အပိုင်း (၂) [Unicode]

731 24 2
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - အီရန်
ဘာသာပြန်သူ - Penny

အပိုင်း ၂

အဲဒီနောက်မှာ ဖယ်ရိုမုန်းတွေ ပေါက်ကွဲသွားခဲ့တယ်။ ကျွန်မ ပင့်သက်ရှိုက်ပြီး ခပ်ပြင်းပြင်းလေး သူ့ဖယ်ရိုမုန်းတွေကို ရှူသွင်းလိုက်မိတယ်။ ဒါက ကျွန်မအတွက် နောက်ဆုံးအကြိမ်ပဲလေ။


ဒါက သူ့ပုံရိပ်ကို ကျွန်မမျက်ဝန်းတွေထဲမှာ ပုံနှိပ်ထားနိုင်မဲ့ နောက်ဆုံးအကြိမ်ပဲဆိုတာကို တွေးမိရင်း ကျွန်မမျက်လုံးတွေကို အဆုံးစွန်အထိ ဖွင့်ပြီး သူ့ကို စိုက်ကြည့်နေခဲ့တယ်။

တကယ်တမ်းတော့ ဒီလိုမျိုးရလဒ် ထွက်လာမယ်ဆိုတာကို အတိုင်းအတာတစ်ခုအထိ ကျွန်မ သိနေခဲ့ပါတယ်။ ကျွန်မဘက်က ဖြတ်လို့ရနိုင်မဲ့ အမှတ်အသားမျိုးမဟုတ်တော့ သူကနေ အရင် စဖြတ်ဖို့ ကျွန်မ မျှော်လင့်ကောင်း မျှော်လင့်မိခဲ့လိမ့်မယ်။

သူ့ကို တောင့်တနေဆဲဖြစ်တဲ့ ကျွန်မရဲ့ အိုမီဂါဗီဇလိုမျိုး မဟုတ်ဘဲ ကျွန်မနှလုံးသားကတော့ တစ်စစီ ကြေမွသွားခဲ့ပါပြီ။ နာကျင်လွန်းလို့ မူလပုံရင်းကိုတောင် ပြန်မမြင်နိုင်တော့တဲ့အထိပါပဲ။

ကျွန်မအမေရဲ့ ချစ်ခင်ယုယမှုတွေ၊ အကာအကွယ်ပေးမှုတွေကြောင့် ကျွန်မဆီဦးတည်လာတဲ့ အထင်သေးမှုတွေ၊ စော်ကားမော်ကားပြောမှုတွေ၊ လှောင်ပြောင်မှုတွေကို မွေးကတည်းက ခံစားလာခဲ့ရတာတော့ မဟုတ်ပါဘူး။ ကျွန်မမှာ အဖေရှိတယ်ဆိုတဲ့အကြောင်း သိရပြီးမှသာပါ။

ကျွန်မက မျိုးရိုးမြင့် အထက်တန်းလွှာအိမ်တော်က သူတို့တွေပြောကြတဲ့ တရားမဝင်သမီးပါ။ ကျွန်မအမေကတော့ အယ်(လ်)ဖာတစ်ယောက်ရဲ့ အတင်းအကျပ် အမှတ်အသားပေးမှုကို ခံခဲ့ရတဲ့ အိုမီဂါတစ်ယောက်ပေါ့။

ကျွန်မအမေရဲ့သွေးကို ဆက်ခံခဲ့ရတယ်ဆိုပေမဲ့ ကျွန်မက မျိုးရိုးငုပ်အိုမီဂါတစ်ယောက်အနေနဲ့ သန္ဓေတည်လာခဲ့ပြီး ကျွန်မအဖေရဲ့ ချစ်ခြင်းကိုလည်း မရရှိခဲ့ပါဘူး။

ကျွန်မဟာ မိသားစုဆီကနေတောင် အမှန်အကန် အသိအမှတ်ပြုခြင်း မခံခဲ့ရပါဘူး။

ကျွန်မရဲ့ အိမ်ထောင်ရေးကလည်း အတူတူပါပဲ။ ကျွန်မအမေ အရမ်းစိုးရိမ်နေခဲ့သလိုပါပဲ - ကျွန်မက သူ့လမ်းကြောင်းကို တစ်သဝေမတိမ်း လိုက်ခဲ့တာပေါ့။

"မင်းအခု ကျေနပ်သွားပြီလား"

ကျွန်မ အတွေးတွေထဲမှာ မျောနေတုန်း သူ့ရဲ့ သရော်သံက ကျွန်မကို ပြန်ဆွဲထုတ်လာတယ်။ မျက်လုံးတွေ တုန်ယင်စွာနဲ့ အီရန်ကို ကျွန်မ ကြည့်လိုက်တယ်။

တစ်ခုခုကို အလိုမကျနေသလိုမျိုး သူ့မျက်လုံးတွေက တွန့််ခေါက်နေတယ်။ ဗီဇတွေ ထုတ်ပြတတ်တဲ့ အယ်(လ်)ဖာတွေ၊ အိုမီဂါတွေကို သူ အမုန်းဆုံးပဲလေ။

ခုနတုန်းက ကျွန်မ ထုတ်ပြလိုက်သလိုမျိုးပေါ့။

ကွာရှင်းစာချုပ်ကို နောက်ထပ်တစ်ခေါက် ပြန်စစ်ပြီးတော့ စာအိတ်ထဲကို သူ ထည့်လိုက်တယ်။ ပြီးတော့ သူ စကားပြောလာတယ်။

သူနဲ့ကျွန်မအကြား မျဉ်းတစ်ကြောင်းရေးဆွဲလိုက်သလိုမျိုး အရမ်းကို ယဉ်ယဉ်ကျေးကျေးနဲ့ပါပဲ။

" မင်းရဲ့ ကွာရှင်းခကို ဘဏ်အကောင့်တစ်ခုထဲမှာ ထည့်ထားပေးမယ်။ မင်း ဒီစာရွက်ကို ကြည့်ရင် ပမာဏကို အတည်ပြုလို့ရမယ်။ ဒါက မလုံလောက်ဘူးလို့ မင်းတွေးမိရင် အိမ်တော်ထိန်းကို ပြောလိုက်။ သူ လုပ်ပေးလိမ့်မယ်။ "

ဒီလိုပြောလိုက်တာနဲ့ သူဘာကိုဆိုလိုတာလဲဆိုတာကို ကျွန်မ ကောင်းကောင်းသိလိုက်တယ်။ ကျွန်မကို မိသားစုဝင်တစ်ယောက်လို သူ့ဇနီးတစ်ယောက်လို နောက်ထပ် သူ ဆက်ဆံမှာမဟုတ်တော့ဘူး။

သူက တခြားသူတွေကိုဆိုရင် တလေးတစားနဲ့ ဆက်ဆံလေ့ရှိတယ်။ ဒါပေမဲ့ အဲဒါက သူ့အတွက်တော့ အလေးမထားဘူးဆိုတဲ့ သဘောပါပဲ။

" မင်းနေရာကို တတ်နိုင်သမျှမြန်မြန် ဖယ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဪ မင်း ဝယ်ထားတဲ့ အဝတ်အစားတွေနဲ့ လက်ဝတ်တန်ဆာတွေက ကွာရှင်းခထဲမှာ ပါပြီးသား။ အဲဒီတော့ မင်း အဲဒါတွေကို ယူသွားလို့ရတယ်။ "

သူပြောနေတဲ့ စကားတွေအပေါ် ကျွန်မ အာရုံမထားနိုင်ခဲ့ဘူး။ သူပြောချင်တဲ့ အချက်ကတော့ နောက်ထပ် သူ ကိုယ်တိုင် ရှေ့ထွက်လာမှာ မဟုတ်တော့ဘူး ဆိုတာပါပဲ။

ဒါက ကျွန်မတို့ရဲ့ နောက်ဆုံးအခိုက်အတန့်လေးပါပဲ။

"... ကျွန်မ-ကျွန်မ ဒီယာ့ကို သွားကြည့်လို့ ရနိုင်မလား "

ကျွန်မ ကလေးကို နှုတ်ဆက်သွားချင်တယ်။ နေ့တိုင်းလို့ အဓိပ္ပာယ်ရတဲ့ ဒီယာ့စ်ရဲ့ နာမည်ပြောင်ကို ကျွန်မ ခေါ်လိုက်တော့ အီရန်ရဲ့မျက်နှာက ပုံမှန်ထက်ပိုပြီး အေးစက်သွားတယ်။

" ငါ မင်းပြောတာတွေကို ထပ်ပြီး နားထောင်တော့မှာ မဟုတ်တော့ဘူး။ သနားစရာကောင်းတဲ့ပုံတွေ လုပ်နေတာကို ရပ်ပြီး ငါ့အိမ်တော်ထဲကနေ အခုချက်ချင်း ထွက်သွားလိုက်တော့။ "

ထပ်ပြီးနာကျင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးထားတဲ့ ကျွန်မနှလုံးသားက သူ့ရဲ့ ခိုင်မာတဲ့ အမိန့်အောက်မှာ တစ်ခါထပ်ပြီး ကွဲကြေသွားခဲ့ရပါတယ်။

ကျွန်မ အသက်တွေ မရှူနိုင်တော့ဘူး။ မျက်ရည်တွေ ကျွန်မမျက်လုံးထဲမှာ ဝဲလာတယ်။

ဒါပေမဲ့လည်း ကျွန်မကိုယ်ကျွန်မ ရွှေ့ဖို့ အားပြုလိုက်တယ်။ ကျွန်မ ဆွဲအထုတ်မခံချင်ဘူးလေ။

သူ့ဖယ်ရိုမုန်းတွေရှိနေတဲ့ ရုံးခန်းထဲကနေ ထွက်လာတော့ ကျွန်မခြေထောက်တွေ လဲကျသွားတယ်။ ဟောထဲမှာ အလုပ်သမားတွေ အများကြီး ဖြတ်သွားနေကြတာတောင် သူတို့တွေက ကျွန်မကို အိမ်တော်ရဲ့ သခင်မလို့ မမြင်ကြပါဘူး။

သူတို့မြင်တာ မှန်ပါတယ်။ အလုပ်သမားတွေက သူတို့ အသုံးတော်ခံရမဲ့သူကို မှန်မှန်ကန်ကန် သိကြပါတယ်။

ကျွန်မဘဝက အလိုလိုမှ ဆိုးဝါးတယ်ဆိုပေမဲ့ ဒီနေ့လောက်ထိ တစ်ခါမှ မဆိုးဝါးဖူးပါဘူး။

ဒီနေ့လောက်လည်း တစ်ခါမှ မနာကျင်ဖူးပါဘူး။

နှလုံးသား ထုတ်ချင်းပေါက်သွားသလိုမျိုး ဆိုးဝါးတဲ့ ဆုံးရှုံးမှုကို ဒါ ကျွန်မ ပထမဆုံး ခံစားဖူးတာပါ။

ဆုံးရှုံးမှုနဲ့ ဗလာနတ္ထိဖြစ်သွားတဲ့ ခံစားချက်တွေထဲမှာ ကျွန်မ ခက်ထန်တဲ့ အသက်ရှူသွင်းမှုတစ်ချက် ယူလိုက်တယ်။ ဒါက ကျွန်မအမေ သေသွားတုန်းကထက် ပိုဆိုးပါတယ်။

နွေဦးမှာ စခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဆောင်းတွင်းမှာပဲ အဆုံးသတ်ခဲ့ပါတယ်။

အရင်တုန်းကထက် ပိုအေးတဲ့ ဆောင်းအလယ်မှာ ရပ်နေရင်း သူ့ရုံးတံခါးတစ်ဖက်မှာ ရှိနေတဲ့ ပြတင်းပေါက်ဆီကို ကျွန်မ စိုက်ကြည့်လိုက်တယ်။ မှန်သားအကြည်တပ်ထားတဲ့ ပြတင်းပေါက်ကနေတစ်ဆင့် နှင်းတွေကျနေတာကို ကျွန်မ မြင်လိုက်ရတယ်။

ကျွန်မလုပ်နိုင်တာဆိုလို့ ကျွန်မခံစားချက်တွေကို ဖိနှိပ်ထားရုံပါပဲ။

ဘာလို့လဲဆိုတော့ ကျွန်မက အိုမီဂါဖြစ်နေလို့ပါ။

အယ်(လ်)ဖာတစ်ယောက်အပေါ် တစ်ဖက်သတ် အမှတ်အသားပေးမိတဲ့ အိုမီဂါ။ သူ အမှတ်အသားပေးထားတဲ့ အယ်(လ်)ဖာရဲ့ စွန့််ပစ်ခြင်းကို ခံရတဲ့ အိုမီဂါ။

မျိုးရိုးမြင့်အထက်တန်းလွှာတောင် မဟုတ်တဲ့ အိုမီဂါ။

ကမ္ဘာကြီးက ကျွန်မအပေါ် အထင်သေးစရာ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ ငိုကြွေးနေမဲ့အစား ကျွန်မ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တယ်။ ကျွန်မသာ ပြင်ဆင်မထားမိရင် ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကျွန်မ မသိဘူး။

အသက်ရှူသွင်းရင်း ကျနေတဲ့နှင်းတွေကို ကျွန်မ အဆုံးမရှိ ကြည့်နေခဲ့တယ်။

အပြင်မှာကျနေတဲ့နှင်းတွေက ကျွန်မဆီရောက်လာစရာ အကြောင်းမရှိပေမဲ့ ကျွန်မလက်ဖျားတွေ အေးစက်လာတယ်။ အေးစက်နေတဲ့ ကျွန်မလက်တွေကို မြှောက်လိုက်ပြီး ဆံပင်တွေနဲ့ ဖုံးနေတဲ့ လည်ပင်းက အမာရွတ်ကို ပတ်လိုက်တယ်။ လုပ်နေကျအတိုင်း အမာရွတ်ကို ထိပြီး ကျွန်မခြေထောက်မှာ အားတွေမွေးရင်း ထလိုက်တယ်။

အချိန်အကြာကြီးနေထိုင်သွားရင်း ဒီယာနဲ့ ပြန်တွေ့နိုင်မဲ့ တစ်နေ့ကို အားနွဲ့စွာနဲ့ ကျွန်မ အိပ်မက်မက်လိုက်တယ်။ ကျွန်မလုပ်နိုင်တာဆိုလို့ ကလေးအတွက် ရှင်သန်သွားရုံပါပဲ။
.
.
.

#၀၁- တရားမဝင်ကလေးတစ်ယောက် ဘယ်လိုမျိုး အဆက်ဆံခံရပုံ

အဲရိစ်အင်ပါယာဟာ လူတန်းစားအလွှာတွေ ခွဲခြားဖွဲ့စည်းပြီး တည်ဆောက်ထားတဲ့ အသိုင်းအဝိုင်းတစ်ခုပါ။ အမြင့်ဆုံးလူတန်းစားကတော့ တော်ဝင်မိသားစု ဖြစ်ပြီး သူ့နောက်မှာ အထက်တန်းလွှာ မျိုးရိုးမြင့်သူတွေ ရှိပါတယ်။ သူတို့အောက်မှာတော့ သာမန်လူတန်းစားတွေနဲ့ ကျွန်တွေ ရှိပါတယ်။

ခြုံကြည့်ရင် အဲဒီလိုမျိုး ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်ကြည့်ရင်တော့ အတန်းစားအလွှာတစ်ခုချင်းမှာ ထပ်ပြီး ခွဲထားပါသေးတယ်။ အထက်တန်းလွှာ မျိုးရိုးမြင့်တွေထဲမှာဆိုရင် - မဟာ တိုင်းမင်း၊ တိုင်းမင်း ၊ မဟာ နယ်စားမင်း၊ နယ်စားမင်း၊ ရွာစားမင်း ။ ပြီးတော့ သာမန်လူတန်းစားတွေထဲမှာဆိုရင် -- သာမန် ပြည်သူတွေနဲ့ လူလွတ်လို့ ခေါ်တဲ့သူတွေ။

ထပ်ပြီးတော့ လူတွေကို ဒီလိုမျိုး ခွဲလို့ရပါသေးတယ်။

ယောကျ်ား နဲ့ မိန်းမ။ ပြီးတော့ အယ်(လ်)ဖာ၊ ဘီတာ နဲ့ အိုမီဂါ။

ဟိုးအရင်တုန်းကတော့ အယ်(လ်)ဖာ နဲ့ အိုမီဂါ ဦးရေက ဘီတာတွေနဲ့ အချိုးညီတယ်လို့ ပြောကြပေမဲ့ အခုတော့ ဘီတာတွေ လွန်လွန်မင်းမင်း များပြားလာပါတယ်။ သူ့နောက်ကတော့ အယ်(လ်)ဖာဦးရေပါ။

အိုမီဂါဦးရေက လိင်သုံးမျိုးထဲမှာ အနည်းဆုံးဆိုပေမဲ့ အနိမ့်ဆုံးဆက်ဆံခံရတာကလည်း သူတို့ပါပဲ။

သူတို့က 'အရှက်မရှိကြဘူး' လို့ စဉ်းစားခံထားရလို့များလား။

"မိတ်လိုက်ချိန်" သူတို့ရဲ့ ဗီဇကို အဆုံးစွန်ထိလှုံ့ဆော်တဲ့ အိုမီဂါတွေမှာပဲရှိတဲ့ ဇီဝစည်းဝါး။

တိရစ္ဆာန်တွေ မျိုးပွားတဲ့အခါ တွေ့ကြုံရတဲ့ မိတ်ရာသီလိုမျိုး အိုမီဂါတစ်ယောက်ရဲ့ "မိတ်လိုက်ချိန်" ကလည်း အယ်(လ်)ဖာတွေနဲ့ ပေါင်းစည်းဖို့ကို ညှို့ယူပါတယ်။ ဒါက အချိန်အပိုင်းအခြားတစ်ခုအကြာတိုင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါက အိုမီဂါတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အယ်(လ်)ဖာတွေမှာလည်း " မြိုင်လိုက်ချိန်" ဆိုတာ ရှိပါတယ်။

အဲဒါက အိုမီဂါတွေရဲ့ "မိတ်လိုက်ချိန်" နဲ့ တူပါတယ်။ အဲဒီအချိန်ဆိုရင် အယ်(လ်)ဖာတွေကလည်း အိုမီဂါတွေလိုမျိုး မျိုးပွားဖို့ ဗီဇလှုံ့ဆော်မှုအောက်မှာ လောင်မြိုက်ခံရပါတယ်။


ဘီတာတွေက အယ်(လ်)ဖာတွေကို အိုမီဂါတွေလိုမျိုး မဖယ်ကျဉ်တဲ့ အကြောင်းအရင်းက တစ်ခုတည်းပါပဲ...အယ်(လ်)ဖာတွေက အိုမီဂါတွေထက် ပိုပြီး သားရိုင်းဆန်တတ်ကြပေမဲ့လို့လည်းပေါ့။

ဘာလို့လဲဆိုတော့ အယ်(လ်)ဖာတွေက ဘီတာတွေထက် သာလွန်နေကြလို့ပါပဲ။

အိုမီဂါတွေမှာ အယ်(လ်)ဖာတွေကို ပိုပြီးမွေးဖွားပေးနိုင်တယ်ဆိုတဲ့ လက္ခဏာအပြင် ပိုပြီး ထူးခြားတာ မရှိပေမဲ့ အယ်(လ်)ဖာတွေကတော့ နယ်ပယ်အများအပြားမှာ ထူးထူးခြားခြားကို အရည်အချင်းရှိတတ်ကြပါတယ်။

ပထမဆုံးအနေနဲ့ အယ်(လ်)ဖာတွေကို ကာယအားယှဉ်နိုင်တဲ့ ဘီတာဆိုတာ မရှိပါဘူး။ အိုမီဂါဆိုတာတော့ ဝေးရောပေါ့။

ကာယအားသက်သက်နဲ့တင်တော့ အယ်(လ်)ဖာတွေအပေါ် ဖော်ဖော်ရွေရွေ ဆက်ဆံစရာ မလိုပါဘူး။ သူတို့ရဲ့ ဉာဏ်ရည်ကလည်း သာလွန်တဲ့အပြင် တိုင်းပြည်အပေါ် တာဝန်ထမ်းနေတဲ့ ရာထူးမြင့် အရာရှိအများစုကလည်း အယ်(လ်)ဖာတွေပါပဲ။




ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now