အပိုင်း (၁၀) Unicode

171 5 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - 핑크림
ဘာသာပြန်သူ - Penny

အပိုင်း - ၁၀

"အမှန်ပဲ။ မင်းက မိသားစုမျိုးနွယ်စာရင်းထဲမှာတောင် မပါတဲ့ တရားမဝင်ကလေးပဲ။"

စကားလုံးတွေက အေးစက်လွန်းလို့ ကျွန်မတစ်ကိုယ်လုံးဆီကိုပါ အအေးတွေ ကူးသွားသလိုပဲ။ ဒါပေမဲ့ ကျွန်မ သူ့ကို မော့မကြည့်ခဲ့ဘူး။

အဖေရော အမေပါ မရှိတော့တဲ့ ကျွန်မလို မိဘမဲ့တစ်ယောက်အတွက် နယ်ရဲ့ခေါင်းဆောင်ကို အတိုက်အခံလုပ်တာက အနိုင်ကျင့်ခံရတာကလွဲလို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။

မိုနီကာ စိတ်တိုတာတွေ၊ အနိုင်ကျင့်တာတွေက ဒါနဲ့စာရင် ဘာမှမပြောပလောက်ဘူး။ အစေခံတွေ၊ ရံရွေတော်တွေဆီက ကြားခဲ့ရတဲ့ တရားမဝင်ကလေးတစ်ယောက် ဘယ်လို အဆက်ဆံခံရတယ်ဆိုတာက ထင်ထားတာထက်ကို ဆိုးပါတယ်။ အိုမီဂါတွေကို အထင်သေးတဲ့အကြောင်းကိုလည်း သူတို့ဆီကနေ ကျွန်မ သိခဲ့ရတာပဲ။

အီရန်က ကျွန်မ အိုမီဂါမှန်း သိတယ်ဆိုတဲ့ အချက်က အလိုလိုနေရင်း ကျွန်မ အာခေါင်တွေကို ခြောက်သွေ့သွားစေတယ်။

အဲဒါကြောင့်မို့လို့ သူ ဒီကိစ္စကို စမပြောခင်မှာ ကျွန်မ အရင်ပြောဖို့ ကြိုးစားလိုက်တယ်။

"တစ်ဆိတ်လောက်ပါ...မဟာနယ်စားမင်း။ ကျွန်မမှာ မဟာနယ်စားမင်းကို ပြောစရာရှိပါတယ်။ "

"အတင့်ရဲလိုက်တာ"

အသံ အနိမ့် အမြင့် မပါတဲ့ စကားလုံးတွေအောက်မှာ ကျွန်မပခုံးတွေ မထိန်းနိုင်ဘဲ တုန်ယင်နေခဲ့တယ်။ ခုနကတည်းက အေးနေတဲ့ အအေးက ပိုပြီး အေးစက်လာတယ်။

" ငါ မင်းကို ခေါ်လိုက်တာက ငါ့မှာ မင်းကို ပြောစရာ ရှိနေလို့။ အဲဒီတော့ မင်း မင်းအစ်ကိုပြောတာကို အရင် နားထောင်သင့်တယ် မဟုတ်ဘူးလား။"

သူ့ရဲ့အသံက အရမ်း အေးစက်နေတယ်။ သူ့ဘက်ကနေ ဒီလို ပြေပြေလည်လည် ပြောလာပေမဲ့ ကျွန်မနှလုံးသားကတော့ ထူးဆန်းစွာ ခုန်မြည်နေခဲ့တယ်။

"...ဟုတ်ကဲ့ပါ မဟာနယ်စားမင်း"

" ငါ မင်းအတွက် အချိန်အကြာကြီး စိုးရိမ်ပူပန်နေခဲ့တာ။ ပြီးတော့ ကိုယ့်အဖေရဲ့ နာရေးကိုတောင် မတက်နိုင်တဲ့ မင်းကို ဘာလုပ်ပေးရမှာပါလိမ့်ဆိုပြီးတော့လည်း စိုးရိမ်ခဲ့တယ်။"

"....."

ကျွန်မ ကျိန်ဆိုကျိန်ရဲပါတယ်။ တစ်ခါမှ အစ်ကိုနဲ့ ဒီလိုမျိုး အကြာကြီး စကားမပြောဖူးဘူး။

" ဒါကြောင့်မို့လို့ ငါ မင်းကို မိသားစုမျိုးနွယ်စာရင်းထဲ ထည့်ပေးမယ်။ အဖေက မလုပ်ဘူးဆိုပေမဲ့ မင်းအစ်ကို ငါကတော့ လုပ်မယ်။"

သူ့စကားကိုကြားတော့ ကျွန်မ ခေါင်းမော့သွားတယ်။ ဒါက ကျွန်မ တစ်ခါမှ မတွေးမိတဲ့ အကြောင်းအရာပဲ။

အဲဒါကြောင့် ကျွန်မ မျက်နှာအမူအရာကို မထိန်းနိုင်ခဲ့ဘူး။ ဒါကို ကြိုက်လို့လား။

ဟင့်အင်း ကျွန်မ ဒါကို မလိုချင်လို့။

ကျွန်မ အသည်းအသန် မျှော်လင့်တောင့်တပြီး မိသားစုတစ်ခုကို လိုချင်တဲ့အချိန်တစ်ခု ရှိတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အမေ ဆုံးပြီးတဲ့နောက်မှာ ကျွန်မရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဒီကနေ ထွက်သွားပြီး တစ်ယောက်တည်းပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။

အီရန်ကြောင့်မို့လို့ စဉ်းစားတာ ခဏ ရပ်သွားပေမဲ့ အမေ့ရဲ့နာရေးမှာ ချလိုက်တဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲမသွားဘူး။

"ကျွန်မ ကျေးဇူးတင်လို့တောင် မလောက်ပါဘူး..."

အစ်ကို့ရဲ့အမူအရာက ချက်ချင်း မနှစ်မြို့တဲ့ပုံစံကို ပြောင်းသွားတယ်။ ကျွန်မအမူအရာကနေ ကျွန်မရဲ့ အတွေးတွေကိုပါ မြင်မိသွားတာထင်ပါတယ်။

"ဟင့်အင်း အဲဒီလို မဟုတ်ပါဘူး..."

"မင်းကို စားရေး၊ နေရေး စိုးရိမ်ကြောင့်ကြမှုမရှိ ထားထားတဲ့ အိမ်တော်ရဲ့ ကျေးဇူးကို ပြန်မဆပ်ဘဲနဲ့ အိမ်တော်ကနေ ဒီအတိုင်း ထွက်သွားလို့ ရမယ်လို့များ မင်း တွေးရဲသလား။"

အစ်ကို့စကားတွေက ကျွန်မခေါင်းနောက်ကို ဆောင့်ပြီး ရိုက်လိုက်သလိုပဲ။ ကျွန်မသာ အိမ်တော်ကနေ ထွက်သွားမယ်လို့ ပြောရင် သူတို့တွေ သဘောကျမယ်လို့ ကျွန်မ ထင်ထားတာ။ ကျွန်မ ဒီမှာ ရှိနေလို့ သဘောကျတဲ့သူရော ရှိများ ရှိလို့လား။

ဒါကြောင့်မို့လို့ ကျွန်မသာ ပျောက်ကွယ်သွားမယ်ဆိုရင် သူတို့တွေ အရမ်း သဘောကျမှာပဲလို့ ကျွန်မ တွေးမိထားတာလေ။

ဒါပေမဲ့ ဘယ်လို။

"အခု မင်းက ငါတို့မိသားစုဝင် ဖြစ်သွားပြီဆိုတော့ မိသားစုအတွက် ဘယ်လိုပေးဆပ်ရမလဲ ဆိုတာကိုလည်း မင်း သိသင့်တယ်။

"...အစ်ကို ဘာကို ပြောချင်တာလဲ။"

ကျွန်မနှလုံးက ဗုံတစ်လုံးလို တဒုံးဒုံးနဲ့ ခုန်လာတယ်။ အီရန့်စကားတွေ ကျွန်မစိတ်ထဲ ပြန်မြင်ယောင်လာတယ်။

" မင်းက တရားမဝင်ကလေးတစ်ယောက် ဖြစ်နေရင်တောင် မင်းကိုပဲ ဇနီးတော်ချင်တဲ့သူ ရှိတယ်။"

ကျေးဇူးပြုပြီး မဟုတ်ပါနဲ့။

အီရန် မှားပြောတာပဲ ဖြစ်ရမယ်။

အစ်ကို့နှုတ်ခမ်းတွေက လှောင်ရယ်သလိုမျိုး ပြုံးသွားတယ်။ ကျွန်မကို သရော်နေသလိုမျိုး ပြုံးနေတဲ့ အစ်ကို့မျက်နှာကို ကြည့်ရင်း ကျွန်မ နှုတ်ခမ်းတွေ ဟသွားမိတယ်။

"...ဘယ်သူလဲ။"

" မင်း သူ့ကို အိမ်တော်မှာ တစ်ခါတော့ တွေ့ဖူးတယ် ထင်တယ်။ တိုင်းမင်း ပစ်မန်းက မင်းကို သဘောကျတယ်တဲ့။ "

တစ်နေ့ မိုနီကာ ကျွန်မကို ခေါ်တော့ ကျွန်မ ပင်မအိမ်တော်ထဲကို အလျင်စလိုနဲ့ ဝင်သွားတယ်။ အဲဒီတုန်းက ပုံမှန်တွေ့နေကျ အလုပ်သမားတွေကို မတွေ့လို့ ထူးဆန်းတယ်လို့ ကျွန်မစိတ်ထဲ တွေးမိတယ်။ ဟောလမ်းမှာ သူစိမ်းတစ်ယောက်နဲ့ ကျွန်မ တိုးမိတယ်။

အဖေ့ထက် အသက်ကြီးတဲ့ သတ်လတ်ပိုင်းလူကြီးတစ်ယောက်က ကျွန်မကို မရိုးသားတဲ့အကြည့်တွေနဲ့ တစ်ခဏ စိုက်ကြည့်နေတယ်။

သူ့အကြည့်တွေကို မနှစ်မြို့လွန်းလို့ သူခေါ်နေတာကို မကြားသယောင်နဲ့ ကျွန်မ ပြေးထွက်လာခဲ့တယ်။

နောက်ကျမှ ကျွန်မ သိရတယ်။ အိမ်တော်ကို အထူးဧည့်သည်တစ်ယောက် ရောက်လာတာတဲ့။ အဲဒီဧည့်သည်ကတော့ တခြားသူမဟုတ်ပါဘူး။ တိုင်းမင်း ပစ်မန်းပဲ။

အဲဒီအကြောင်းကို ပြောပြတဲ့ အစေခံက တခြားမလိုအပ်တဲ့ ထူးထူးခြားခြား အဖြစ်အပျက်တွေကိုလည်း ထည့်ပြောတယ်။ တိုင်းမင်းရဲ့ ပထမဇနီးဆုံးသွားတော့ တိုင်းမင်းက ဒုတိယဇနီး ထပ်ယူတယ်တဲ့။ ဒုတိယဇနီးလည်း မကြာဘူး။ ဆုံးသွားတာပါပဲတဲ့။ အဲဒီအခါ လူတွေက စပြီး သံသယဝင်လာကြတယ်တဲ့။ သူတို့တွေပြောတာတော့ ဇနီးနှစ်ယောက်စလုံးက တိုင်းမင်းနှိပ်စက်လို့ သေသွားကြတာတဲ့။

ဒါပေမဲ့ ကျွန်မကို တိုင်းမင်းရဲ့ ဇနီးအသစ်ဖြစ်ဖို့ တောင်းဆိုတယ်တဲ့လား။ မဟာနယ်စားမင်းအိမ်တော်ရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့တဲ့လား။

ကျွန်မမှတ်ဉာဏ်တွေထဲမှာ ဒီမိသားစုဝင်တွေရဲ့ လျစ်လျူရှုမှုကို ခံရတဲ့မှတ်ဉာဏ်တွေပဲ ရှိတယ်။ အဲဒီတော့ သူတို့က ဘယ်ကျေးဇူးကို ပြန်ဆပ်ဖို့ ခိုင်းနေတာလဲ။ ကျွန်မသာ ဒီကို ရောက်မလာခဲ့ရင် အမေ့ကိုလည်း ဆုံးရှုံးစရာအကြောင်းမရှိဘူး။

ကျွန်မဆီမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ဒေါသတွေ၊ အာဃာတတွေ ရုတ်တရက် မီးလို ထတောက်လာတယ်။ မမြင်ရတဲ့ လက်တစ်ဖက်က ကျွန်မလည်ပင်းကို ညှစ်ထားသလိုမျိုး ကျွန်မ အသက်ရှူလို့ မရတော့ဘူး။

အမေချန်ခဲ့တဲ့ လည်ကပ်ကြောင့် အရမ်း မွန်းကျပ်လာတယ်။ အမေ့ရဲ့ အမှတ်အသားဖြစ်တာကြောင့် ကျွန်မခန္ဓာကိုယ်ကနေ ဘယ်တော့မှ ဖယ်ပစ်ဖို့ စိတ်ကူးမရှိခဲ့တဲ့ ဒီအရာလေးက ထူးဆန်းတဲ့ ခံစားချက်တစ်ခုနဲ့ ကျွန်မကို ဖမ်းဆုပ်ထားနေသလိုပဲ။

ကျွန်မ ဂုတ်ကို လက်တွေ ကတုန်ကယင်နဲ့ ထိလိုက်တယ်။ အီရန်ပြောခဲ့တာတွေကို ကျွန်မ သတိရမိတယ်။

အဲဒီနောက်မှာ ကျွန်မ အစ်ကိုနဲ့ ဘယ်လို စကားဆက်ပြောပြီး အဆုံးသတ်ခဲ့တာလဲ ဆိုတာကိုတောင် ကျွန်မ မမှတ်မိဘူး။

အီရန့်စကားတွေပဲ ကျွန်မ နားထဲမှာ ကြားယောင်နေတယ်။

"...ငါ ဘယ်လို လုပ်သင့်တာလဲ။"

သူချန်ခဲ့တဲ့ စကားတွေက အသေးစိတ်မဟုတ်တော့ ကျွန်မ ဘာလုပ်ရမှန်းလည်း မသိဘူး။ ကျွန်မ သူ့ဆီကိုလည်း တစ်ခါမှ စာမရေးဖူးဘူး။ မဟာနယ်စားမင်းအိမ်တော်ကနေ အပြင်ကိုလည်း တစ်ခါမှ မထွက်ဖူးဘူး။

ရုတ်တရက် ကျွန်မ သတိထားမိသွားတယ်။

မဟာနယ်စားမင်းနယ်ကို ရောက်ကတည်းက ကျွန်မ အပြင်ကို တစ်ခါမှ မထွက်ဖူးဘူးပဲ။ ကျွန်မ လိုအပ်တာအားလုံးကို အမေက တာဝန်ယူပေးထားတယ်။ မနက်ခင်း မျက်လုံးပွင့်တဲ့အချိန်ကနေစပြီး ဘယ်အချိန် ဘယ်အခါ ခေါ်မယ်မှန်း မသိတဲ့ မိုနီကာ့အခေါ်ကို ပြန်ဖြေဖို့ ကျွန်မ ဘေးအိမ်လေးမှာပဲ တစ်နေကုန် ရှိနေခဲ့တယ်။

ကျယ်ဝန်းလှတဲ့ မဟာနယ်စားမင်းနယ်ကြောင့် ကျွန်မ အကျဉ်းချခံရတယ်လို့ မခံစားရဘူး။ မိုနီကာက ဥယျာဉ်တစ်ခုခုမှာ ရှိနေတယ်ဆိုရင် ကျွန်မ အဲဒီဥယျာဉ်ကို သွားဖို့နဲ့တင် ချွေးပြန်လာတယ်။ ဒါကြောင့်မို့လို့ ဒီအိမ်တော်က ကျွန်မအတွက်တော့ ရွာတစ်ခုလိုပဲ။

ဒါပေမဲ့ အခု အမေလည်း ဒီမှာ မရှိတော့ဘူး။

ကျွန်မကို တစ်ခါမှ စကားမပြောတဲ့ အဖေလည်း ဆုံးသွားပြီ။

ဒါကြောင့်မို့လို့ အပြင်လောကနဲ့ ထိတွေ့မှုမရှိဘဲ အိမ်တော်ထဲမှာပဲ တစ်သီးတစ်သန့်ဖြစ်နေတဲ့ ကျွန်မကို အစ်ကို့အမိန့်နဲ့ တိုင်းမင်းဆီကို ခေါ်သွားဖို့ဆိုတာက အရမ်းလွယ်ကူတယ်။ ကျွန်မအတွက်တော့ မဟာနယ်စားမင်းအိမ်တော်ကနေ တိုင်းမင်းအိမ်တော်ကို ပြောင်းသွားရုံပဲ ရှိမယ်။ အဲဒီကနေ ထွက်လို့ရမှာ မဟုတ်သလို ကျွန်မရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုလည်း လွန်ခဲ့တဲ့ဆယ်နှစ်လိုမျိုး ဆက်နေရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။

ဒါကြောင့် ခက်ထန်တဲ့စကားတွေ ပြောပြီး ပျောက်သွားတဲ့ အီရန်ကို အားကိုးရုံကလွဲပြီး ကျွန်မမှာ ရွေးချယ်စရာမရှိဘူးဆိုတာကို သဘောပေါက်မိတယ်။

Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now