Part 32

430 29 0
                                    

ကျောင်းသင်္ကြန်...
ပူပြင်းလှသော နွေရာသီထဲရောက်ရှိလာပြီဖြစ်သလို First sem စာမေးပွဲကြီးလည်း တဖြည်းဖြည်း နီးလာလေပြီ။ ဋ္ဌာန အသီးသီးရှေ့တွင် မဏ္ဍပ်များထိုးထားပြီး စတုဒီသာ မုန့်များ၊ အအေးများခင်းကျင်းထားကြပြီး၊ အချို့ဋ္ဌာနများတွင် ရေကစားမဏ္ဍပ်များလည်းထိုးထားကြသည်။

မြူနှင်း တို့ ဋ္ဌာနကတော့ ခြောက်ကပ်နေသည်။
ဘေးအစွန်ဆုံးဘက် ရောက်နေသည်ကတကြောင်း၊ မေဂျာမှလူများ Main building ရှိ မဏ္ဍပ်ကြီးတွင် သွားကဲနေသည်က တစ်ကြောင်းကြောင့်
ဋ္ဌာန တွင် မြူနှင်း အပါအဝင် မိန်းကလေးငါးယောက်သာရှိသည်။ မုန့်လိုက်ဆောင်းပွဲများကိုပြင်ဆင်ကာ စားပွဲပေါ်တင်နေသည်။

ကျောပြင်မှအေးကနဲအထိအတွေ့နှင့်အတူ
ရေတွေရွှဲကုန်သည်။ နောက်ကိုလှည့်ကြည့်မိတော့
ရေပုံးကို ကိုင်ကာရပ်နေသော ဘုန်းဝေ။
Dinner ညက ပြောလိုက်ကတည်းက ဖုန်းမဆက် စကားလည်းလာမပြောသော သူက ..
မြူနှင်း ကိုစိတ်ဆိုးသွားပြီး ထပ်မပတ်သက်တော့ဘူးထင်နေတာ။ ဘုန်းဝေမျက်နှာပေါ်တွင် အရင်လို ကျွန်မကိုတွေ့လျှင်ပြုံးလေ့ရှိသော အပြုံးမျိုးမရှိ။သူ့ထံတွင် တခါမှ မတွေ့ဖူးခဲ့သော မာကြောသည့်မျက်နှာထား ၊ အေးစက်နေသည့်အသွင်အပြင်၊
ပျော်ပျော်နေတတ်တဲ့ကောင်လေးက ဘယ်လိုဖြစ်သွားတာပါလိမ့်။

"သတိရနေလို့"

သူ့ဆီမှ ပထမဆုံးထွက်လာသောစကား။
အင်း..ကျွန်မလည်း သတိရတာပဲ။

မုန့်လက်ဆောင်းဖတ်များကို ခွက်ထဲထည့်လိုက်ရင်း
"သြော် ...အင်း"ဟု ကျွန်မဖြေလိုက်သည်။
ဘေးမှ မိန်းကလေးနှစ်ယောက်က ကျွန်မတို့အခြေအနေကို သိသည့်ဟန်ဖြင့် ဋ္ဌာနထဲဝင်သွားကြသည်။ အပြင်ဘက် မဏ္ဍပ်နားတွင် ကျွန်မတို့ နှစ်ယောက်သာကျန်ခဲ့သည်။

"နင့်မှာပြောစရာစကားမရှိဘူးလား"

"ဘာပြောရမှာလဲ"
သူ့ဘက်ကိုလှည့်မကြည့်ပဲ မုန့်လက်ဆောင်းပွဲများကိုသာပြင်ဆင်နေမိသည်။

"နင့်ငါ့ကို မချစ်ဘူးလားဟင်"

သူကျတော့ ချစ်တယ် လို့တောင်တခါမှမပြောဖူးခဲ့ပဲနဲ့ ကျွန်မကိုကျ မချစ်ဘူးလား လို့မေးနေတယ်တဲ့။ သံယောဇဉ် တစ်ခုကို ထပ်ဆုံးရှုံးရမှာကြောက်နေတဲ့ ငါ့စိတ်ကိုနင်မသိဘူး ဘုန်းဝေ။
နင်မေးတာကို ငါမဖြေနိုင်တာမဟုတ်ဘူး ၊ ငါမဖြေချင်တာ၊ နောင်တချိန်ကျရင် နာကျင်ရမှာကို ငါ
မခံစားနိုင်လို့။

"ငါ့ကိုကြည့်ပြီးဖြေ မြူနှင်း ၊ ငါမေးတဲ့ဟာကို"

"ငါပြောပြီးသားပဲ ဘုန်းဝေ၊ ငါနင့်ကို သူငယ်ချင်းလိုပဲချစ်တယ်လို့"

သူ ကျွန်မကို ခပ်စိမ်းစိမ်းကြည့်လိုက်ရင်း

"မင်းက အရမ်းကြောက်ဖို့ကောင်းတဲ့ မိန်းမပဲ မြူနှင်းဝေ"

မင်း..မင်းတဲ့။ အဲ့ဒီ အသုံးအနှုန်း မှာ သူ့အမုန်းတွေပါနေတယ်။

"မင်းကိုငါသနားခဲ့မိတာ.."

"ဘယ်သူက သနားခိုင်းလို့လဲ"

"မင်းစိတ်ထဲမှာ ဟိန်းမြတ်သူ ပဲရှိတယ်ဆိုတာ ငါသိခဲ့သင့်တယ်။ ငါ့ကိုအစားထိုးပြီးအသုံးချခဲ့တာ
ငါမသိခဲ့ဘူး။ ရင်ထဲမှာ ယောက်ျားလေးတစ်ယောက်ကို ထည့်ထားပြီး တခြားယောက်ျားလေးတစ်ယောက်နဲ့ ရယ်မောနေနိုင်တဲ့မင်းကို ငါလေးစားပါတယ်"

အဲ့လိုမဟုတ်ပါဘူး ။ အစားထိုးခဲ့တာမဟုတ်ပါဘူး
ဟု ရှင်းပြခြင်းသော်လည်း ကျွန်မပါးစပ်မှ ဘာစကားမှထွက်မလာခဲ့။ သူ့ကိုသာကြည့်နေမိသည်။

"မင်းရင်ထဲမှာ ငါရှိနေလောက်ပြီလို့ထင်ခဲ့တာ။
တကယ်တော့ ငါက မင်းအချစ်ဦးဆိုတဲ့ကောင်ကို
မယှဉ်နိုင်ခဲ့ဘူး။ နေသားကျနေပါပြီ၊ ငါကအမြဲတမ်း တစ်ယောက်တည်းပါပဲ။ မင်းကို နှလုံးသားတစ်ခုလုံးနဲ့ မျှော်လင့်ခဲ့မိတာကလွဲလို့ ။ မင်းကိုငါ့ဘေးနားမှာ ရှိစေချင်မိတာကလွဲလို့ "

သူ့အသံတွေတုန်နေသည်ကိုသတိထားမိသည်။
ကျွန်မ မှားသွားပြီလား။ နှစ်ယောက်လုံးအတွက် ကျွန်မရွေးချယ်ခဲ့တဲ့လမ်းက မှားနေတာလား။
အဲ့လိုဖြစ်စေချင်ခဲ့တာမဟုတ်ဘူးလေ။

"ဟုတ်ပြီလေ ။ ငါထွက်သွားပေးမယ်။
မင်းရှေ့ကနေထွက်သွားပေးမယ် မင်းကိုကြောက်လွန်းလို့"

"နင်အထင်လွဲနေပြီ"

"တော်ပါတော့ ၊ ငါ့ကိုအရုပ်တစ်ရုပ်လိုကစားခဲ့တာ
တော်သင့်ပါပြီ။ ထပ်လည်းမပတ်သက်ချင်တော့ဘူး"

ကျွန်မကိုကျောခိုင်းသွားသော ကျောပြင်ကိုကြည့်နေရင်း ကျွန်မ ထိုင်ချလိုက်မိသည်။
ဘယ်အချိန်ကတည်းက ကျနေမှန်းမသိသော
မျက်ရည်များကို လက်နှင့်ဖိသုတ်ပစ်ရင်း ...။
သူလည်း ကျွန်မကို နားမလည်ဘူးပဲ။
ကျွန်မစိတ်ကိုနားမလည်ဘူး။
ကျွန်မ ခံစားချက်တွေကိုလည်း နားမလည်ဘူး။
ဟိန်းမြတ်သူ ကို လုံးလုံးမမေ့သေးဘူးဆိုပေမယ့်
သူ့ကိုတော့ ဟိန်းမြတ်နေရာမှာ အစားထိုးခဲ့တာ
မဟုတ်ခဲ့ပါ။

Girl With Philophobia (completed) Where stories live. Discover now