အပိုင်း (၉) Unicode

77 3 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - 핑크림
ဘာသာပြန်သူ - Penny

အပိုင်း - ၉

တစ်ချိန်တည်းမှာပဲ ကျွန်မမျက်နှာတစ်ခုလုံး နီမြန်းသွားတယ်။ သူရိပ်မိသွားမှာစိုးလို့ ကျွန်မခြေထောက်ကို စေ့လိုက်မိတယ်။

နယ်ကို စရောက်တုန်းက ခံစားခဲ့ရတဲ့ အဖေ့ဖယ်ရိုမုန်းတွေထက် ပိုပြီးနက်ရှိုင်းပြီး ပိုပြီးထူထပ်တဲ့ သူ့ဖယ်ရိုမုန်းတွေက ကျွန်မကို ချည်နှောင်ထားချင်သလိုမျိုး တစ်ကိုယ်လုံးပေါ် လောင်းကျလာတယ်။

ကျွန်မဆန္ဒမပါဘဲ ကျွန်မဖယ်ရိုမုန်းတွေ စိမ့်ထွက်လာတယ်။ အမေ ကျွန်မကို ပေးထားတဲ့ လည်ကပ်ကို ကောက်ယူဖို့ ကြိုးစားလိုက်ပေမဲ့ သူက ကျွန်မထက် လက်ဦးသွားတယ်။

ကြမ်းပြင်ပေါ် လွှင့်ပစ်ထားတဲ့ ကျွန်မလည်ကပ်ကို သူ့ဖိနပ်နဲ့ တက်နင်းပစ်လိုက်တယ်။ ကျွန်မက သူ့ဖယ်ရိုမုန်းကို လွန်ဆန်ဖို့ ကြိုးစားလို့ အာဏာပြလိုက်သလိုမျိုး။

"မ-မလုပ်ပါနဲ့..."

အယ်(လ်)ဖာတွေရဲ့ဖယ်ရိုမုန်းက အိုမီဂါတွေကို ညှို့နိုင်တယ်။

သူများပြောတာပဲ ကြားဖူးထားတဲ့ အခြေအနေတစ်ခုဆီ ရောက်သွားမိမှာကို ကျွန်မ အရမ်းကြောက်မိတယ်။ သူ့အပေါ် ခံစားချက်ရှိပေမဲ့ အခုချိန်မှာ ကျွန်မ အရမ်းကြောက်တယ်။

ကျွန်မဖြစ်ချင်တဲ့အတိုင်း ခန္ဓာကိုယ်က မလုပ်နိုင်တာကို မြင်ရတာက ကျွန်မကို စိုးရွံ့မိစေတယ်။

"မင်းရဲ့ အိုမီဂါလက္ခဏာတွေက လွယ်လွယ်နဲ့ ပေါ်လာတာပဲ။"

ခံစားချက်ကင်းမဲ့နေတဲ့ အေးစက်စက်အသံတစ်သံ ကျွန်မခေါင်းပေါ် ကျလာတယ်။

"ငါ ပွဲစားငှားပြီး တစ်ယောက်ရှာဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ငါ ရှာမတွေ့ခဲ့ဘူး။ အဲဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီလောက်လွယ်တာကို ဘာတွေများ ခက်နေကြလဲမသိဘူး။"

"......."

သူ ဘာပြောဖို့ ကြိုးစားနေတာလဲဆိုတာကို ကျွန်မ ချက်ချင်း နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မပြန်ဖြေတာကို မလိုအပ်သလိုမျိုး ကျွန်မဆီ ခြေတစ်လှမ်းတိုးလာပြီး သူဆက်ပြောတယ်။

"ဒါကြောင့်မို့လို့ ငါ မင်းရဲ့အကူအညီ လိုအပ်တယ်။"

စကားပြောတာ ရပ်လိုက်ပြီး သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တယ်။ ကျွန်မရဲ့ဖယ်ရိုမုန်းတွေက သူ့ရဲ့ဖယ်ရိုမုန်းတွေနဲ့ ယှဉ်လို့ရတဲ့ အနေအထားမှာ မရှိပေမဲ့ လေထဲမှာတော့ အနည်းငယ် ရှိနေခဲ့တယ်။ သူ အသက်ရှူလိုက်တဲ့အခါ ကျွန်မဖယ်ရိုမုန်းတွေပါ ရှူလိုက်သလိုပဲ။ ကျွန်မမျက်နှာ နီမြန်းသွားတယ်။

တစ်ခါမှ ဖယ်ရိုမုန်းအလဲအလှယ်မလုပ်ဖူးတဲ့ ကျွန်မအတွက်တော့ ဒါလေးနဲ့တင်ကို အရမ်းရှက်စရာကောင်းနေပြီ။

"မင်း တိုင်းမင်းအိုကြီးရဲ့ ဒုတိယဇနီး မဖြစ်ချင်ဘူးဆိုရင် ငါနဲ့ စာချုပ်တစ်ခုအောက်မှာ လက်ထပ်လို့ရတယ်။ "

"... ရှင် အဲဒါ ဘာကိုဆိုလိုတာလဲ။"

"မင်းအခု ငါ့ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် မင်းသိသွားလိမ့်မယ်။ မင်းသာ အယ်(လ်)ဖာတစ်ယောက်ကိုမွေးပေးနိုင်ရင် ငါ့ဘက်ကနေလည်း မင်းတစ်ယောက်တည်း လုံလုံလောက်လောက် တင့်တင့်တယ်တယ် နေနိုင်လောက်တဲ့ အမည်နာမတစ်ခုနဲ့ ပိုင်ဆိုင်မှုတွေကို ပေးမယ်။"

သူပြောတာတွေကို တစ်လုံးမှ နားမလည်ဘဲ ခေါင်းထဲမှာ အံ့ဩတာကိုပဲ သိတဲ့အတွက် ကျွန်မ သူ့ကို ဒီအတိုင်း မော့ကြည့်နေခဲ့တယ်။

သူ့အကြည့်တွေက ကျွန်မခန္ဓာကိုယ်ကို ထိုးဖောက်လုမတတ် စူးရှနေတယ်။ သူ အခေါင်းတလားရှေ့ကို လျှောက်သွားတယ်။ အမေ့ခေါင်းတလားပေါ်မှာ လီလီပန်းတစ်ပွင့် ချလိုက်ပြီး တစ်ခဏ သူခေါင်းညွှတ်လိုက်တယ်။

"အသင့်ရဲ့ ဝိညာဉ်တော် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။"

အဲဒီနောက်မှာ ကျွန်မကို ကျောခိုင်းလျက်ပဲ သူ သူ့ရဲ့ဖယ်ရိုမုန်းတွေကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်တယ်။ ကျွန်မ အခုထိ သူပြောတာကို နားမလည်သေးဘူး။ ဒါပေမဲ့ ကျွန်မ နောက်တစ်ခေါက် သူ့ကို ထပ်ကြည့်လိုက်တဲ့အချိန် သူ မရှိတော့ဘူး။ ထွက်သွားပြီ။

တံခါးအကြားကနေ အပြင်မှာ နှင်းကျနေတာကို ကျွန်မ မြင်မိတယ်။ အေးစက်နေတဲ့လေ တစ်ချက်ဝှေ့ပြီး ကျန်နေသေးတဲ့ သူ့ဖယ်ရိုမုန်းတွေကို တိုက်ထုတ်မပစ်လိုက်ခင်အထိ ကျွန်မ နေရာကနေ တစ်ဖဝါးမှ မရွှေ့နိုင်ခဲ့ဘူး။

ထူးဆန်းပြီး နားလည်ဖို့ခက်တဲ့ ဒီခံစားချက်တွေကြားထဲမှာ ကျွန်မ တိုးတိုးလေး အသက်ရှူထုတ်လိုက်တယ်။ တိမ်တွေလိုဖြူနေတဲ့ အသက်ရှူငွေ့တွေကြားထဲမှာ ကျွန်မအမြင်အာရုံတွေလည်း ပျောက်ကွယ်သွားသလိုပဲ။

သူ့ရဲ့ အကြံပေးချက်ကို လက်ခံချင်တဲ့ အတွေးနဲ့အတူ စိတ်ထဲမှာလည်း ရတက်မအေးဘူး။ အမေ့လိုမျိုးပဲ နာကျင်ကြေကွဲရပြီး ဒဏ်ရာတွေ အလူးအလဲနဲ့ စုတ်ပြတ်သွားမယ်လို့လည်း ခံစားမိတယ်။

အီရန်ပြောခဲ့တာတွေကို သိပ်မကြာခင်မှာပဲ သိလိုက်ရတယ်။ အဖေ့နာရေးအပြီးမှာ အစ်ကိုက ကျွန်မကို ခေါ်တွေ့တယ်။

ကျွန်မ လည်ကပ်ကို ဝတ်ထားဆဲပဲ။ အီရန်က ကျွန်မ အိုမီဂါမှန်း ဘယ်လိုသိသွားတာလဲကိုတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မ အမေ့စကားကို မလွန်ဆန်ချင်ဘူး။

အစ်ကိုက ကျွန်မကို ခေါ်တွေ့တော့ ကျွန်မ ဝမ်းသာသွားတယ်။ မဟုတ်ရင်တောင် အီရန်ပြောတာတွေကြောင့် ကျွန်မ စိုးရိမ်ပြီး အိပ်လို့တောင်မပျော်ဘူး။ ကျွန်မစိတ်တွေအကုန်လုံးက သူ့ဆီပဲ ရောက်နေတာကြောင့် အိမ်ကနေထွက်သွားမဲ့ ကျွန်မရဲ့ အစီအစဉ်ကိုတောင် ကျွန်မ မေ့သွားတယ်။

ပင်မအိမ်တော်က ကျွန်မနေနေတဲ့ ဘေးအိမ်နဲ့ တော်တော် ကွာပါတယ်။ အရွယ်သေးပေမဲ့ ချစ်ဖို့ကောင်းပြီး နေရတာ သက်သောင့်သက်သာဖြစ်တဲ့ ဘေးအိမ်ကလေးနဲ့ ယှဉ်ရင် ပင်မအိမ်တော်ကတော့ အရမ်းကို ကြီးကျယ်ခမ်းနားတယ်။

နာမည်ကြီး ပန်းချီကားတွေ၊ ရုပ်တုတွေနဲ့ ပြည့်နေတဲ့ ကော်ရီဒါတစ်ခုကို ဖြတ်အပြီးမှာ ကျွန်မခြေလှမ်းတွေ ရှေးဟောင်းတံခါးတစ်ခုရှေ့မှာ ရပ်သွားတယ်။ နယ်ရဲ့ ဦးစီးခေါင်းဆောင်ကသာ အသုံးပြုနိုင်တဲ့ ရုံးခန်းရှေ့မှာ ရပ်နေရင်း ကျွန်မစိတ်တွေ အကြောင်းပြချက်မရှိ လှုပ်ရှားလာတယ်။

ဒေါက် ဒေါက် -

ကျွန်မ တံခါးခေါက်လိုက်တော့ အထဲက ပြန်ဖြေတယ်။ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးတဲ့နောက် တံခါးဖွင့်ပြီး ကျွန်မ အထဲကို ဝင်လိုက်တယ်။

နေရောင်အောက်မှာ အရောင်တောက်နေတဲ့ ငွေရောင်ဆံပင်တွေကို ကျွန်မ အရင်သတိထားမိတယ်။ ရုံးခန်းက စားပွဲမှာ ထိုင်နေတဲ့ အစ်ကိုက တဖြည်းဖြည်း ခေါင်းမော့လာတယ်။

အဖေနဲ့ ဆင်ပေမဲ့ ပိုပြီးနုတဲ့ သူ့မျက်နှာက ကျွန်မကို မြင်မြင်ချင်း ပုံပျက်သွားတယ်။

အစ်ကို ကျွန်မကို ဘာလို့မုန်းမှန်း မသိပေမဲ့ သူ့ရဲ့ အထင်သေးတဲ့ အမူအရာကို တွေ့တိုင်း ကျွန်မနှလုံးသားထဲက အမာရွတ်တွေက ပို,ပိုပြီး ကြီးလာတယ်လို့ ခံစားရတယ်။

"အစ်ကို ကျွန်မကို ခေါ်တယ် ကြားလို့"

တကယ်တမ်းမှာတော့ ပင်မဆောင်ကရုံးခန်းကို လာရလိမ့်မယ်လို့ ကျွန်မ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေးခဲ့ဘူး။

ပင်မအိမ်တော်ထဲမှာ ကျွန်မ အလွယ်တကူ ဝင်လို့ ထွက်လို့ ရတဲ့ နေရာတွေက နည်းပါတယ်။ မိုနီကာက ကျွန်မကို ခေါ်တဲ့ နေရာမျိုး၊ အစေခံတွေ အနားယူတဲ့ နေရာမျိုးပဲ ရှိတယ်။

ကျွန်မကို စိုက်ကြည့်နေတဲ့ အစ်ကိုက "အနားကို လာခဲ့" ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်မကို လက်ယပ်ခေါ်တယ်။

အဝေးမှာရှိနေတဲ့ကျွန်မ စားပွဲနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်ခဲ့တယ်။

"... မင်း ဒီကိုရောက်လာတာ ဆယ်နှစ်တောင် ရှိသွားပြီ။"

ဟုတ်တယ်။ အမေနဲ့ကျွန်မ ဒီကို ရထားလုံးတစ်စီးနဲ့ ရောက်လာတာ ဆယ်နှစ်တောင် ရှိသွားပြီ။

နှစ်တွေအကြာကြီး ရှိသွားပြီဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ဒီအတောအတွင်းမှာ အစ်ကိုက ကျွန်မကို ဒီလိုမျိုး ခေါ်တွေ့ပြီး စကားပြောတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ ဒီလောက်နှစ်တွေ ကြာပေမဲ့လည်းပေါ့။

ကျွန်မ ဝမ်းသာလားလို့ သူများ မေးလာခဲ့ရင်...

အင်း

သူက ဒီလိုမျိုး ကျွန်မကို အထင်သေးတဲ့အကြောင်း ပေါ်တင်ပြနေတာကို ကျွန်မက ဘယ်လိုလုပ်ပြီးများ ဝမ်းသာရမှာလဲ။

အဲဒါကြောင့် ကျွန်မ အကာအကွယ်မဲ့နေသလိုမျိုး ခံစားရတယ်။ ထူးထူးဆန်းဆန်းတွေ ပြောသွားပြီး ပျောက်သွားတဲ့ အီရန်ကြောင့်လည်း ပါတယ်။

" ဆယ်နှစ်ဆိုတာ တကယ့်ကို အချိန်အကြာကြီးပဲ။ ဒီကိုရောက်ခါစတုန်းကဆိုရင် မင်းက ငါ့ခါးလောက်တောင် မရှိသေးဘူး။ အခုတော့ ကြည့်ပါဦး။ အရပ်တွေ ရှည်ထွက်လာလိုက်တာ။ မင်းတောင် အရွယ်ရောက်လာပြီပဲ။"

မိုနီကာနဲ့ အတူရှိနေတုန်း ကျွန်မ သိခဲ့ရတာတစ်ခုက အထက်တန်းလွှာတွေက သူတို့ရဲ့ ခံစားချက်ကို တိုက်ရိုက် ထုတ်မပြောကြတာပဲ။

ဒါပေမဲ့လည်း မိုနီကာကတော့ သူ့ခံစားချက်တွေကို ပေါ်တင် ထုတ်ပြတတ်တယ်။ တခြား အထက်တန်းလွှာတွေနဲ့ ရှိနေတဲ့အခါကျရင်တော့ သူ့ခံစားချက်တွေကို ထိန်းထားတတ်တယ်။

ဒါကြောင့်မို့လို့ အစ်ကို့စကားတွေက ဘာကို ဆိုလိုတာလဲ ဆိုတာကို ကျွန်မ ချက်ချင်း သဘောပေါက်လိုက်တယ်။ ကျွန်မမျက်လွှာတွေကို တဖြည်းဖြည်းချလိုက်တဲ့အချိန်မှာ သူ စားပွဲကို စပြီး ခေါက်လာတယ်။

"... ငါတို့မိသားစုက မင်းကို ဆယ်နှစ်လုံးလုံး ကျွေးမွေးလာတယ်လို့‌ ပြောရင်လည်း မမှားဘူး။ မင်း အဲဒါကို လက်ခံလား။"

"...ဟုတ်ကဲ့။ ကျွန်မ အဲဒါအတွက် ကျေးဇူးတင်ပါတယ်။"

အဲဒါက မမှားပါဘူး။ ဒါပေမဲ့ အဲဒါက ထူးဆန်းစွာနဲ့ စကားကို အနက်အဓိပ္ပာယ်လှည့်ပြောနေသလိုပဲ။

"မင်းက အဖေ့နာရေးကိုတောင် ရောက်မလာဘူး"

"... မိသားစုမျိုးနွယ်စာရင်းထဲ မပါတဲ့ တရားမဝင်ကလေးတွေ လာလို့ မရဘူးလို့ ကျွန်မ ကြားထားလို့ပါ။"

ကျွန်မ ကောင်းကောင်းကြီး သိပေမဲ့ သူမေးတာက ကျွန်မ ထင်ထားတာလား ဆိုတာကို သိချင်တဲ့စိတ်တွေ ပြင်းပြလာတယ်။



Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now