{Unicode}
... ပိုင်ဆိုင်ချင်တဲ့
ငါ့စိတ်ရဲ့... အတိမ်အနက်
မင်း မသိဘူး အိန္ဒြေ...။****
နောက်တစ်နေ့...
ကျွန်တော်တို့ အိပ်ရာထဲကနေ မနည်းထွက်ခဲ့ကြပြီး အစ်ကိုကတော့ ဘာတစ်ခွန်းမှ မပြောလာသေးဘဲ အေးဆေးစွာ ရှိနေသည်။ သူ့လုပ်ငန်းဆောင်တာများကို ဒီအတိုင်း လုပ်ပြီး ကျွန်တော့်ကိုလည်း ပုံမှန်အတိုင်း ရှိစေသည်....။
ကျွန်တော်ကတော့ ကြောင်တောင်တောင်နဲ့ ဘာလုပ်ရမှန်း မသိတော့....။ အရီးမြအေးကတော့ ကျွန်တော့်ကိုစိတ်မဝင်စားပေမယ့် စိတ်အလိုမကျမှန်းတော့ သိနေရသည်....။
အခုမှကို ကျွန်တော်က ကျဥ်းထဲကြပ်ထဲဆိုသလိုပင်...။ ဒီမှာနေတော့လည်း မလုံသလို... အိမ်ကိုပြန်ဖို့လည်း အစ်ကိုက ခွင့်မပြုခဲ့...။
ကျွန်တော့်မှာတော့ တစ်ယောက်တည်း နေမရသည့်အဆုံး အစ်ကို့နောက်ကိုသာ လိုက်ပါဖို့ စိတ်ကူးမိပေမယ့် အစ်ကိုကတော့ တင်းကုပ်အောက်မှာ သူ့သူငယ်ချင်း တစ်ချို့နှင့် ရှိနေသည်။
အစ်ကို့ပုံစံက ကျွန်တော့်ကို အာရုံသိပ်မထားသလို ဖြစ်နေတာမို့ ကျွန်တော်လည်း တိတ်တဆိတ် နောက်ဖေးတံခါးဘက်က ပြန်ဖို့ လုပ်မိသည်။
အရီးမြအေးကတော့ ကျွန်တော့်ကို အင်းအဲမဆိုပါ....။ အစ်ကို့အခြေအနေကို တစ်ချက်ကြည့်ရင်းမှ အိမ်ကို ပြန်ဖို့ လုပ်မိတော့....
"ဘယ်ကို ပြန်မလို့လဲ... ကလေးလေးရဲ....။ အိမ်ရှေ့မှာ အပေါက်ရှိတယ်လေ...။"
အစ်ကိုတို့ ဝင်းထရံများက မျက်နှာရှေ့ပိုင်းတွေမှာတော့ အုတ်နံရံတွေ ခတ်ချင်ပေမယ့် အိမ်နီးချင်းအခြေအနေများကြောင့်... ဝါးများကို စိပ်ကာ ခတ်ထားပေမယ့် နောက်ဖေးဘက်ကတော့ တံခါးပေါက်လေးအဖြစ် ခွငယ်လေးဖြင့် လုပ်ထားသလို တစ်ဖက်မှလည်း တံခါးအပိတ်အဖွင့် သစ်သားတံခါးလေးနဲ့ပင်....။
ထိုတစ်ဖက်မှ စပါးကျီကတော့ အမြဲတမ်းပြည့်လျက်ဖြင့်ပင်...။ အစ်ကိုက နောက်ဖေးဘက်မှ ဘာလာလုပ်နေသလဲ မသိ။ အစောနကမှ အိမ်ရှေ့မှာတောင် မြင်မိပါသေးသည်။