ep 16

49.5K 4.1K 183
                                    


" အကို .......... အပြင်ထွက်ခဲ့ပါဦး ။ ကျွန်တော် အခု အကို့အဆောင်ရှေ့ရောက်နေတယ် "

မိုးမလင်းသေးဘူး ၀င်လာတဲ့ဖုန်းကြောင့် ရာပြည့်အိပ်ချင်မူးတူးသမ်းဝေရင်း ထထိုင်လိုက်သည် ။ ဟုတ်သားပဲ ........ ဒီနေ့က ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့လေ ။ ရာပြည့် မျက်နှာပင်မသစ်ဘဲ မျက်လုံးကို လက်နဲ့ပွတ်သပ်ကာ အဆောင်ရှေ့သွားလိုက်သည် ။ သူ ထွက်လာသည်ကိုမြင်တော့ လျှာထိုးဦးထုပ်အနက်ဆောင်းထားသည့် ကောင်လေးတစ်ယောက်သည် ဘာမပြောညာမပြော သူ့ဆီပြေးဝင်လာပြီး သိုင်းဖက်လာသည် ။

" ကျွန်တော် စာမေးပွဲအောင်တယ် ... အကို ။ ဂုဏ်ထူး ၄ ဘာသာပါတယ် ။ ၀မ်းသာလွန်းလို့ အိမ်ကလူတွေနဲ့ ပြန်မလိုက်ဘဲ အကို့ဆီပြေးလာတာ "

ဒီတစ်ခါတော့ ရာပြည့် ခိုင်မြဲကို မဆူဆဲမိ၊ မတွန်းထုတ်မိ ။ သူ့ရဲ့ကျောကုန်းကို သာသာလေးပြန်ပုတ်ပေးရင်း ချီးကျူးစကားဆိုလိုက်သည် ။

" တော်တယ် ......... ခိုင်မြဲကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ် "

မနက် ၅ နာရီတောင် မထိုးသေးလို့ လမ်းမှာ လူရှင်းလို့သာတော်သေးသည် ။ ခိုင်မြဲက ရာပြည့်လောက် အရပ်မရှည်သေးလို့ နည်းနည်းခြေဖျားထောက်ကာ တိုး၍ ဖက်ထားလေသည် ။ အစက ဂုဏ်ယူတယ်ဆိုပြီး ရာပြည့်ကလည်း ပြန်လည်ပွေ့ဖက်ထားပေးမယ့် ၅ မိနစ်ကြာတဲ့အထိ သူ့ကိုပြန်မလွတ်ပေးလို့ အတင်းဆွဲခွာလိုက်ရသည် ။

" ငါ့ကို လွတ်ဦး ။ အဆောင်ရှေ့မှာ မရှက်ဘူးလား "

" အဟီး ...... ဒါက အကို့ကို ပထမဦးဆုံး ဖက်ခွင့်ရတာမလို့ ကျွန်တော် အရမ်းပျော်တယ် ။ ကျွန်တော့်ကို ဆုပေးမယ်မလား "

မျက်လုံးလေး ကလယ်ကလယ်နဲ့ မေးလာသည့် ခိုင်မြဲမေးခွန်းကို ရာပြည့် ခေါင်းကုတ်ရင်း နားမလည်သလို လုပ်နေလိုက်သည် ။ ဒီစာမေးပွဲအောင်ရင် လိုချင်တာပေးမယ်ပြောထားတာ ။ ဒါပေမယ့် သူက ၁၈ နှစ်မှ မပြည့်သေးတာ ။ ကလေးမုန့်ပေးကြိုက်တယ်လို့ ပတ်ဝန်းကျင်က ထင်ဦးမယ် ။

" အင်း ...... မင်း ဘာစားချင်လဲ "

" ဘာစားချင်လဲ မဟုတ်ဘူးလေ ။ ဘာလိုချင်လဲ မေးရမှာလေ "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now