အပိုင်း (၅၀)

4.1K 520 28
                                    






"စစ်သူကြီး… တကယ်ပြောတာပါ…"

မို့ရန် သူမကို ကူကယ်နိုင်မည့်သူဖြစ်သော ဟွာရှန့်နောက်နားတွင် ရပ်နေသည့် လက်ထောက်ဝူကို အကူအညီတောင်းလိုသော မျက်ဝန်းများဖြင့် လှမ်းကြည့်သည်။ လက်ထောက်ဝူကလည်း သူ မကူညီနိုင်ဘူး ဆိုသည့်သဘောဖြင့် ခေါင်းကို အသာခါပြသည်။

"လက်ထောက်ဝူ…"

"ဟုတ်ကဲ့.. စစ်သူကြီး…"

"မနက်ဖြန်မနက်စောစောမှာ သူ့ကို လေ့ကျင့်ကွင်းထဲ ပို့ထားလိုက်…"

ဟွာရှန့်ထိုမျှသာ ပြောပြီး ထွက်သွားသည်။ လက်ထောက်ဝူက မို့ရန်ကို မင်းတော့ သေပြီ ဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ကြည့်သွားသည်။ တကယ်ပင် သူမ သေလုမျောပါးပင် လေ့ကျင့်ခံရသည်။ စစ်သည်တို့ကို သင်ပေးသည့် အခြားသော တပ်မှူးများ ရှိသော်လည်း ဟွာရှန့်က သူမကို ကိုယ်တိုင်သင်ပေးလေသည်။ မို့ရန်က ကြိုးစားသင်ယူသော်လည်း ဟွာရှန့်လိုချင်သည့် ကျွမ်းကျင်အဆင့်ရောက်အောင် ဘယ်လိုလုပ် ဖြစ်နိုင်ဦးမည်နည်း။ သစ်သားဓါးများဖြင့် အရိုက်ခံရသည်။ ရိုက်ရင်းနှင့် သင်ပေးသည်။ ပင်ပန်းလွန်းလို့ မြေကြီးပေါ် လှဲသိပ်ခံရတာတောင် မထနိုင်တော့။ သူမ ထိုသို့ဖြစ်လေလေ ဟွာရှန့်က ပိုဖိသင်လေလေ။ တစ်ပတ်ခန့်အကြာတွင် ပြင်းထန်သော လေ့ကျင့်ခန်းများကြောင့် သူမ မတ်တပ်တောင် ရပ်ဖို့ အနိုင်နိုင်ပင်။ ဒီနေ့လည်း လေ့ကျင့်ကွင်းထဲ တိုင်မှီပြီး ရပ်နေရသည်။ အရမ်းကို နားချင်သည်။

"မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ…"

မို့ရန် သူရှိရာဆီ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်သွားပြီး ယှဉ်ရပ်လိုက်သည်။ ဟွာရှန့်က စားပွဲပေါ်တင်ထားသည့် လေးကို ယူကာ မြားတစ်ချောင်းကို ပစ်ခွင်းပြသည်။ မြားက ပစ်မှတ်တည့်တည့်သို့ တစ်ထွာခန့် ဖောက်ပြီး စိုက်ဝင်သွားသည်။

"မင်း ပစ်ကြည့်…"

ကမ်းပေးလာသည့် လေးကို သူမ ယူကာ ပစ်မှတ်ကို ပစ်သည်။ လက်အား မသန်သည့်အတွက် မြားက ပစ်မှတ်ဆီကိုတောင် မရောက်လိုက်။ လမ်းတစ်ဝက်မှာပင် ပြုတ်ကျသွားသည်။ နောက်ထပ်မြားတစ်ချောင်းယူကာ ထပ်ပစ်သည်။ မျက်လုံးက တဖြည်းဖြည်းဝါးလာသည့်အတွက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပစ်လွှတ်ကြည့်သည်။ ဒီတစ်ခါ ပစ်မှတ်နှင့် လုံးဝ တစ်လွဲ။ ဟွာရှန့် သူမအနား ရောက်လာသည်။ ပိုမှန်အောင်ပြောရရင် သူမနောက်နားတွင် ရပ်ပြီး လေးကိုင်ထားသည့် လက်ကို ဆွဲယူလိုက်ခြင်းပင်။
"လက်ကို တည့်တည့်ထား… ခြေထောက်ကို ခွဲရပ်…"

ကြင်ယာတော် "မို့ရန်"Where stories live. Discover now