" အနန္တသိဒ္ဓိရှင်စနစ်
- မှော်နန်း
(၄)ကာယသုခဆေးတော်...
"တောက်ပတဲ့အလင်း၊ မှေးမှိန်တဲ့ရောင်ဝါ၊ စူးရှရှ ရောင်ခြည် "
ကြယ်ရောင်စုံက ထွန်းလင်းလျက်။ သို့သော်ကြယ်မဟုတ်။ တစ်ချို့ကမှေးမှိန်လွန်းသည်။ တစ်ချို့က တောက်ပလှသည်။ တစ်ချို့မှာ စူးရှလွန်းသောရောင်ဝါရှိသည်။
ထက်ဝဠာတွင် ခရမ်းရောင်အာကာပြင်ကိုနောက်ခံပြုလျက် ပွင့်ဖူးစရောင်စုံပန်းခင်းကြီးပမာ ဝင့်ထည်စွာတည်နေကြ၏။ ထိုအလှကို ပိတ်ကွယ်ထားမည့် တိမ်တောင်များလည်း မရှိပေ။
" ငါဘယ်ကို ရောက်လာပြန်ပြီလဲ "
မှော်သိင်္ခ သည် လက်စွပ်လေးကို နဖူးနှင့် ထိလိုက်သည်နှင့်တပြိုင်နက် ထိုလောကငယ်ထဲသို့ ရောက်လာခဲ့သည်။ သူ၏ ရုပ်ခန္ဓာ ကိုယ်တိုင်တော့မဟုတ်။ နာမ်ခန္ဓာ သာရောက်ရှိလာခြင်းဖြစ်သည်။ ခရမ်းရောင်အာကာပြင်နှင့် အရောင်သွေးစုံလင်သော ကြယ်ပန်းဥယျာဥ်ကြီးမှာ သူနှင့် ဝေးကွာလွန်းသော်လည်း နီးသယောင်ထင်ရသည်။
" နောက်တစ်ကမ္ဘာထပ်ကူးပြန်ပြီလားဟ၊ ကြယ်ရောင်စုံတောက်ပနေတဲ့ ဒီခရမ်းရောင်အာကာပြင်က ဘာကြီးလဲ"
ပတ်ဝန်းကျင်တစ်ခုလုံးတွင် တောတောင်မရှိ၊ မြေမဟီပထဝီသည်လည်းမရှိ။ သက်ရှိဟုဆိုလျှင် မှော်သိင်္ခသာရှိသည်။ ရပ်ရှစ်ခွင်တိုင်း ဘယ်သို့ကြည့်ကြည့် ဗလာနတ္ထိဖြစ်နေ၏ ။
စက္ခုနှစ်ကွင်း၏ အလင်းဓာတ် ဖြန့်ကျက်နိုင်သမျှ မျှော်ကြည့်သော်လည်း ခရမ်းရောင် မိုးကုတ်စက်ဝိုင်းကိုသာ အန္တိမတံတိုင်းပမာ မြင်နေရသည်။
" ဝှပ်သယ်ဖခ့်၊ ဒီဘာမရှိတဲ့နေရာကြီးထဲ ငါကဘယ်သွားပြီးဘယ်လာရမှာလဲ၊ ဘယ်လိုပြန်ထွက်ရမှာလဲ၊ သိမြင်မှုအဆင့်မှော်ပညာ ဆိုလို့ လျှာရှည်မိတာ ၊ လက်စွပ်ကပေးတဲ့ ဂျင်းမိပြန်ပြီထင်တယ် ၊ ဘာမှမတွေ့ဘူး..."
သူရပ်ထားသော အောက်ခြေမှာလည်း မဟာပထဝီမြေထုမဟုတ်ပေ။ ခြေတလှမ်း လှမ်းသည့်အခါတိုင်း ပင်လယ်ပြင်တွင် လမ်းလျှောက် နေသကဲ့သို့
လှိုင်းတံပိုးများအလိပ်လိပ် တွန့်ခွေလျက် ရှိသည်။ နင်းလျှောက်လျက်ရှိသော အောက်ခြေအလွှာမှာ ကြည်လင်လှသော ဖန်သားပြင်ကဲ့သို့ဖြစ်၏။ သူ၏ ရုပ်ပုံလွှာကို ပြန်မြင်နေရသည်။
![](https://img.wattpad.com/cover/333021082-288-k783750.jpg)