ep 1

247K 8.4K 821
                                    

ဒီကမ္ဘာမှာသူအယုံကြည်ရဆုံးလူသားကို ပြပါဟုဆိုလျှင် သူမောင့်ကိုလက်ညိုးထိုးပြမိမှာအမှန် ၊ ထို့အတူ ဒီကမ္ဘာပေါ်မှာ သူမယုံကြည်ချင်ဆုံးသောသူကိုပြပါဟုဆိုလျှင် မောင့်ကိုပဲလက်ညိုးထိုးပြမိပါဦးမည် ။ သူ့ရဲ့ခံယူချက်တွေက နှစ်တွေကြာလာတာနဲ့ပြောင်းလဲသွားတာလားဟု မေးခွန်းထုတ်လျှင် သူခေါင်းခါရမှာပဲ ။ သူ မောင့်အပေါ်ထားခဲ့တဲ့ခံစားချက် ၊ ခံယူချက်တွေက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဖူး ။ ပတ်ဝန်းကျင်ကြောင့်သာ မောင်ကသူ့အပေါ်ပြောင်းလဲသွားခဲ့တာဟု သူစွပ်စွဲချင်ပါ၏ ။

အကိုသာ မရှိရင် ကျွန်တော့်ကမ္ဘာပျက်ရလိမ့်မယ်တဲ့ ။

လွန်ခဲ့တဲ့ခြောက်နှစ်က အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ခိုင်မြဲကိုက တက္ကသိုလ်ဒုတိယနှစ်တက်ရောက်နေတဲ့ စိုးရာပြည့်ဆိုတဲ့ သူ့ကိုချစ်ခွင့်ပန်ခဲ့တဲ့စကားတစ်ခွန်းဖြစ်သည် ။ ထိုအချိန်တုန်းက ကလေးတစ်ယောက်က ပြောခဲ့တဲ့စကားတစ်ခွန်းကို သူဘာကြောင့်အတည်မှတ်ယူမိပါလိမ့် ။ မောင့်ရဲ့အချစ်ကို သူငြင်းဆန်ခဲ့ပါသေးသည် ။ သို့သော် တဇွတ်ထိုးလုပ်တတ်ပြီး ကလေးဆန်သောမောင်သည် သူအကြာကြီးငြင်းဆန်ဖို့အားမရှိရလေသည်အထိ သူ့ကိုဆက်တိုက်ချည်းကပ်ခဲ့သောကြောင့် နောက်ဆုံး သူမောင့်ကို အရူံးပေးခဲ့ရသည် ။ မောင် တက္ကသိုလ်စတက်တဲ့နေ့မှာပင် သူမောင့်ကို ရွေးချယ်ဖို့ရာဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်အတိုင်း ဤယနေ့အထိနေထိုင်ခဲ့သည် ။ သို့သော် ခြောက်နှစ်အလွန်မှာတော့ ခိုင်မြဲကိုရဲ့ကမ္ဘာက ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပြီး စိုးရာပြည့်ရဲ့ကမ္ဘာကတော့ တစ်စစပျက်သုန်းလာမှန်း အချိန်တွေလွန်မှ သိလိုက်ရလေ၏ ။

ဟုတ်တယ် .... ခြောက်နှစ်တောင်ကြာခဲ့ပြီ ။ သူတို့စတင်လက်တွဲခဲ့တဲ့နေ့ ၊ ခိုင်မြဲကို,ကို စိုးရာပြည့်က ယုံကြည်မှုတွေ ပုံအပ်လာခဲ့တာ ဒီနေ့က ခြောက်နှစ်တင်းတင်းပြည့်တဲ့နေ့ ။

ညကိုးနာရီရှိပြီ ။ ခိုင်မြဲကိုတစ်ယောက် အခုထိအိမ်ပြန်မလာသေးဘူး ။ နှစ်ပတ်လည်နေ့အတွက် ရာပြည့်ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းကြီးကလည်း အေးစက်လို့ ။ ဘယ် TV channel လိုင်းကို ဖွင့်ထားမှန်း သူမသိပေမယ့် ဧည့်ခန်းထဲက TV ရှေ့မှာ ငုတ်တုတ်ကြီးထိုင်လျှက် ပွင့်လာမယ့်တံခါးတစ်ချပ်ကိုသာ စောင့်မျှော်နေမိသည် ။ ယခုလပိုင်းတွေမှာ မောင်တစ်ယောက် သူ့မေမေ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ကို ပုံမှန်ပြန်မလာတတ်တော့ ။ ချစ်သူဖြစ်ကာစက မထည့်တွက်မိခဲ့တဲ့ မိဘအသိုင်းအ၀ိုင်းကလည်း အခုချိန်မှာ သူတို့အတွက် ဖိအားတစ်ခုလို ဖြစ်လာချေပြီ ။ မိခင်က နှလုံးရောဂါရှိလို့ သားသမီးက မိဘပေးစားတဲ့သူကိုယူလိုက်ရတယ်ဆိုတာ ဇာတ်လမ်းတွဲတွေမှာပဲရှိတယ်လို့ထင်ဖူးတာ ။ အခု မောင့်ရဲ့မေမေဟာ သူပဲဇာတ်ညွှန်းရေး ၊ သူပဲဒါရိုက်တာလုပ် ၊ သူပဲ သရုပ်ဆောင်ကာ ဒရာမာတွေချိုးနေတာကို ရာပြည့် မျက်ဝါးထင်ထင်တွေ့လိုက်ရတော့မှ တကယ်ပဲ သြချရခဲ့သည် ။ မောင့်မေမေသည် မောင်မရှိတုန်း သူ့ရဲ့တိုက်ခန်းထိလာပြီး မောင်နဲ့အဆက်ဖြတ်ဖို့ပြောခဲ့ဖူးသည် ။ သူ့မှာလည်းမာနလေးတွေရှိပေမယ့် သူမောင့်ကိုမှလက်မလွှတ်နိုင်ခဲ့တာ ။ သူပြန်ကြားပါတယ် ၊ သူတို့မောင့်ကို မိန်းကလေးတစ်ယောက်နဲ့ အတင်းပေးတွေ့နေတယ်ဆိုတာ ။ မောင်က သားလိမ်မာတစ်ယောက်မဟုတ်ပေမယ့် မိဘကိုသေသေရှင်ရှင်ပစ်ထားတတ်တဲ့ သားဆိုးတစ်ယောက်မှမဟုတ်တာ ။မောင့်ရဲ့ မူမမှန်တဲ့ခြေလှမ်းတွေကို ရိပ်မိနေပေမယ့် မောင့်နူတ်ဖျားက ကိုယ်တိုင်ထွက်ဆိုလာမည့် အတည်ပြုမှုကို မကြားရဲသေး၍ ဆွံ့အနားမကြားတစ်ယောက်လို မောင့်ဘေးမှာ နေနေမြဲရှိနေခဲ့သည် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now