အပိုင်း (၇) Unicode

155 5 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ- အီရွန်
ဘာသာပြန်သူ- Penny

အပိုင်း- ၇

"အ-အမေ..."

မျက်လုံးမှာ မျက်ရည်တွေတန်းလန်းနဲ့ အမေ့နာမည်ကို ခေါ်လိုက်မိတယ်။ ကျွန်မခေါ်လည်း အမေရောက်လာမှာ မဟုတ်ဘူးဆိုတာကို သိပေမဲ့လည်း ကျွန်မမှာ အားကိုးစရာ တစ်ယောက်ရှိတာကို သူတို့ကို သိစေချင်တယ်။ ဒါမှမဟုတ် ဒီအတိုင်း အမေ့ကို တွေ့ချင်မိတာလည်း ဖြစ်နိုင်တယ်။

အဲဒီအခါမှာ ကျွန်မကိုကယ်ထားတဲ့ ကောင်လေးက ကျွန်မကို စ,စကားပြောလာတယ်။

"မင်း အဆင်ပြေရဲ့လား။"

သူ့ရဲ့ ဂရုမစိုက်တဲ့ အမူအရာနဲ့မတူဘဲ သူ့အသံကတော့ ညင်သာတယ်။ သူ့အသံက နူးညံ့တဲ့ဘက်တောင် ရောက်တယ်လို့ ကျွန်မ ထင်တယ်။

ဒီလိုအခြေအနေမျိုးမှာ ကျွန်မကို စကားပြောလာတဲ့ တစ်ယောက်တည်းသောသူက ဒီကောင်လေးဖြစ်နေတာကို ကျွန်မ ဝမ်းသာတယ်။ ဒါပေမဲ့ သူမေးတာကို ပြန်မဖြေဘဲ ကြောက်ကြောက်နဲ့ ခေါင်းပဲ ညိတ်လိုက်တယ်။

ဘာလို့လဲဆိုတော့ ဘေးကလူတွေက ကျွန်မကို အေးစက်စွာနဲ့ စိုက်ကြည့်နေတုန်းမို့ပါ။

ဒါပေမဲ့ ကျွန်မမျက်လုံးတွေကတော့ ကောင်လေးဆီကိုပဲ လှမ်း,လှမ်းကြည့်နေခဲ့တယ်။

ကောင်လေးမဟုတ်ဘူး။ အီရန်။

ကြည်နူးနှစ်သက်စရာ ရနံ့တွေကြောင့် ငုံ့ထားတဲ့ ကျွန်မခေါင်းက ကျွန်မတောင်မသိလိုက်ဘဲ အလိုလိုမော့သွားတယ်။ ကျွန်မမျက်လုံးတွေနဲ့ သူ့ရဲ့ရွှေရောင်မျက်လုံးတွေ အကြည့်ချင်းဆုံသွားတဲ့အခါ သူ့မျက်လုံးတွေ တစ်ခဏ ဖြည်းဖြည်းကလေး တုန်ခါသွားသလိုပဲ။

တစ်ခုခုကြောင့် အံ့အားသင့်သွားသလို တုန်ယင်နေတဲ့ သူ့မျက်လုံးတွေက ကျွန်မဆီကို တိုက်ရိုက် ဦးတည်လာတယ်။

အဲဒီအခိုက်အတန့်မှာ ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလာတယ်။ စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် ထူးဆန်းတဲ့ ဒီခံစားချက်ကြောင့် သူ့ဆီကနေ ကျွန်မ မျက်လုံးမခွာနိုင်ဘူး။ အဖေ့ဆီကနေရတဲ့ ခံစားချက်တွေနဲ့ တူသလိုလိုဆိုပေမဲ့ ကွဲပြားနေတဲ့ ဒီခံစားမှုတွေက ကျွန်မဆီကို သိသိသာသာနဲ့ ဦးတည်လာတယ်။ ကျွန်မ သူ့ကို ကြောင်ပြီး ငေးနေခဲ့တယ်။

"အီရန်။ နင် အဆင်ပြေရဲ့လား။"

မိုနီကာ့အော်သံနဲ့အတူ ကျွန်မကို စွဲစွဲလမ်းလမ်းကြည့်နေတဲ့ သူ့အကြည့်တွေကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။

အီရန် မတ်တတ်ထပြီး ရေတွေခါနေတဲ့ အချိန်မှာပဲ မိုနီကာနဲ့ အဲလက်(စ်)တို့ ရောက်လာကြတယ်။

"နင်တို့တွေ ဘာလုပ်နေကြတာလဲ။ တဘက် သွားယူကြလေ။ "

မိုနီကာ အော်လိုက်တော့ အလုပ်သမားတွေက ပျာပျာသလဲ လှုပ်ရှားကြတော့တာပဲ။ သူတို့အားလုံး ကပျာကယာနဲ့ အီရန်ဆီကို တဘက်တွေ ယူလာကြတယ်။ ကျွန်မ တစ်ခဏလေး မှင်တက်မိသွားတယ်။ နောက်မှ ကိုယ့်ကိုယ်ကိုယ် ထဖို့ အားပြုလိုက်တယ်။

ကြောက်လွန်းလို့ သူတို့ဆီကနေ ကျွန်မ ထွက်ပြေးသွားချင်ပေမဲ့ ခန္ဓာကိုယ်က ကျွန်မပြောတာကို နားမထောင်ခဲ့ဘူး --- ကျွန်မ မြေကြီးပေါ်မှာပဲ ထိုင်နေခဲ့တယ်။ လူတွေအများကြီးက အီရန်ကို သူတို့နဲ့အတူ ခေါ်သွားကြပြီး အားလုံး ပျောက်သွားကြတယ်။ အဲဒီနေရာမှာ ကျွန်မ မရှိခဲ့သလိုမျိုး အားလုံးက ကျွန်မကို လျစ်လျူရှုပြီး ထွက်သွားကြတယ်။

ကျွန်မကလေးဘဝမှာ ကြုံတွေ့ခဲ့တဲ့အရာက အချိန်အကြာကြီး ကျွန်မကို သိမ်ငယ်စေတဲ့ အနာတရမျိုး ဖြစ်လာခဲ့တယ်။

အဲဒီနေ့ အမေပြန်လာတဲ့အခါမှာ သူ ကျွန်မကို ဆူငေါက်ပြီး ကျွန်မလက်မောင်းတွေကို ရိုက်နှက်တယ်။ အသားတွေ ပွန်းပဲ့ပြီး သွေးထွက်တဲ့အထိကို အရိုက်ခံခဲ့ရပြီး ကျွန်မ အားလုံးကို ငိုယိုပြီး ပြောပြတဲ့အချိန်ကျမှ ဒီအပြစ်ပေးမှုက ပြီးဆုံးသွားခဲ့တယ်။

အဲဒီအချိန်က ကျွန်မဘဝကြီး အားလုံးပြောင်းလဲသွားတဲ့ အလှည့်အပြောင်းလို့ ချဲ့ကားပြီးပြောရရင်လည်း မမှားဘူး။ အမေ့ဆီက အဆူခံရတာက ဘာမှမဟုတ်ပါဘူး။

အဲဒီနေ့ကစပြီး ကျွန်မ အိမ်တော်ကြီးဆီကို မကြာခဏ အခေါ်ခံရတယ်။

မိုနီကာ အတန်းရှိတဲ့အချိန်တိုင်း သူက ကျွန်မကို အနားမှာ ခေါ်ထားတယ်။ အဖေနဲ့အစ်ကိုက ကျွန်မအတွက် ထည့်တွေးပေးသလိုမျိုး ဟန်လုပ်ကြတယ်။ တကယ်တမ်းတော့ မိုနီကာက အတန်းကို အကြောင်းပြပြီး ကျွန်မကို ဒုက္ခပေးတာပါ။

ကျွန်မက မိုနီကာ့အစား အရိုက်ခံပေးရမယ်ဆိုတာကို ဘယ်သူကမှ ကျွန်မကို မပြောခဲ့ဘူး။ ဆရာကလည်း ဘာမှမဖြစ်သလိုမျိုး ကျွန်မဂါဝန်ကိုလှန်ပြီး ခြေထောက်တွေကို ကြိမ်နဲ့ ရိုက်နှက်တယ်။

ဘာလို့အရိုက်ခံရတာလဲဆိုတဲ့ အကြောင်းကို မသိတော့ ကျွန်မ ဘာမှပြန်မပြောနိုင်ဘဲ ကြောက်ကြောက်နဲ့ ဒီအတိုင်း ငြိမ်ငြိမ်လေး နေပြီး အရိုက်ခံခဲ့ရတယ်။

အမေ ဒါကိုသိတာ အရမ်းနောက်ကျသွားတယ်။ ဒါပေမဲ့ သူလည်း ဒါကို ရပ်မပစ်နိုင်ဘူး။ အမေ့အခြေအနေက ကျွန်မနဲ့ သိပ်မကွာပါဘူး။

ခြားနားတာဆိုလို့ အမေ့မှာ ကာကွယ်ပေးမဲ့ အယ်(လ်)ဖာတစ်ယောက်ရှိနေတာပဲ။

ဒါပေမဲ့ အဲဒီအခြေအနေမျိုးမှာ အယ်(လ်)ဖာတစ်ယောက်ကလည်း ကျွန်မကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ငယ်ပေမဲ့လည်း အလိုလို ခံစားမိခဲ့တယ်။

ဒါကြောင့်မို့လို့ ပထမဆုံးအနေနဲ့ ကျွန်မ အမေ့ကို မုန်းတီးမိတယ်။ ၁၀နှစ်အကြာမှာ ကျွန်မ ချစ်လည်း ချစ်ရပြီး မုန်းလည်း မုန်းတီးခဲ့ရတဲ့ အမေက ရထားလုံးမတော်တဆတစ်ခုမှာ အဖေနဲ့အတူ ဆုံးပါးသွားခဲ့တယ်။

အစိုးမရတဲ့ ကောင်းကင်ပါပဲ ဆိုပြီး လူတွေက ဝမ်းနည်းစွာနဲ့ ပြောဆိုကြတယ်။ တိမ်တောင် ရှိမနေတဲ့ ကောင်းကင်ကနေ မိုးကြိုးပစ်လိမ့်မယ်ဆိုတာကို ဘယ်သူက သိမှာလဲလို့ ဆိုပြီး လူတွေ ဇာချဲ့ကြတယ်။

ဒါပေမဲ့ ကျွန်မကတော့ ဘာဆိုဘာမှ မပြောနိုင်ခဲ့ဘူး။ အမေ ဆေးဘူးလေးယူပြီး နေ့တိုင်း ကျွန်မခြေထောက်ကို ဆေးလူးပေးနေကျ။ အဲဒီဆေးဘူးလေးကိုပဲ လက်တွေ တုန်ယင်စွာနဲ့ ကိုင်ထားခဲ့တယ်။

လူတွေက အမေ့ကို အရှက်မရှိတဲ့ အိုမီဂါ ဒါမှမဟုတ် တရားဝင်ဇနီးနေရာကို ခြိမ်းခြောက်နေတဲ့ ရိုင်းစိုင်းတဲ့ မယားငယ် အဖြစ်နဲ့ပဲ သိကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အမေ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ အဖေသိသလားဆိုတာတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်မက လျှို့ဝှက်ချက်ကိုသိတဲ့ တစ်ဦးတည်းသောသူပဲ။

အမေနဲ့အဖေရဲ့ သေဆုံးမှုက လုံးဝ သမားရိုးကျ မတော်တဆမှု လုံးဝ မဟုတ်ဘူး။

ဒါက သေကြောင်းကြံစည်တာ။

မဟုတ်ရင် အသတ်ခံရတာပဲ။

အမေက လျှပ်စီးအစွမ်းရှိတဲ့ သဘာဝအစွမ်းဆိုင်ရာ မှော်ပညာရှင်ပါ။ သူ့မှော်စွမ်းအားတွေက အင်မတန်ကြီးမားပါတယ်။ ကောင်းကင်မှာ တိမ်တွေ ရှိရှိ၊ မရှိရှိ မိုးကြိုးလျှပ်စီးတွေ ပစ်ချနိုင်စွမ်း အမေ့မှာ ရှိပါတယ်။

***

နာရေးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပခဲ့တယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ အဖေက ရို့စ်ဝု(ဒ်)နယ်ရဲ့ အကြီးအကဲ၊ ပြီးတော့ သူက အင်ပါယာမင်းကြီး ယုံကြည်တဲ့ သူရဲကောင်း ဦးစီးလည်း ဖြစ်တယ်လေ။

အဖေနဲ့စာရင် အမေ့နာရေးကတော့ မကောင်းတရောင်းပါပဲ။ သေတဲ့အထိတောင် အသိအမှတ်အပြုမခံရတဲ့အတွက် အမေ့ကို အဖေနဲ့အတူတူ ယှဉ်ထားဖို့ ခွင့်မပြုခဲ့ဘူး။ ကျွန်မကိုလည်း အဖေ့နာရေးကို တက်ဖို့ ခွင့်မပြုခဲ့ဘူး။

အနည်းဆုံးတော့ အိမ်ကြီးရဲ့ အစွန်မှာရှိတဲ့ ဘေးအိမ်လေးမှာ ကျွန်မ အမေ့နာရေးကို တစ်ယောက်တည်း ကျင်းပခဲ့တယ်။

ခေါင်းတလားကို ဖက်တွယ်ထားရင်း ကျွန်မ တစ်ယောက်တည်း ငိုကြွေးခဲ့တယ်။ ဘယ်သူကမှ ကျွန်မအတွက် မလာကြတဲ့အတွက် ဝမ်းနည်းရတယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက အဖေ့နာရေးကို သွားကြတဲ့သူတွေရဲ့ ငိုကြွေးသံကို ဒီကနေအထိ ကြားနေရတာပါပဲ။

"ကျွန်မတို့ ဘာလို့ ဒီလိုမျိုး နေဖို့ လိုအပ်တာလဲ။ ဟင် အမေ။"

ဘာလို့ အမေ သေကြောင်းကြံခဲ့ရတာလဲ။

အဲဒီလောက်တောင်ပဲ အမေ့အတွက် ခက်ခဲနေခဲ့တာလား။

သူ ကျွန်မအတွက်ကိုရော ထည့်မစဉ်းစားတော့ဘူးလား။

"သမီးမှာ အမေပဲ ရှိတာကို။ အမေ...ဒီငရဲမျိုးမှာ သမီးတစ်ယောက်တည်း ဘယ်လိုမျိုး နေသွားရမှာလဲ။"

အခုချိန်ထိ မိုနီကာရဲ့ နှိပ်စက်မှုတွေက အတိုင်းထက်အလွန် ဆိုးဝါးနေတုန်းပါပဲ။ ကျွန်မ တောင့်ခံနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက အမေက ကျွန်မအတွက် အမြဲစိုးရိမ်ပေးနေလို့ပါ။

အဖေက အမေ့ကို နေ့တိုင်းခေါ်တော့ ကျွန်မ သူ့ကို ခဏခဏ မတွေ့ရဘူး။ ဒါပေမဲ့ သူ ကျွန်မရှိရာ ဘေးအိမ်လေးကို ပြေးလာတိုင်း ကျွန်မကို တွေ့ရင် ငိုတော့တာပဲ။ အဲဒီလိုအချိန်မျိုးမှာဆိုရင် ကျွန်မရဲ့နာကြည်းမှုတွေ လွယ်လွယ်နဲ့ ပျောက်သွားတယ်။

အမေစိုးရိမ်နေတာကို နည်းနည်းလေးဖြစ်ဖြစ် လျှော့ပေးလို့ရအောင် ကျွန်မ မိုနီကာရဲ့အစေခံအဖြစ် နေနေရတဲ့ ဘဝကို အံကြိတ်ပြီး သည်းခံခဲ့တယ်။

ပြီးတော့ အချိန်ယူရတယ် ဆိုရင်တောင် သူတို့တွေ တစ်နေ့မှာ ကျွန်မတို့ကို မိသားစုဝင်အဖြစ် လက်ခံလာမှာပါလို့လည်း ကျွန်မ မျှော်လင့်ခဲ့တယ်။ မိသားစုတွေသာဆိုရင် ကျွန်မ ပိုပြီး သည်းခံနိုင်လိမ့်မယ်လို့လည်း တွေးမိတယ်။ ဟုတ်ပါတယ်။ သူတို့တွေ သေချာပေါက် ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်မ တွေးခဲ့တာပါ။

ဒါပေမဲ့ ကျွန်မ တွေးနေခဲ့တာတွေက မျှော်လင့်ချက်တွေ မဟုတ်ဘဲ လုံးဝမဖြစ်နိုင်တဲ့ စိတ်ကူးယဉ်သက်သက်ပါပဲ။ အခုတော့ ကျွန်မ တစ်ဦးတည်းသော မိသားစုဝင်ကိုတောင် ဆုံးရှုံးသွားခဲ့ရပြီ။

ကျွန်မရင်ဘတ်မှာ အပေါက်တစ်ခု ဖြစ်သွားသလိုပဲ။ ကျွန်မနှာခေါင်းကို အမြဲယားစေတတ်တဲ့ အမေ့ဖယ်ရိုမုန်းတွေကို ဘယ်တော့မှ ထပ်ပြီး ခံစားရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့တင်
ကျွန်မ အသက်ရှူမှားမိတယ်။ 

ကျွန်မ အသက်ကြီးလာတာနဲ့အမျှ လည်ပင်းအကျယ်ကိုလိုက်ပြီး လည်ကပ်ကလည်း အလိုလို လိုက်ကျယ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ လည်ကပ်က ကျွန်မလည်ပင်းကို ညှစ်ထားသလိုပဲ။

ဒါကြောင့် အမေဝတ်ပေးပြီးကတည်းကနေ မချွတ်ခဲ့တဲ့ လည်ကပ်ကို ပထမဆုံးအကြိမ် ချွတ်ပစ်လိုက်တယ်။ ဒီမှာ တစ်ယောက်မှမရှိဘူးဆိုတော့ စိတ်ပူစရာလည်း မလိုဘူးလေ။

ဘယ်အချိန်ထိ ဒါကို ဖုံးထားရမှာလဲ။

အခု ကျွန်မမှာ အမေလည်း မရှိတော့ဘူးဆိုတော့ ဒီမှာဆက်နေဖို့ အကြောင်းရင်းရော ကျွန်မမှာ ရှိသေးရဲ့လား။

Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now