Part 8 (u)

602 34 1
                                    

မလာဖြစ်တာကြာပြီဖြစ်သော အမေ့အိမ်ထဲသို့လှမ်းဝင်လိုက်သည်။ အဖွားအိမ်မှာပဲနေဖြစ်တာများ၍ အမေ့အိမ်ဘက်မရောက်ဖြစ်။ မီးဖိုချောင် ဘက်မှကြော်လှော် ချက်ပြုတ်နေသံများကြားသော်လည်း
အမေကတော့ အိမ်ရှေ့တွင် TV ထိုင်ကြည့်နေသည်။ အမေက ကိုယ့်ကိုမြင်သွားပြီး

"သမီး ပြန်လာပြီလား။ ဘယ်နေ့ကရောက်လဲ"

"မနေ့ကပဲ"

"ထိုင်ဦး သမီး။ ထမင်း ဒီမှာပဲစားသွား"

ထိုစဉ် မီးဖိုချောင်မှ
"ခိုင်ရေ ပုစွန်ဟင်းကျက်ပြီ။ အရည်သောက်လေးက ခြံထဲက စူကာညွန့်လေးခူးပြီးချက်လိုက်မယ်နော်"

"အင်း အဆင်ပြေသလိုလုပ်လိုက်"

မြူနှင်းအမေ့ဘေးတွင်ဝင်ထိုင်လိုက်သည်။
အမေ့လူက ဟင်းတွေဘာတွေချက်နေတယ်ဆိုတော့ ကောင်းသားပဲ။ ဟင်းချက်ပျင်းတဲ့အမေ့အတွက်တော့ ကောင်းတာပေါ့။ ရှုပ်ပွနေသောအိမ်ကလည်း သပ်သပ်ရပ်ရပ် ဖြစ်နေသည်ဆိုတော့ အမေရှင်းတာတော့မဖြစ်နိုင်။အဖေနဲ့နေတုန်းကထက်အများကြီးကွာသည်။ အဖေက အိမ်ပြန်မလာတာများသည်။ အိမ်ပြန်လာပြန်လျှင်လည်း အမေ့ကို ပြဿနာရှာနေတာကများသည်။

လူတစ်ယောက်က ဘာအကြောင်းပြချက်နဲ့မှ
ကိုယ့်ကိုနာကျင်တဲ့လူတစ်ယောက်ဘေးနာ သည်းခံပြီးနေစရာမလို။ မြူနှင်းအတွက်ကတော့ ဘယ်လိုဖြစ်ဖြစ် အမေ့ရွေးချယ်မှု မှန်သည်။

အမေနှင့် မြူနှင်းဆက်ဆံရေးက အရမ်းကြီးရင်းနှီးမနေ။ ပြောရရင် မိသားစုဝင်ထဲက ဘယ်သူနဲ့မှရင်းရင်းနှီးနှီးဖြစ်မနေ။ အဖွားက မြူနှင်း ကိုသူ့မြေးအဖြစ်အသိအမှတ်ပြုသော်လည်း အမေနှင့်ပတ်သက်၍ စကားများကြလျှင်ဖြစ်ဖြစ်၊ မြူနှင်း ကခွန်းတုံ့ပြန်ပြောမိလျှင်ဖြစ်ဖြစ် ၊ သူတို့ဘက်က ကျောင်းစရိတ်ထောက်နေရသည်ဆိုကာ ကျောင်းစားရိတ်နှင့်ကိုင်ပေါက်တတ်သည်။

ပိုက်ဆံမရှိသည့်ဘဝ ၊ ဆင်းရဲသည့်ဘဝကို မြူနှင်း မုန်းသည်။ သူတပါးအပေါ်မှီခိုနေရခြင်းကိုလည်းမုန်းသည်။ ထိုအခါမျိုးတွင် သားသမီးကို ပြည့်ပြည့်စုံစုံ မထောက်ပံ့နိုင်သော အမေနှင့် အဖေကိုသာ
အပြစ်တင်မိသည်။
အကယ်၍ မြူနှင်း သာ ချမ်းသာသောမိသားစု
မှမွေးဖွားလာရင်ကောင်းသားဟု စိတ်ကူးမိသည်။
ဘယ်သူ့မျက်နှာမှကြည့်နေစရာမလို ၊ မျက်နှာငယ်စရာမလိုဘဲ ဘဝကိုရှင်သန်ချင်သည်။

သားသမီးကိုဂရုမစိုက်တတ်သော အမေနှင့် လောင်းကစားသမား အဖေ။ မိသားစုမေတ္တာဆိုတာဘာမှန်းမသိပဲ အိမ်တွင်းရန်ပွဲများကြား ကြီးပြင်းခဲ့ရသည်။ နှစ်သိမ့်ပေးမည့် သူငယ်ချင်းဟူ၍လည်းမရှိ။
မြူနှင်း အပေါင်းအသင်းညံ့တာလည်းပါမည်။
ငယ်စဉ်ကတည်းက လူတိုင်းနှင့်မတည့်သော၊ စိတ်ဆတ်သော၊ စွာသော မြူနှင်း ကို ဘယ်သူကမျှ
အပေါင်းအသင်း မလုပ်ချင်ကြ။ စာတော်ပြီးညဏ်ကောင်းတာလေးတစ်ခုပဲ ချီးကျူးစရာရှိသည်။

သူများတွေလို လှချင်သည်။ မြူနှင်းသာ လှခဲ့ရင်
ထားသွားခံရမှာမဟုတ်ဟုတွေးမိသည်။ အထူးသဖြင့် IT queen လေး အိမ့်မြတ်သဇင် လိုချစ်ဖို့ကောင်းခဲ့ရင်ပေါ့။ နဂိုရုပ်ရည်က မလှသည့်အပြင် ပြင်ပြင်ဆင်ဆင်လည်းမနေတတ်ပြန်တော့ ဘယ်နေရာကြည့်ကြည့် သဘောကျချင်စရာ တစက်မျှမရှိ။

ရုပ်ရည်နှင့်ပတ်သက်၍လည်း depression ခဏခဏဝင်သည်။ ကံကြမ္မာ နှင့်ပတ်သက်၍လည်း depression ဝင်သည်။ ကလေးဘဝကိုပြန်တွေးကြည့်လျှင်လည်း ပျော်ရွှင်မှုဆိုတာမျိုးမရှိခဲ့။

Girl With Philophobia (completed) Where stories live. Discover now