အပိုင်း (၅) Unicode

66 2 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - အီရွန်
ဘာသာပြန်သူ - Penny

အပိုင်း - ၅

တကယ်ပဲ တစ်ခုခုက ဝင်ပူးနေသလိုမျိုး ကျွန်မ သူတို့ကို ချဉ်းကပ်ခဲ့တယ်။

ဘာလို့လဲဆိုတော့ သူတို့က ကျွန်မနဲ့ ရွယ်တူတွေ‌လေ။
အမေ့ဆီကနေ ကြားထားတာတော့ ကျွန်မရဲ့တူက ကျွန်မထက် ၃နှစ်ကြီးပြီး တူမကတော့ ကျွန်မနဲ့ ရွယ်တူတွေတဲ့။

သူတို့မျက်နှာကို တစ်ခါမှ မတွေ့ဖူးဘဲ နေလာခဲ့တော့ ရုတ်တရက်ကြီး သူတို့အဒေါ် တန်းမဖြစ်နိုင်ရင်တောင် သူတို့နဲ့ သူငယ်ချင်းလို ခင်လို့မရဘူးလား။ အနေရခက်တဲ့ မိသားစုဝင်တွေအဖြစ် နေမဲ့အစား ကျွန်မတို့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားရင်ရော။

အဲဒါဆိုရင် ကျွန်မ အမေ့စကားကို ချိုးဖောက်စရာမလိုဘဲနဲ့လည်း ဒီမှာ ကောင်းကောင်း နေသွားနိုင်မယ်ထင်တယ်။

ဟုတ်နိုင်တာပဲ။ တွေးကြည့်ရုံနဲ့ကို ပျော်ဖို့ကောင်းနေပြီ။

လှေကားပေါ်ကနေ ပြေးဆင်းသွားရင်း ကျွန်မ ရယ်သံတွေ ကျယ်လောင်နေခဲ့တာကို မှတ်မိသေးတယ်။

အလုပ်သမားတွေက အိမ်လေးထဲမှာ အမြဲရှိနေကြတာ မဟုတ်ပါဘူး။ သန့်ရှင်းရေး လုပ်တဲ့အခါ၊ အစားအစာ လာပို့တဲ့အခါမှပဲ သူတို့တွေက အိမ်တော်ကြီးဆီကနေ ဘေးအိမ်လေးဆီ ကူးလာကြတယ်။ ပြီးတာနဲ့ သူတို့တွေကို မတွေ့ရတော့ဘူး။ ကျွန်မ သေချာတော့ တွေးမကြည့်မိပါဘူး။ နောက်မှ အလိုလို သိလာခဲ့တယ်။

ဘယ်သူကမှ ကျွန်မတို့သားအမိကို မခစားချင်ကြဘူး။ ရံရွေတော် မပြောနဲ့။ အလုပ်ကြမ်းလုပ်တဲ့ အိမ်အကူတွေကတောင် ကျွန်မတို့သားအမိကို အထင်သေးကြတယ်။ လက်တွန့်ကြတယ်။

မဟာနယ်စားမင်းအိမ်တော်မှ မဟုတ်ပါဘူး။ ဘယ် မျိုးရိုးမြင့်အထက်တန်းလွှာအိမ်တော်ပဲဖြစ်ဖြစ် အတူတူပါပဲ။ ကျွန်မအမေလို ဒုတိယဇနီးအဖြစ်တောင် သတ်မှတ်မခံရတဲ့ အိုမီဂါတစ်ယောက်နဲ့ ကျွန်မလို ဘယ်မျိုးရိုးမှန်းတောင်မသိတဲ့ တရားမဝင်ကလေးတစ်ယောက်ကို ဘယ်အလုပ်သမားမျိုးက ဂရုစိုက်ချင်ကြမှာလဲ။

ကျွန်မ အပြင်ကို ခဏလေးအတွင်း ရောက်သွားခဲ့တယ်။ နှလုံးတွေ တဒိတ်ဒိတ်ခုန်ရင်း ကန်နားဆီကို လျှောက်သွားခဲ့တယ်။ စိမ်းစိုနေတဲ့ နေရာလေးကို ဖြတ်သွားတော့ ကျွန်မတောင် မသိလိုက်ဘဲ တောထဲမှာ နေခဲ့တုန်းကလို သီချင်းတစ်ပုဒ် ညည်းမိသွားတယ်။

သီချင်းလေးဆိုရင်း သစ်ပင်အရိပ်တွေပေါ် တက်နင်းပြီး ကျွန်မ လျှောက်သွားခဲ့တယ်။ စမ်းချောင်းကို ကျောက်တုံးလေးတွေပေါ်ကနေ ကျော်ဖြတ်သွားသလိုမျိုး ဥယျာဉ်ထဲက သစ်ပင်အရိပ်တွေကိုလည်း တစ်ခုပြီးတစ်ခု ခုန်ကူးခဲ့တယ်။

သစ်ပင်တွေရဲ့အပေါ်  ကောင်းကင်ထက်မှာ တိမ်ဖြူတွေ လွင့်နေတာကလည်း စောစောကမြင်ခဲ့တဲ့ ငန်းဖြူလှေကလေးလိုပဲ။

တိမ်တိုက်တွေနဲ့ သူတို့အောက်က မြစိမ်းပြင်ဟာ တောထဲမှာနေတုန်းက တစ်ခါတစ်ခါ အနားကရွာဆီကိုလာရင် တွေ့ရတဲ့ မြင်ကွင်းလိုမျိုးပဲ။

ဒါက မျိုးရိုးမြင့် အထက်တန်းလွှာတွေရဲ့ အိမ်တော် ဖြစ်ပေမဲ့လည်း အဲဒီရွာကလေးနဲ့ဆင်လွန်းလို့ ကျွန်မမျက်လုံးတွေ ကောင်းကင်ကနေ မခွာနိုင်ဘူး။

အဲဒါကြောင့်မို့လို့ ကျွန်မ ခုနက ကြားခဲ့ရတဲ့ ရယ်သံတွေက ဘယ်အချိန်တုန်းကမသိ ရပ်တန့်သွားပြီး ပတ်ဝန်းကျင် တိတ်ဆိတ်သွားတာကို ကျွန်မ သတိမထားမိဘူး။

မော့နိုင်သမျှ မော့ထားတဲ့ ကျွန်မခေါင်းကို သစ်အနွယ်လေးတစ်ခုကို နင်းလိုက်တဲ့အခါမှ ပြန်ငုံ့လိုက်တယ်။ အဲဒီအခါမှ ကျွန်မ သတိထားမိတယ်။

လှေပေါ်ကနေ သူတို့သုံးယောက် ဆင်းအလာနဲ့ တိုးမိပြီး ကျွန်မတို့ ချက်ချင်း မျက်လုံးချင်း ဆုံမိသွားတယ်။

ဥယျာဉ်သစ်ပင်တွေဘေးက လမ်းက သူတို့ဆီ တန်းတန်းသွားတဲ့ လမ်းမှန်း ကျွန်မ မသိခဲ့ဘူး။

သစ်ပင်တွေနဲ့ ကောင်းကင်ကြီးကြောင့် ယစ်မူးမိနေလို့ ကျွန်မ သူတို့ကို ယုံကြည်ချက်အပြည့်နဲ့ ချဉ်းကပ်လိုက်တယ်။

ဒါပေါ့။ သူတို့နဲ့ သူငယ်ချင်းဖြစ်ချင်လို့ ထွက်လာခဲ့တာဆိုပေမဲ့ ဒီလိုမျိုး ရုတ်တရက်ကြီး တည့်တိုးတွေ့တော့ ကျွန်မ ရှက်သွားတာကို မဖုံးနိုင်ခဲ့ဘူး။

ကျွန်မနဲ့ မျက်လုံးချင်းဆုံမိတဲ့ မျက်လုံးနှစ်စုံကတော့ အရမ်းပဲ အေးစက်နေခဲ့တယ်။ ကျွန်မ စိတ်ကူးထားတာနဲ့ မတူလို့ ကြောက်မိသွားတယ်။ မျက်တောင်တွေကို ပုတ်ခတ်ရင်း ကျွန်မ ဘာဆက်လုပ်ရမှာလဲဆိုတာကို မသိတော့ဘူး။

ဒါပေမဲ့ ကျွန်မတူမ မိုနီကာက ပြုံးပြပြီး ကျွန်မကို အရင်စ စကားပြောလာတယ်။

"အန်တီ ဒီနေရာက ဘာလဲဆိုတာကို သိလား?"

ကျွန်မကြားထားတာက သူနဲ့ကျွန်မက ရွယ်တူတွေလို့။ ဒါပေမဲ့ သူစကားပြောပုံကို ကြည့်ရတာ သူက ကျွန်မရဲ့ အစ်မလိုမျိုးပဲ။ မဟုတ်ဘူး ရုပ်ရည်ကသာ ကလေးဆိုပေမဲ့ စကားတွေကတော့ လူကြီးတစ်ယောက် ပြောနေသလို ပြေပြစ်နေတယ်။

အဲဒီအချိန်တုန်းက ကျွန်မ မသိခဲ့ဘူး။ ဒီစကားတွေရဲ့ အဓိပ္ပာယ်က မကောင်းဘူးဆိုတာကို။ အရိပ်ပဲပြထားတဲ့ ရင့်ရင့်သီးသီး စကားတွေဆိုတာ မသိခဲ့ဘူး။

ကျွန်မ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဖြေလိုက်တယ်။

" ငါ နင်တို့နဲ့ အတူတူ ကစားချင်လို့ ဒီကို လာခဲ့တာ..."

သူက တူမဆိုပေမဲ့လည်း ကျွန်မ သက်သောင့်သက်သာနဲ့ အန်တီတစ်ယောက်လို ပြောမထွက်ခဲ့ဘူး။ ကျွန်မ စကားလုံးတွေက မကြာခင်ပျောက်ကွယ်သွားတော့မလို အသံတိုးနေခဲ့တယ်။

ကျွန်မစကားကို ကြားတော့ မိုနီကာ ရယ်တော့တာပဲ။ သူနဲ့မတူဘဲ ကျွန်မ တူ အဲလက်(စ်) ကတော့ သူသဘောမကျတာကို မဖုံးကွယ်ခဲ့ဘူး။

"ဟင့် နင် ဘာပြောလိုက်တယ်"

သူက ကျွန်မထက် ၃နှစ်ပဲ ကြီးတာပါ။ ဒါပေမဲ့ သူ့အသံ၊ စကားပြောဟန် နဲ့ အရှိန်အဝါက လူကြီးတစ်ယောက်လိုမျိုးပဲ။

ရုတ်တရက် ကျွန်မ မျက်လုံးတွေ ပျာယာခတ်သွားတယ်။ ဒီလိုအခြေအနေနဲ့ ကြုံတွေ့ရမယ်လို့ လုံးဝမထင်ဘဲနဲ့ ဒီကို လာခဲ့တာလေ။

ဘေးနားက အလုပ်သမားတွေရဲ့ အကြည့်က အရမ်းကို စူးရှလွန်းတာကြောင့် ကျွန်မ ခေါင်းငုံ့လိုက်တယ်။ အဲဒီအချိန်မှာ အရမ်းချိုမြိန်တဲ့ အနံ့တစ်ခု တစ်နေရာရာကနေ ထွက်လာတယ်။

အဲဒါက ဘာလဲ။

ဒါက ဘယ်လိုအနံ့မျိုးပါလိမ့်။

စားပွဲပေါ်မှာ ဖြန့်ခင်းထားတဲ့ အချိုပွဲတွေရဲ့ အနံ့လား။

ဒါမှမဟုတ် ဘေးပတ်လည်က ပန်းတွေရဲ့ အနံ့လား။

ငုံ့ထားတဲ့ ကျွန်မခေါင်းက အနံ့နောက်ကို အလိုလို လိုက်သွားမိတယ်။ အကြည့်တွေ တုန်ယင်နေတာတောင်မှ အဲဒါကို မရမက လိုက်ရှာကြည့်မိတယ်။

အဲဒီအခါမှာ ကျွန်မဆွေမျိုးနှစ်ယောက်အကြား အိန္ဒြေရှိရှိထိုင်နေတဲ့ ကောင်လေးကို ကျွန်မ တွေ့သွားတယ်။

သူက ကျွန်မကို ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ကြည့်နေတယ်။ ကြည့်ရတာ သူက ကျွန်မကို စိတ်ဝင်စားတဲ့ပုံ မပေါ်ဘူး။ ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်သွားတယ်။

ပြန်တွေးကြည့်လိုက်တော့ ဘာလို့ စိတ်မကောင်းဖြစ်သွားမှန်း ကျွန်မ သိသွားပြီ။

စိတ်ကူးယဉ်ဆန်ဆန်ပြောရရင်...

မြင်မြင်ချင်း ချစ်သွားတဲ့ အချစ်မျိုး

အဲဒီထက်ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်မျိုး ကျွန်မ မပေးရဲဘူး

သူ့ရဲ့ ဂရုမစိုက်ဟန်နဲ့မတူ သူ့မျက်လုံးတွေကတော့ ကျွန်မကိုပဲ တစ်သမတ်တည်း စိုက်ကြည့်နေခဲ့တယ်။ ထူးဆန်းတာလား။ အချစ်ကို တောင့်တသလိုမျိုးလား။ ဘာမှန်းမသိပေမဲ့ သူ့ရဲ့ ရွှေရောင်မျက်လုံးတွေက အရောင်တောက်နေခဲ့တယ်။

ဒီနေ့လိုမျိုး နွေဦးနေရောင်ခြည်လို နွေးထွေးနေတာမျိုး မဟုတ်ဘဲ အဲဒီရွှေရောင်မျက်လုံးတွေက အေးစက်တဲ့ သံထည်တစ်ခုလိုပဲ။ အရမ်းပဲ လျှို့ဝှက်ဆန်းကြယ်လွန်းလို့ ကျွန်မအကြည့်တွေက သူ့ဆီကနေ မခွာနိုင်ဘူး။

ရုတ်တရက်ကြီး အမေလုပ်ပေးထားတဲ့ လည်ကပ်ကို ကျွန်မ ကောက်ခါငင်ခါ သတိရသွားတယ်။ ကျွန်မက အိုမီဂါမှန်း ဘယ်သူမှမသိစေနဲ့ လို့ အမေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ သတိပေးတာကို ပြန်ကြားမိတယ်။ ကျွန်မအကြည့်တွေကို ကောင်လေးဆီကနေ ခွာလိုက်ပြီး လည်ပင်းကို တစ်ချက်ပုတ်လိုက်တယ်။

စိတ်ကနေတောင် မသိလိုက်ဘဲ အလိုလို ခုခံတဲ့ အပြုအမူမျိုးပါ။

ခုနတုန်းက ကြောက်စရာကောင်းအောင် စိုက်ကြည့်တာက မဖြစ်ခဲ့သလိုမျိုး မိုနီကာက အသံချိုသာစွာနဲ့ မေးလာတယ်

"အန်တီ ဒီလိုလှေမျိုး စီးဖူးလား"

မိုနီကာက သေချာပေါက် ကောင်းကောင်းမွန်မွန် ပြောနေတာပါ။ ဒါပေမဲ့ သူ့စကားတွေက ခနဲ့နေသလိုပဲ။ ကျွန်မက ကလေးပဲရှိသေးတော့ သူ့ဆိုလိုရင်းကို သဘောမပေါက်ခဲ့ဘူး။

"ဟင့်အင်း"

"အဲဒါဆို စီးကြည့်ချင်လား"

ကျွန်မ ခေါင်းညိတ်လိုက်တယ်။ ငန်းဖြူပုံစံဆောက်ထားတဲ့ လှေကလေးကို ကျွန်မ စိတ်ဝင်စားတယ်လေ။

သူတို့သုံးယောက် လှေအတူတူ စီးပြီး ပျော်နေကြတာမြင်လို့ ကျွန်မက ဒီကို လာခဲ့တာဆိုတော့ ဒီမေးခွန်းက ကျွန်မအတွက် ကောင်းမွန်တဲ့ အဓိပ္ပာယ် ဆောင်တယ်။

ကျွန်မတို့သုံးယောက် အတူတူ ကစားကြရင် ကျွန်မတို့တွေ သူငယ်ချင်း ဖြစ်မသွားနိုင်ဘူးလား။

မျှော်လင့်ချက်သေးသေးလေးကို မြင်မိလို့ ကျွန်မဘာသာတောင် မသိလိုက်ဘဲ ပျော်မိသွားရင်း အားရပါးရ ပြုံးလိုက်မိတယ်။


"ဂျက်ဆီ နင်ဘာလုပ်နေတာလဲ။ အန်တီက ဒါကို စီးချင်တယ်တဲ့။ လာပြီး သူ့ကို ခေါ်"

မိုနီကာက သူ့ဘေးမှာ ရပ်နေတဲ့ ရံရွေဖော်တစ်ယောက်ကို အမိန့်ပေးလိုက်တယ်။ ကျွန်မ မိုနီကာ့ကို နားမလည်လို့ လှည့်ကြည့်လိုက်တယ်။

ကျွန်မတို့တွေ အတူတူစီးဖို့ သူပြောတာ မဟုတ်ဘူးလား။

အဲဒီအခါ အဲလက်(စ်)က စိတ်တိုနေတဲ့ဟန်နဲ့ လှမ်းမေးတယ်။

"နင် ဘာတွေလုပ်နေတာလဲ။"

"အစ်ကို အန်တီက ဒါမျိုး အခုမှ မြင်ဖူးတော့ စိတ်ဝင်စားမိတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ သူက တရားမဝင်တဲ့ အန်တီဆိုပေမဲ့ သနားစရာတော့ ကောင်းပါတယ်။"

Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now