အပိုင်း (၄) Unicode

89 3 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - အီရွန်
ဘာသာပြန်သူ - Penny

အပိုင်း - ၄

အဖေက အမေ့ကို ကြည့်တဲ့အကြည့်မျိုးကို ကြိုက်လို့‌တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့နောက်ကလူတွေကြည့်တဲ့ ပေါ်တင်အထင်သေးတဲ့ အကြည့်တွေထက်စာရင်တော့ အဲဒီလိုမျိုးက ပို‌ကောင်းမယ်ဆိုတာကို မသိစိတ်က သိနေတယ်။

"သူ့နာမည်က မယ်လစ်ဆာ တဲ့။ သမီးက ဘီတာလေ။"

တုန်ရီနေတဲ့ သူ့အသံကို ဖုံးကွယ်ပြီး အမေ ပြန်ဖြေလိုက်တယ်။ ကျွန်မတို့ ဒီမလာခင် အမေ ထပ်ခါထပ်ခါ ပြောခဲ့တဲ့ စကားတွေကို ပြန်မှတ်မိရင်း ကျွန်မခေါင်းကို ငုံ့ထားလိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ် အဖေ"

ကျွန်မ နှုတ်ဆက်လိုက်တဲ့အခါ အဖေ့မျက်ခုံးတွေ ထောင်တက်သွားတယ်။ ဒါပေမဲ့ ကျွန်မနှုတ်ဆက်စကားတွေကို သူ မငြင်းဘူး။

နောက်မှာရပ်နေတဲ့သူတွေ ဆူညံလာတယ်။ သူ့လုပ်ရပ်က မဟာနယ်စားမင်းက ဒီတရားမဝင်သမီးကို အသိအမှတ်ပြုလိုက်တယ်လို့ အဓိပ္ပာယ်ရတယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။

ပြီးတော့ ဒီတရားမဝင်သမီး ဘယ်လိုအဆက်ဆံမျိုးခံရမယ်ဆိုတာကိုရော ပြောလိုက်တာပဲ။

လူအတန်းအစားတွေထဲမှာ အနိမ့်ဆုံးဖြစ်နေတဲ့ အိုမီဂါ ဖြစ်နေတာအတွက် ကျွန်မ စိုးရိမ်စရာမလိုခဲ့ဘူး။ ဘာလို့လဲဆိုတော့ နယ်စားမင်းနယ်မှာ ကျွန်မ သိခဲ့ရတာက ကျွန်မက အိုမီဂါထက်ပိုဆိုးတဲ့ ဘဝမျိုးမှာ နေဖြစ်နိုင်သေးတယ် ဆိုတာကိုပဲ။

ကျွန်မက မိသားစုအနွယ်စာရင်းတောင် မရှိတဲ့ သာမန်ပြည်သူတစ်ယောက်ပါ။ တရားဝင်ဇနီး၊ ဒုတိယဇနီးတောင်မဟုတ်ဘဲ မယားငယ်တစ်ယောက်သာဖြစ်နေတဲ့ ကျွန်မအမေရဲ့ သမီး။

ဒီလိုသာမန်လူတစ်ယောက်က ခံ့ညားတဲ့ နယ်စားမင်းနယ်ထဲမှာ နေမိသွားတယ်ဆိုတဲ့အချက်က ပျော်စရာတော့ မဟုတ်ပါဘူး။

အမေက အဲဒါကို ကြိုသိခဲ့တယ်။ ဒါကြောင့်မို့လည်း ကျွန်မကို ကာကွယ်ဖို့အတွက် ကျွန်မက မျိုးရိုးငုပ်နေတဲ့ အိုမီဂါဆိုတဲ့အကြောင်းကို မှော်ပညာတွေနဲ့ ဖုံးထားခဲ့တာပေါ့။

သူလုပ်ဖို့ကြိုးစားနေတာက ဒါပဲဖြစ်မှာပါ။

အင်း ပြန်တွေးကြည့်တော့ ဒါပါပဲ။

အမေ့ကျေးဇူးကြောင့် "အိုမီဂါပါ" ဆိုတဲ့ ခေါင်းစီးကို ကျွန်မ ငယ်ငယ်လေးနဲ့ မတပ်ခဲ့ရပါဘူး။

"တရားမဝင်သမီးပါ"ဆိုတဲ့ ခေါင်းစီးတပ်ခံရတာကိုတော့ ကျွန်မလည်း ဘယ်လိုမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဘီတာလို ဟန်ဆောင်ရင်း လူတွေကြားထဲမှာ နေနိုင်ခဲ့တယ်။ 

အဲဒီနောက်မှာ ကျွန်မ အရမ်းလှတဲ့ အယ်(လ်)ဖာတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။

မျိုးရိုးမြင့်အထက်တန်းလွှာတွေထဲမှာတောင်မှ တခြားသူတွေထက် အဆများစွာ ခံ့ညားထည်ဝါနေပြီး သာလွန်နေတဲ့ သူ့ကို ဘုမသိ ဘမသိ ရရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မ ရွေးချယ်စရာမရှိဘဲ အိုမီဂါအဖြစ်နဲ့ နေခဲ့ရတယ်။

ဘုရားသခင်ခင်းပေးထားတဲ့ လမ်းလိုပါပဲ။ လမ်းက ဆူးခင်းလမ်းဖြစ်နေရင်တောင်မှ ကျွန်မမှာ ရွေးချယ်စရာမရှိဘူး။ ကြိုခင်းထားတဲ့အတိုင်း လျှောက်ရမှာပဲ။

ဒါက ကျွန်မဆန္ဒ မဟုတ်ပါဘူး။ အဲဒီအတိုင်းကို ဖြစ်နေတာပါ။

***

ရို့စ်ဝုဒ် အိမ်တော် (မဟာနယ်စားမင်းအိမ်တော်)ဟာ သမိုင်းအစဉ်အလာကြီးမားတဲ့ မိသားစုမျိုးနွယ်တစ်ခုပါ။ အိမ်တော်ရဲ့ အရှင်သခင် အက်ဒ်ဝင် ကလည်း အင်ပါယာမင်းကြီး ယုံကြည်ရတဲ့ သူရဲကောင်းခေါင်းဆောင်တစ်ယောက် ဖြစ်တာကြောင့် အသိုင်းအဝိုင်းနယ်ပယ်ထဲမှာ သူ့ရဲ့ လွှမ်းမိုးမှုက ကြီးမားပါတယ်။


ဒါကြောင့်မို့လို့ သူ အိမ်တော်ကို မပြန်ဖြစ်တဲ့ရက်တွေက ခဏခဏပါပဲ။ အဲဒီလိုရက်တွေဆိုရင် အဖေက အမေ့ကို အပြင်ခေါ်သွားတတ်တယ်။

အဲဒီအခါဆိုရင် သားသတ်ရုံကို ခေါ်သွားခံရတဲ့ သားကောင်တစ်ကောင်လို မျက်နှာတွေ ဖြူဖျော့သွားရင်း အမေ ဝတ်စုံတစ်ခုကို ရွေးရတော့တာပဲ။ အဲဒီမြင်ကွင်းကို ဘေးမှာ ကြည့်နေရင်းနဲ့ ကျွန်မမှာ မေးခွန်းတစ်ခု ရှိလာတယ်။

အဲဒါက သူ တကယ့်ကို မကြိုက်တဲ့အရာလား။သူ မကြိုက်ဘူးဆိုရင် သူ မသွားသင့်ဘူးပေါ့။ အဖေခေါ်လိုက်တိုင်း ဘာလို့ အမေက သွားစရာလိုတာလဲ။ ကျွန်မကတော့ အမေ့ကို ကျွန်မနဲ့အတူတူပဲ ကစားစေချင်တယ်။

အမေနဲ့ ကျွန်မနဲ့ အတူမရှိတဲ့အခါ ကျွန်မ တစ်ယောက်တည်းပဲနေရတယ်။ အိမ်တော်ကြီးထဲကို လျှောက်သွားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ကျွန်မလုပ်နိုင်တာဆိုလို့ အခန်းထဲမှာ တစ်ယောက်တည်း ကစားချင်ရင်ကစား၊ မဟုတ်ရင် ကျွန်မရှေ့မှာ ရှိနေတဲ့ ဥယျာဉ်လေးကို လှမ်းကြည့်ရင်ကြည့်။

အိမ်နဲ့ နည်းနည်းဝေးရာကို သွားလို့ရမရကိုလည်း ကျွန်မ မသိဘူး။ ဒါပေမဲ့ အမေက ကျွန်မကို အမြဲတမ်း ထပ်ခါထပ်ခါ ပြောလေ့ရှိတာကတော့

" မယ် သမီး ပျင်းတယ်ဆိုတာနဲ့ပဲ အပြင်ကို လျှောက်မသွားရဘူးနော်။ အိမ်တော်က အရမ်းကြီးတယ်။ အဲဒါကြောင့် သမီး လမ်းပျောက်သွားနိုင်တယ်။"

အဲဒီအချိန်တုန်းက အမေ့စကားကို တိုက်ရိုက်ပဲ အဓိပ္ပာယ်ကောက်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မ ကောင်းကောင်းကြီး သဘောပေါက်သွားပြီ။ ဘာလို့ အမေက အဲဒီလိုမျိုး ပြောခဲ့ရတာလဲ။

အကြောင်းကတော့ ကျွန်မက အိမ်တော်အတွင်းမှာ လွတ်လွတ်လပ်လပ် လျှောက်သွားလို့မရလို့ပါပဲ...

အမေ အဖေလွှတ်လိုက်တဲ့ ရထားလုံးနဲ့အတူ အပြင်ထွက်သွားတယ်။ ကျွန်မနေနေတဲ့အခန်းထဲက အပြင်ဘက်ကိုမျက်နှာမူထားတဲ့ ပြတင်းပေါက်ဘေးမှာ ထိုင်ရင်း တစ်ယောက်တည်း စာအုပ်ဖတ်နေခဲ့တယ်။

ပြတင်းပေါက်ကနေ နေရောင်တွေ အခန်းထဲကို ဖြာကျနေတဲ့ပုံကို သဘောကျလို့ ဒီပြတင်းပေါက်ကို ကျွန်မ ကြိုက်တယ်။ ဒါပေမဲ့ ဒီကနေ အပြင်ကို ကောင်းကောင်းမြင်ရတယ်ဆိုတဲ့ အချက်ကိုတော့ အကြိုက်ဆုံးပါပဲ။

အပြင်ထွက်ခွင့် မရပေမဲ့လည်း အထဲကနေ လှမ်းမြင်နေရတဲ့ အပြင်က မြင်ကွင်းတွေကိုတော့ လွတ်မသွားချင်ဘူး။ နှစ်ထပ်တိုက်ပေါ်ကနေ မြင်ရသမျှ မြင်ကွင်းအားလုံးကို ကျွန်မ မလွတ်တမ်း ကြည့်ခဲ့တယ်။

ရောင်စုံပန်းတွေနဲ့ ပြည့်နေတဲ့ ဥယျာဉ်လေးက သေးတယ်ဆိုပေမဲ့ ရာသီလေးခုအတောအတွင်းမှာတော့ ကြည့်စရာတွေက များပါတယ်။ သေချာဂရုစိုက်ထားတဲ့ ဥယျာဉ်လေး၊ သက်သောင့်သက်သာနဲ့ နေလို့ထိုင်လို့ကောင်းတဲ့ ဘေးအိမ်လေး၊ ဒါတွေက အမေ့အတွက် ရည်ရွယ်ပြီးလုပ်ပေးထားသလိုပဲ။

ကျွန်မ အိမ်ထဲမှာ ရှိနေတဲ့အခါ အမေ့လက်တွေထဲမှာ ထွေးပိုက်ခံရသလိုမျိုး ခံစားရတာကြောင့် ဒီအိမ်လေးထဲမှာ ကျွန်မ ကောင်းကောင်းနေနိုင်ခဲ့တယ်။

ဥယျာဉ်ကို ခဏလေး လှမ်းကြည့်အပြီး စာအုပ်ဘက်ကို မျက်နှာပြန်လွှဲလိုက်တဲ့အခါမှာ အပြင်ဘက်ကနေ ရယ်သံတွေကို ကျွန်မ ကြားလိုက်တယ်။ ပုံမှန်ဆိုရင် လေတိုးသံပဲ ကျွန်မ ကြားမိနေကျပါ။

ကျွန်မနဲ့ ရွယ်တူလောက်ရှိတဲ့သူတွေဆီကထွက်တဲ့ ရယ်သံလိုမျိုးမို့ ကျွန်မ သတိထားမိသွားတယ်။ ကျွန်မ စာအုပ်ကို ပြန်ချလိုက်ပြီး ပြတင်းပေါက်ရှေ့ တိုးကြည့်လိုက်တယ်။

အဲဒီအခါမှာ ထိုင်နေရင်းနဲ့ ကျွန်မ မမြင်နိုင်တဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။

အိမ်နဲ့ သိပ်မဝေးတဲ့ အကွာတစ်ခုမှာ ရေပြင်တစ်ခု ရှိနေပါတယ်။ အရမ်းကြီးကြီးမားမားကြီးတော့လည်း မဟုတ်ပါဘူး။ ရေကန်သေးသေးလေးပါ။ ဒါက အိမ်နဲ့ သိပ်မဝေးတာကို ဘာလို့ ကျွန်မ အခုမှ ရှာတွေ့ရတာလဲဆိုတာကို ကျွန်မလည်း နားမလည်ဘူး။

အင်းလေ ကျွန်မက အရှေ့က ဥယျာဉ်ထဲပဲ လျှောက်သွားဖူးတာဆိုတော့ အဲဒါကို သိနိုင်စရာ အကြောင်း မရှိဘူးပေါ့။

ကန်ထဲမှာ အဖြူရောင်လှေကလေးတစ်စင်း ရှိနေပြီး လှေထဲမှာ ကလေးသုံးယောက် ထိုင်နေကြတယ်။

လှေပုံလေးက အရမ်းချစ်ဖို့ကောင်းလွန်းတာကြောင့် ကျွန်မမျက်လုံးက လှေဆီကနေ မခွာနိုင်ဘူး။ လှေသမားတစ်ယောက်က ငန်းပုံံစံလုပ်ထားတဲ့ လှေကလေးကို ခေါက်တုံ့ခေါက်ပြန် လှော်ခတ်နေပြီး ကလေးသုံးယောက်ကတော့ အလယ်ခေါင်မှာ ထိုင်နေကြတယ်။ သူတို့တွေက စားပွဲပေါ်မှာ တစ်ခုခုကို တင်နေကြတာကိုပဲ အာရုံစိုက်နေကြတယ်။

"ဟင်း..."

သူတို့ကိုကြည့်ရင်း ကျွန်မ သက်ပြင်းချလိုက်တယ်။ ဘယ်သူတွေလဲဆိုတာကို မှန်းကြည့်စရာတောင် မလိုဘူး။ အဖေနဲ့ ဆံပင်အရောင်တူတဲ့ နှစ်ယောက်ကို ချက်ချင်း ဘယ်သူမှန်း သိလိုက်တယ်။

ကျွန်မ သေချာ မိတ်မဆက်ရသေးတဲ့ ကျွန်မအစ်ကိုရဲ့ ကလေးတွေ။

တိုတိုပြောရရင် ကျွန်မ တူ နဲ့ တူမ ပေါ့။

"ဒါပေမဲ့ ဆံပင်အနက်နဲ့ ကောင်လေးက ဘယ်သူလဲ"

တခြားနှစ်ယောက်ရဲ့ ငွေရောင်ဆံပင်တွေနဲ့ မတူဘဲ အဲဒီကောင်လေးရဲ့ အနက်ရောင်ဆံပင်တွေက နေရောင်အောက်မှာ တစ်ချက်တစ်ချက်  အပြာရိပ်သန်းသွားရင်း ပေါ်လွင်နေတယ်။ ပထမတစ်ခေါက်ကြည့်လိုက်ရင် အရမ်း အရမ်းကို ရင့်တဲ့ အပြာရင့်ရောင်လိုမျိုးနဲ့ ခပ်ဆင်ဆင်ပဲ။

အေးစက်နေတဲ့ ဖန်သားပြင်နဲ့ ပါးနဲ့ ကပ်မိတာတောင် သတိမထားမိဘဲ ပြတင်းပေါက်ကို ကပ်တွယ်ပြီး သူတို့သုံးယောက်ကို ကျွန်မ စိုက်ကြည့်ခဲ့တယ်။ ဒီကိုရောက်လာပြီး ကောင်းကောင်းနေ ကောင်းကောင်းစား နေခဲ့ပေမဲ့ ပထမဆုံးအကြိမ် တစ်ခုခုကို အရမ်းတပ်မက်တာမျိုး စိတ်ထဲမှာ ဖြစ်လာခဲ့တယ်။

"ငါလည်း နင်တို့နဲ့ အတူတူ ကစားချင်လိုက်တာ..."

တောထဲမှာပဲ နေခဲ့တဲ့အချိန်တုန်းက ပျင်းတယ်ဆိုတာမျိုးကို ကျွန်မ မသိခဲ့ဘူး။ ဥတုလေးခုအတွင်း သဘာဝတရားကြီး ပြောင်းလဲသွားတာကို ကြည့်ရင်း၊ အမေကလည်း ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့တော့ ကျွန်မမှာ အထီးကျန်ဖို့အချိန်ဆိုတာ မရှိခဲ့ဘူး။

ဒီမှာက တောထဲမှာထက် လူတွေ ပိုများတယ်ဆိုပေမဲ့ ကျွန်မအတွက် ပိုပျင်းစရာကောင်းပြီး ပိုပြီးတော့လည်း အထီးကျန်တယ်။

ဒါကြောင့်မို့ ပုံမှန်ဆို မလုပ်ဖြစ်မဲ့အရာမျိုးကို ကျွန်မ လုပ်ခဲ့တယ်။ ကျွန်မက အမေ့စကားဆို တစ်သဝေမတိမ်း လိုက်နာနေကျပါ။

ဒါပေမဲ့ အဲဒီနေ့မှာတော့ ကျွန်မသဘောနဲ့ကျွန်မ အခန်းထဲကနေ ထွက်လာခဲ့တယ်။

Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Unde poveștirile trăiesc. Descoperă acum