အနန္တသိဒ္ဓိ ရှင်စနစ်
#မှော်နန်း
(၁၄) ခွဲခွာခြင်းနှင့် စတင်ခြင်း
" လူမျိုးစုကိုနေရာချထား၍ လေ့ကျင့်ပေးပါ။ သင့်အတွက်ကျောထောက်နောက်ခံဖြစ်စေပါ"
စနစ်၏ အရန်တာဝန်ကို မှော်သိင်္ခသေချာစွာ ကြည့်၍ အတန်ကြာ စဥ်းစားဟန် ပြုနေသည်။
" အင်း... အားလုံးနေရာတကျစီစဥ်ပြီးရင်တော့...ငါ့ရဲ့ကျင့်ကြံရေးခရီးစတင်မှ ဖြစ်တော့မယ်...မဟုတ်ရင်..."
" မောင်တော် "
သူ၏ဘေးဘက်ရှိ စန္ဒာ့ခေါ်သံ ကြောင့် အတွေးလမ်းစကိုဖြတ်လိုက်ပြီး...
" ပြောပါစန္ဒာ... မောင်တော် နားစိုက်နေပါတယ်"
" နှမတော်သွားရတော့မယ် ၊ နှမတော်ပြောခဲ့တာတွေကိုသတိရပေးပါ၊ ကြိုးစားလေ့ကျင့်ပြီး မောင်တော် ပိုင်ဆိုင်ရမယ့်အရာတွေကို ပြန်လည်အရယူပါ၊ အများအကျိုးကိုလည်း သယ်ပိုးပါ ၊ နောက်ပြီး...နောက်ပြီး..."
ရှက်စနိုးဟန်ဖြင့် မျက်နှာကိုအတန်ငယ်လွှဲ၍ စန္ဒာသည် စကားကိုမဆက်သေး...
" နောက်ပြီး ဘာဖြစ်လို့လဲ စန္ဒာ..."
" အဟမ်း..."
ပါးမို့မို့ပါးအို့နီနီကလေးတွင် ရှက်သွေးအလိပ်လိပ်ဖြင့် မခို့တရို့ချောင်းဟန့်လိုက်ပြီး...
" နောက်ပြီး စန္ဒာ့ကို သတိရနေပေးပါ၊မမေ့သွားပါဘူးဆိုတဲ့ ကတိပေးပါ မောင်တော်..."
ဟုဆိုကာ ခေါင်းကလေးငုံ့၍ ပြုံးစစ။
" စိတ်ချပါ နှမ၊ မောင်တော့်ဘဝ ၊မောင်တော့်နှလုံးသား ၊ မောင်တော့်စိတ်နဲ့ခန္ဓာ ဟောဒီကစန္ဒာ့ဆီမှာ အပြီးတိုင်အပ်နှံထားလိုက်ပါပြီ၊ ပြီးတော့ မောင်တော်ရှေ့လျှောက်လဲအများကြီးကြိုးစားပါ့မယ်၊ တစ်နေ့ စန္ဒာ့ကိုမောင်တော်ဘဝထဲက ဘယ်သူမှဆွဲမထုတ်နိုင်အောင် အပြီးအပိုင်သိမ်းလို့ထားနိုင်အောင် ကြိုးစားမယ် ယုံပါ...."
" ယုံပါတယ်မောင်တော်ရယ် ၊ ယုံပါတယ်...၊ ယုံကြည်လွန်းလို့လဲ နှစ်သုံးရာကျော် စောင့်နေပြီးခဲ့ပြီပဲဟာ...၊ မောင်တော် ဒီအနန္တကမ္ဘာတစ်ရပ်ဝန်းလုံးမှာ ဂုဏ်သတင်းကျော်ဇောမှာကို စောင့်နေပါ့မယ်...၊ အမတ ကုန်းမြေကနေ နှမလေး လွမ်းရစ်နေပါ့မယ်..."