Chapter 30

5.4K 88 32
                                    

အခန်း "30"

"ကိုကို သား...သွေးပေးမယ်"

ဆန်းလေးက မြတ်လေးငယ် လက်ထဲမှ သနပ်ခါးတုံးကိုယူကာ သနပ်ခါးသွေးပေးရန် ရည်ရွယ်ပေမဲ့ မြတ်လေးငယ်ကလက်မခံပေ။

"မင်းမသွေးတတ်ပဲနဲ့...ကိုကို သွေး‌မယ်...ငြိမ်ငြိမ်လေး ထိုင် နေ"

"ဟုတ်ကဲ့...ကိုကို"

ဆန်းလေးက မြတ်လေးငယ်စကားကို နားထောင်ကာ တပလင်ခွေလျက်ပင် ငြိမ်ငြိမ်လေး ထိုင်နေသည်။လူတစ်ရပ်မျှ လေးထောင့် မှန်အရှည်ကြီး ရှေ့တွင် သနပ်ခါးကျောက်ပျဥ် ချထားသည်ဖြစ်ပြီး မြတ်လေးငယ်လေးက သနပ်ခါးတုံးဖြင့်အားသွန်ခွန်စိုက် သနပ်ခါးသွေးနေပေသည်။သူ့ကိုကို သနပ်ခါးလိမ်းသည်ကို မြင်ပြီး ဆန်းလေးကဂုဏ်ထည်အားသနပ်ခါးကျောက်ပျဉ်နှင့် သနပ်ခါးတုံး လိုချင်ပါသည်ဟု ပူဆာ၍ ဂုဏ်ထည်စီစဉ်ပေးထားရခြင်းဖြစ်သည်။ဆန်းလေး ဒီရောက်လာကတည်းက ကလေးလေးနှစ်ယောက်အမြဲတမ်း တပူးတွဲတွဲပင်။ညအိပ်ချိန်တောင် မြတ်လေးငယ် အဘွားဖြစ်သူဆူမှာကြောက်၍ အိမ်ပြန်အိပ်ခြင်းဖြစ်သည်။

"ကိုကို ဒီပန်းတွေက ဘယ်လိုလုပ်မှာလဲ"

ဆန်းလေးက ပုဝါစလေးထဲတွင် ထည့်ထားသော ကံ့ကော်ပန်းခြောက်တွေကိုကြည့်ကာမေးသည်။ကိုကိုက ဒီပန်းတွေ သနပ်ခါးထဲ ထည့်လိမ်းမှာဟုဆိုသည်။အဲဒါဆို အရမ်းမွှေးတယ်တဲ့လေ။ကိုကို ပြောတာတကယ်မှန်ပါသည်။ကိုကို့နားကပ်တိုင်း ကိုကို့ဆီက ထိုပန်းနံ့မွှေးမွှေးလေးရသည်။ဆန်းလေး မေးတော့ မြတ်လေးငယ်က သနပ်ခါးသွေးခြင်းကို ရပ်ပြီး ဖြန့်ထားသည့် ပုဝါစလေးထဲမှ ကံ့ကော်ပန်းခြောက်လေး တစ်ပွင့်ကိုယူသည်။

"ဒီ ဝတ်ဆံလေးတွေက မွှေးတာလေ...ဆန်း..ဝတ်ဆံလေးတွေကို ဒီလေချွေပြီး သနပ်ခါးထဲ ထည့်သွေးမယ်"

မြတ်လေးငယ်က အပြောနဲ့အလုပ်ညီစွာ ကံ့ကော်ပန်းခြောက်လေးကို ဝတ်ဆံချွေကာသွေးထားသည့် သနပ်ခါးပြစ်ပြစ်ထဲ ဝတ်ဆံလေးတွေထည့်သွေးသည်။ကံ့ကော်ပန်းက ခြောက်နေသည့်တိုင် ဝတ်ဆံလေးတွေက သင်းပျံ့ပျံ့အနံ့လေးမွှေးနေဆဲဖြစ်သည်။မြတ်လေးငယ် ငယ်စဉ်ကတည်းက အဘွားဖြစ်သူက ထိုသို့လုပ်ကာ သနပ်ခါးလိမ်းပေးနေကျမို့ မြတ်လေးငယ် ကိုယ်တိုင်လည်း ထိုသို့လိမ်းတတ်လာသည်။ပန်း နံ့လေးမွှေးနေသည်ကို သူ သဘောကျတယ်လေ။

Falling in love with my husband (season 2)Onde histórias criam vida. Descubra agora