အပိုင်း (၆) Unicode

62 4 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - အီရွန်
ဘာသာပြန်သူ - Penny

အပိုင်း - ၆

အလယ်ကစကားလုံးက စိမ်းကားလွန်းအားကြီးတယ်။ တရားမဝင်ကလေးဆိုတာ ဘာကိုပြောတာလဲဆိုတာတော့ ကျွန်မ သေချာမသိဘူး။ ဒါပေမဲ့ အဲဒီစကားလုံးရဲ့ အကျိုးဆက်ကိုတော့ ကျွန်မ ကောင်းကောင်းကြီး သတိထားမိတယ်။

မိုနီကာ့စကားကြောင့် ဘေးမှာရပ်နေတဲ့ အလုပ်သမားတွေအားလုံး ကျွန်မကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။

လမ်းဘေးမှာ လွှင့်ပစ်ထားတဲ့ အမှိုက်တစ်စလို ညစ်ပတ်နေလို့ ကျွန်မအနားကို မကပ်ချင်ကြတဲ့ပုံလိုမျိုး။

အဲဒီအကြည့်တွေရဲ့ အားက ကျွန်မထင်ထားတာထက် ပိုပြင်းတယ်။ စကားတစ်လုံးမှ မပြောဘဲနဲ့ သူတို့တွေ ကျွန်မကို ဘယ်လိုထင်ကြလဲဆိုတာကို ကျွန်မ ခံစားလိုက်ရတယ်။

အဲဒါကြောင့်မို့ ကျွန်မ လှုပ်တောင်မလှုပ်နိုင်ဘူး။

ကျွန်မ အခု ပြန်ချင်တယ်လို့ ပြောရင်တောင် ကျွန်မစကားကို ဘယ်သူမှ နားထောင်ကြမှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းမိတယ်။

အဲဒီနောက်မှာ သက်တော်စောင့်တစ်ယောက် ကျွန်မကို ချဉ်းကပ်လာတယ်။ တရိုတသေနဲ့ သူ့လက် ဆန့်ထုတ်ပြီး ကျွန်မကို ငန်းဖြူလှေဆီ လမ်းညွှန်တယ်။

ကျွန်မ လှေပေါ် တစ်ယောက်တည်း တက်စီးခဲ့တယ်။ ကန်ဘေးမှာ ထိုင်နေတဲ့ မိုနီကာ့ကို နားမလည်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

"အန်တီ အဲဒီတုတ်ချောင်းအရှည်က လှော်တက်လေ။ အန်တီ့ဘာသာ လှော်ပြီး ကန်ကို လျှောက်ကြည့်ပေါ့။"

သူတို့တွေ စီးတုန်းကလို မဟုတ်ဘဲ ကျွန်မအလှည့်ကျ လှေပေါ်မှာ ကျွန်မတစ်ယောက်တည်းပဲ ရှိတယ်။ အခြေအနေကို နားမလည်လို့ ကျွန်မပါးစပ်တွေ အဟောင်းသား ပွင့်သွားတယ်။ ဒီလိုအခြေအနေမှာ ကျွန်မ တောင်းပန်သင့်တယ်လို့ ခံစားမိလာရတယ်။ ဒါပေမဲ့ တစ်ယောက်က လှေကို ခြေထောက်နဲ့ တွန်းပစ်လိုက်တယ်။

"အာ..."

လှေက ကန်စပ်နဲ့ ကွာသွားတဲ့အချိန်မှာ ကျွန်မ စိတ်တွေလှုပ်ရှားလာတယ်။ တောထဲမှာနေခဲ့တုန်းက ကျွန်မ တောင်ကြားထဲကို သွားကစားလေ့ရှိတယ်။ ဒါပေမဲ့ အနက်ထဲထိရောက်အောင် မသွားခဲ့ဖူးဘူး။

ဘာလို့လဲဆိုတော့ အမေက ကျွန်မကို အကြိမ်ပေါင်းမရေတွက်နိုင်လောက်တဲ့အထိ မှာထားတယ်။ တောင်ကြားထဲမှာ ရေက ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လောက်အထိမြင့်လာနိုင်တယ်ဆိုတာကို မသိနိုင်ဘူးတဲ့။ သူက ကျွန်မကို ရေကျချိန်က အရမ်းအန္တရာယ်ကြီးကြောင်း ပြောထားတယ်။ ဒါကြောင့်မို့လို့ မိုးလေး နည်းနည်းကျရင်တောင် တောင်ကြားထဲကနေ ထွက်လာရမယ်တဲ့။

ဒါက ကျွန်မ အမြဲ အပြင်သွားတိုင်း အမေမှာလေ့ရှိတဲ့အရာဆိုတော့ ရေနဲ့ ပတ်သက်ရင် ကျွန်မ အမြဲ ဂရုစိုက်တယ်။

အခု ကျွန်မ ရေကန်အလယ်မှာ တစ်ယောက်တည်း ဖြစ်နေတော့ ကြောက်လာမိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်မကို ကူညီမှာ မဟုတ်ဘူးဆိုတာကို သိနေတယ်။

ကျွန်မ လှော်တက်ကို ကိုင်ဖို့ ကြိုးစားလိုက်တယ်။ လှော်တက်က လှေနဲ့ အသေတပ်ထားပြီး အပေါ်ကို မြောက်နေတယ်။ ဒါပေမဲ့ ကျွန်မအရွယ်က လူကြီးတစ်ယောက်ခါးလောက်ပဲ ရှိတော့ ဒီလိုလှော်တက်လက်ကိုင်ကို မမီဘူး။

တစ်ခေါက် နှစ်ခေါက်လောက် စမ်းကြည့်ပြီးတဲ့နောက် နှုတ်ခမ်းတွေကိုက်ရင်း ကျွန်မ ခုန်ချလိုက်တယ်။ ဖမ်းမိနိုင်မယ်ထင်လို့ အားအကုန်သုံးပြီး အပေါ်မြောက်နေတဲ့ လှော်တက်လက်ကိုင်ကို ခုန်ဖမ်းလိုက်တယ်။

မိုနီကာ ရယ်ပြီး လက်ခုပ်တီးလိုက်တဲ့ အချိန်တိုင်း ကျွန်မပါးတွေ မီးနဲ့ထိသလို နီရဲသွားတယ်။

မိုနီကာက ကျွန်မကို လှောင်ရယ်နေမှန်း သိပေမဲ့လည်း ကျွန်မ အကူအညီတောင်းလို့ရတဲ့သူက တစ်ယောက်မှ ရှိမနေဘူး။


ကျွန်မသာ ကိုယ့်ဘာသာ မလှော်နိုင်ရင် နေဝင်သွားတဲ့အထိ ရေကန်ထဲမှာပဲ ရှိနေမိမှာကို ကြောက်မိတယ်။

ညက ကြောက်ဖို့ကောင်းတယ်။

တောထဲမှာ မှောင်တယ်ဆိုတာ မှောင်ရုံသက်သက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အမှောင်ထဲမှာ ဘာရှိနေနိုင်မှန်း မသိရလို့ပဲ။ ကျွန်မအတွက်တော့ အမှောင်က အကြောက်တရားပဲ။

"အင့်"

အောက်နှုတ်ခမ်းတွေကိုက်လိုက်ပြီး ကျွန်မ အားကုန်သုံးပြီး ခုန်လိုက်တယ်။ ကျွန်မဝတ်ထားတဲ့ ပန်းရောင်ဂါဝန်လေးက လေထဲမှာ ဝဲသွားတယ်။ ပိတ်စက ပါးတော့ ကျွန်မဖိနပ်က အလှတပ်ထားတဲ့အရာလေးတွေနဲ့ ငြိသွားတယ်။

ကျွန်မ ခြေထောက်ခေါက်သွားပြီး လက်က လှော်တက်ဖမ်းဖို့ မြှောက်လျက်သား ပုံစံနဲ့ တစ်ကိုယ်လုံး ရေထဲကျသွားတယ်။

ဗွမ်း-

ရေထဲမကျခင် ကျသွားတဲ့ အသံကို ကြားလိုက်ရတယ်။ မကြာခင်ပဲ ကျွန်မနားထဲ ရေတွေဝင်လာပြီး ဘာအသံမှ မကြားရတော့ဘူး။

ဒီဂါဝန်နဲ့ ရေထဲကျသွားတာ တော်တော်ဆိုးပါတယ်။ ရေစိုနေတဲ့ဂါဝန်က ကျွန်မခြေထောက်ကို ချုပ်ထားပြီး ကျွန်မ ရေကူးလို့ မရခဲ့ဘူး။

တစ်နည်းနည်းနဲ့ ရေပေါ်ကို ပြန်ရောက်ချင်ပေမဲ့လည်း ကျွန်မခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ရေအောက်ထဲ ဆက်တိုက် ကျသွားတယ်။ ကျွန်မ အသက်ရှူတာ ရပ်သွားတယ်။ နှလုံးက သေမှာကို ကြောက်ပြီး မြန်ဆန်စွာ ခုန်နေခဲ့တယ်။

ကြည်နေတဲ့ ရေပြင်ကို ဖြတ်ပြီး မြင်နေရတဲ့ လူရိပ်တွေကတော့ တုတ်တုတ်တောင် မလှုပ်ကြဘူး။ "နင်သေသွားမယ်ဆိုရင်တောင် ငါ လာကယ်မှာ မဟုတ်ဘူး" လို့ ပြောနေသလိုမျိုးပဲ။ အားလုံးက ရပ်နေကြတယ်။

ကျွန်မ ကြောက်မိတယ်။ အမြဲတမ်း ရိုးအခဲ့တဲ့ ကျွန်မ လူတွေက ကြောက်ဖို့ ကောင်းမှန်း ပထမဆုံးအကြိမ် သတိထားမိတယ်။ ရေနစ်လို့ နာကျင်ရတာမျိုးထက် အမည်မသိတဲ့ နာကျင်မှုနဲ့ စိတ်သောက က ကျွန်မခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတယ်။

ဘယ်သူကမှ ကျွန်မကို ကူညီမှာ မဟုတ်ဘူး။ ပြဿနာတစ်ခုရှိတိုင်း အမေတစ်ယောက်ပဲ ကျွန်မဆီ အမြဲပြေးလာ‌တယ်။ အခုတော့ အမေလည်း ဘေးမှာ ရှိမနေဘူး။

မွန်းကျပ်မှုတွေရဲ့ အလယ်မှာ တစ်ယောက်တည်းရှိနေရတဲ့ အကြောက်တရားမျိုးက ကျွန်မ တစ်ခါမှ စိတ်မကူးဖူးတဲ့ ခံစားမှုမျိုးပါ။

တစ်ခါမှ မဖြစ်ဖူးတဲ့ ကြောက်လန့်မှုတွေနဲ့ ကျွန်မ ပို,ပိုပြီး နစ်မြုပ်သွားတယ်။ ကျွန်မ အားလျော့သွားပြီး မရုန်းနိုင်တော့ဘူး။

ကျွန်မရဲ့ အသိစိတ်တွေ တခြားတစ်ဖက်စီ ကွယ်ပျောက်သွားတာကို ခံစားရတယ်။ ကျွန်မမျက်လုံးတွေ မှိတ်သွားတဲ့အချိန်မှာ လှိုင်းဂယက်လေးတွေ ကျွန်မကိုလာထိတာကို ခံစားလိုက်ရတယ်။ တစ်ယောက်ယောက်က ရေကန်ထဲ ခုန်ချလိုက်သလိုမျိုး။

ခဏအကြာမှာ ကျွန်မလက်မောင်းမှာ ခိုင်မာတဲ့ ဆုပ်ကိုင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ အားကောင်းတဲ့ လက်တစ်ခုက ကျွန်မကို အပေါ်ဆွဲခေါ်သွားပြီး ရေကန်ထဲကနေ ကျွန်မ ထွက်လာနိုင်ခဲ့တယ်။

ကျွန်မကို တစ်ယောက်ယောက်က ဆွဲခေါ်ပြီး မြက်ခင်းပြင်ပေါ် ချလိုက်တယ်။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်မကို အဆင်ပြေရဲ့လားလို့ လာမမေးကြဘူး။

အဲဒါကြောင့်မို့ ကျွန်မ သိချင်မိသွားတယ်။

အားလုံးက မုန်းတီးနေကြတာကို ကျွန်မကိုလာကယ်တာက ဘယ်သူများပါလိမ့်။

ကျွန်မမျက်ခွံတွေကို ဖွင့်ဖို့ ကြိုးစားနေတဲ့အချိန်မှာ နေမင်းထက် ပိုတောက်ပတဲ့ မျက်လုံးတစ်စုံက ကျွန်မကို ငုံ့ကြည့်နေတယ်။

သူ့ရဲ့ သေသပ်တဲ့ အနက်ရောင်ဆံပင်တွေက သူ့နဖူးပြင်မှာ ကပ်နေတယ်။ သူ့အသားအရေကို ရေစိုနေတဲ့ အင်္ကျီအောက်က‌နေ လှမ်းမြင်နေရတယ်။

ကျွန်မကို ဂရုမစိုက်တဲ့ဟန်နဲ့ ကြည့်နေတဲ့ ကောင်လေးက ကျွန်မကို ကယ်လိုက်မှန်း သိလိုက်တော့ ကျွန်မ နှလုံးခုန်သံတွေက ထူးထူးဆန်းဆန်း မြန်ဆန်သွားတယ်။

သူ အနားတိုးလာလေလေ၊ ခုနက ကျွန်မ သတိထားမိတဲ့ အနံ့က ပိုပြင်းလာလေလေပဲ။ ချိုမြိန်၊ အေးမြ၊ လန်းဆန်းတဲ့ မွှေးရနံ့က အကာအကွယ်မရှိ လောင်းချနေသလိုပဲ။ ဘယ်နေရာကနေ လာမှန်းမသိပေမဲ့ ကျွန်မ အလျင်စလို ရှူသွင်းလိုက်တယ်။

ကျွန်မ နှာခေါင်းကနေ၊ ပါးစပ်ကနေ ရေတွေထွက်နေတာကို မြင်တော့ ရှက်ပေမဲ့လည်း ကျွန်မ ထပ်မအောင့်နိုင်တော့ဘူး။ ကျွန်မသောက်ထားမိတဲ့ ရေတွေကို အန်ထုတ်လိုက်ပြီး လန်းဆန်းတဲ့လေကို တစ်ချက်ရှူလိုက်တယ်။

ကျွန်မ တစ်ခေါက် ရှူသွင်း၊ရှူထုတ် လုပ်လိုက်တိုင်း ကောင်လေးရဲ့အနံ့တွေ ကျွန်မတစ်ကိုယ်လုံး ပြည့်သွားတယ်လို့တောင် ထင်ရတယ်။ ချိုမြိန်ပြီး အေးမြတဲ့ အနံ့က ပေါက်ထွက်လုနီးပါး ခုန်နေတဲ့ ကျွန်မနှလုံးကိုတောင် ငြိမ်ကျသွားစေတယ်။

ကျွန်မပတ်လည်က လူတွေကို လိုက်ကြည့်မိတဲ့အခါ မိုနီကာနဲ့ မျက်လုံးချင်း ဆုံမိသွားတယ်။ ကလေးမမျက်နှာက အေးစက်တင်းမာနေတယ်။

ကျွန်မရဲ့ အကြည့်တွေကို ကောင်လေးဆီ ပြန်ပို့လိုက်တယ်။ သူ့မျက်နှာက ခုနတုန်းကလို ပြုံးနေတာ မဟုတ်တော့ဘဲ အေးစက်နေတယ်။

မိုနီကာ့မျက်လုံးတွေက ပိုပြီးတော့ကို ကြောက်ဖို့ကောင်းတယ်။ ခုနလေးကမှ လက်မတင်လေး သေရာကနေ ပြန်ရှင်လာတာဆိုတော့ သူ့ရဲ့မုန်းတီးမှုကို ခံနိုင်တဲ့ အင်အား ကျွန်မမှာ မရှိတော့ဘူး။ အဲ့ဒါအပြင် ကျွန်မဘေးက အကြည့်တွ အားလုံးလိုလိုကလည်း သူ့နီးပါး အေးစက်နေခဲ့တယ်။



Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now