီး ကွန်းခနဲ့ အတူပြန်ဖို့
လုပ်ခဲ့ခြင်းဖြစ်သည်။

ဒီကလေး က သူ့ကို စိတ်ဆိုးနေသည်မဟုတ်လား။
မနေ့ကရော၊ ဒီနေ့ကရော သူ့ကို စကားမပြော ၊
သူ့ကို တစ်ချက်မကြည့်ဘဲ
တိတ်တိတ်ဆိတ်ဆိတ်နေနေတာကိုသူသ်ိသည်လေ။

မနေ့ညကတောင် သူတို့နဲ့အတူ စာကြည့်ခန်းကို
လာပြီး စာဆင်းမကျက်ဘဲ စိတ်ကောက်နေတဲ့
ကွန်းခကို အခွင့်သင့်တုန်း ယံသွန်းညိုချော့ရမည်။

~~ ~

"ကွန်းခ..."

"ကွန်းခ လို့"

"ဘုန်းလျှံကွန်းခ.."

သူခေါ်နေသည်ကို
မကြားချင်ဆောင်ပြီး မထူးဘဲ
အရှေ့ကနေ စက်ဘီးကို ခပ်မှန်မှန်
နင်းနေသော ဘုန်းလျှံကွန်းခ ရဲ့ ကျောပြင်ကို
ကြည့်ပြီးမှ ယံသွန်းညို မျက်နှာလေး
မကြည်မလင်ဖြစ်သွားသည်။

ကား၊ဆိုင်ကယ်ရှုပ်သည့်
လမ်းမကြီးပေါ်မဟုတ်တော့ဘဲ လူရှင်းသည့်
လမ်းကြားထဲ ရောက်ပြီဖြစ်၍ သူ့အသံကို မကြားဖို့
ဆိုတာလည်း မဖြစ်နိုင်။

ယံသွန်းညို က စက်ဘီးကို ခပ်သွက်သွက်နင်း၍
ဘုန်းလျှံကွန်းခ၏ စက်ဘီးကို ကျော်တက်ကာ
အရှေ့တွင် ပိတ်ရပ်ပစ်လိုက်သည်။

ထိုအခါမှ ကွန်းခက သူ့စက်ဘီးကို ဘရိတ်ဆွဲ၍
ရပ်လိုက်၏။

ယံသွန်းညိုရဲ့ မျက်နှာပေါ်က မျက်ခုံးလေးတွေက
တွန့်ချိုးနေသလို ကွန်းခရဲ့ မျက်နှာကလည်း
အရင်လို အပြုံးလက်လက်လေးတွေမရှိဘဲ
မျက်နှာတည်တည်လေးဖြင့်သာ
တစ်ဖက်ကို အကြည့်လွှဲထားလေ၏။

Beyond All Measures  (COMPLETED)Where stories live. Discover now