ပူပူနွေးနွေးခေါက်ဆွဲပြုတ်တွေ ရောက်လာသည်နဲ့ နှစ်ယောက်သား အစားအသောက်မြင်ကာ မျက်လုံးလေးတွေလက်ခနဲဖြစ်သည်။အဖြူရောင် ကြွေပန်းကန်ဝိုင်းထဲရှိ ခေါက်ဆွဲပြုတ်က အငွေ့တလူလူထနေဆဲ
ဖြစ်သည်။ကြက်ဥနှစ်ခြမ်းခွဲထည့်ထားပြီး အရွက်စုံပါသည်။ကြက်သွန်မြိတ်ကိုက်ထည့်ထားကာ စားချင်စရာပင်။"အချစ်လေး..အရွက်စားမလား"
"ထည့်လေ"
မြတ်ကိုက သူ့ပန်းကန်ထဲရှိ အရွက်တွေကို တူနဲ့ညှပ်ယူကာ ချမ်း ပန်းကန်ထဲ ထည့်ပေးသည်။မြတ်ကိုက အရွက် သိပ်မစားပေ။ချမ်း က အရွက်ကြိုက်သူဖြစ်သည်။ချမ်း က မြတ်ကို ပန်းကန်ထဲ ကြက်ဥတစ်ခြမ်း ပြန် ထည့်ပေးသည်။
"အချစ်လေး မင်းက အကောင်းဆုံးပဲ"
မြတ်ကိုက ချမ်း ထည့်ပေးသည့် ကြက်ဥကို တစ်ကိုက်ကိုက်လိုက်ရင်းမှ ကျေနပ်စွာပြုံးပြုံးကြီးဆိုသည်။
"ဒါနဲ့ မင်းယောကျာ်း မမြင်ပါ့လား"
ချမ်းက ခေါက်ဆွဲပြုတ်စားရင်းမှ မေးလာသည်။ချမ်း မြတ်ကို တို့အိမ်မှ ကိုသော်ဇင်ကိုမမြင်ခဲ့၍ မေးလိုက်သည်။ကိုသော်ဇင် မြတ်ကိုနဲ့ ခိုးပြေးသွားသည်ကြားတော့ မာမီက အံ့ဩမဆုံးပေ။ဒယ်ဒီက မဂ်လာပွဲအတွက် တာဝန်ယူမည်ဆိုသည်။ငယ်ငယ်ကတည်းက အိမ်မှာနေ၍အိမ်မှာပင် ကြီးပြင်းလာသည့် ကိုသော်ဇင်က ချမ်း တို့ အတွက် မိသားစုဝင်လိုပါပင်။ဒယ်ဒီနှင့်မာမီကလည်း ကိုသော်ဇင်အ
ပေါ်သံယောဇဉ် ရှိကြသည်။မြတ်ကိုက ပါးစပ်ထဲရှိကြက်ဥကို ဝါးကာမြိုချပြီးမှ...
"သူ သင်တန်းတက်နေတယ်လေ..ဒယ်ဒီက MBAတက်မှ ငါနဲ့ သဘောတူမယ်ဆိုလို့"
"အင်း..ကောင်းသားပဲ"
မြတ်ကို ပြောတော့ ချမ်း က ခေါင်းငြိမ့်သည်။
နှစ်ယောက်သား စကားပြောသည်ကို ရပ်တန့်ပြီး စားသောက်ခြင်းကို အာရုံစိုက်လိုက်ကြသည်။မနက် ရှစ်နာရီ ဝန်းကျင်ခန့်သာ ရှိသေးသည်မို့ ဆိုင်ထဲတွင် လူအနည်းစုသာ ရှိသေးသည်။ဒေါ်မေချိူ စီးလာမည့် flightက ဆယ်နာရီမှာဆိုက်မည်ဖြစ်သည်။မြတ်ကိုက စကားပြောသွက်သလို အစားအသောက်လည်း မြန်ပေသည်။ခဏချင်း အတွင်းမှာ ခေါက်ဆွဲပြုတ်ပန်းကန်က တစ်ဝက်ကျသွားပြီဖြစ်သည်။