အပိုင်း (၅၈)

2.4K 344 19
                                    







"အရှင်မင်းကြီး ကြွချီလာပါပြီ…."

အထိန်းတော်ကြီး၏ မိန်းမအနည်းငယ်ဆန်သော အသံ၏အဆုံးတွင် အခန်းထဲတွင်ရှိရှိသမျှသော မူးမတ်၊ အရာရှိအားလုံးတို့ ဒူးထောက်ဦးညွှတ်ကာ အရိုအသေပြုကြသည်။

"အရှင်မင်းကြီးကို ဂါရဝ ပြုပါတယ်…."

"တိုင်းပြည်သာယာပြီး အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ…"

"မင်းတို့ ထနိုင်ကြပြီ…."

အနီရောင် နဂါးဝတ်ရုံကြောင့် မင်းကြီးဖူ၏ မျက်နှာက နဂိုကထက်ပိုမောက်မာသယောင် ထင်ဟပ်စေသည်။ ညီလာခံ စတင်သည်နှင့် မူးမတ်တစ်ဦးချင်းစီ တင်ပြသော အရေးရာကိစ္စများကို မင်းကြီးဖူ စိတ်ဝင်စားပုံမပြ။ သက်တော်ရှည်အမတ်ကြီးကိုသာ ဘယ်လိုထင်သလဲ၊ ဘယ်လိုလုပ်သင့်သလဲ ဟုသာ မေးပြီး သက်တော်ရှည်အမတ်ကြီးဖြေသည့် အဖြေအတိုင်း အဲ့ဒီလို လုပ်လိုက် ဟုသာ။ ညီလာခံက နှစ်နာရီနီးပါးမျှကြာပြီးနောက် အကြောင်းရင်းမရှိဘဲ ရုတ်သိမ်းကာ နောက်နေ့မှ ပြန်စရန် ကြေညာလေသည်။
အမတ်နှင့် အရာရှိအားလုံးထွက်သွားပြီး ခဏအကြာတွင် နတ်ဆရာရှီကျောင်း ဝင်လာသည်။

"အရှင်မင်းကြီး… အရှင့်မွေးနေ့အတွက် အကြိုလက်ဆောင် သတင်းစကားပါးလိုပါတယ်…"

"ဘာလဲ… မြန်မြန်လျှောက်တင်… ကိုယ်တော်ကြားလိုတဲ့ သတင်းမဟုတ်ရင်တော့… မင်း သိတယ်နော်…."

လျှို့ဝှက်စွာပြုံးလိုက်ရင်း နတ်ဆရာရှီကျောင်း မင်းကြီးဖူအနား ကပ်သွားသည်။

"နဂါးလက်စွပ်ကို ရှာဖို့အတွက်အရေးကြီးဆုံး ဖြစ်တဲ့ မီးငှက်လက်စွပ်နေရာ သိရပါပြီ…."

"ဘာ…. ဒါ တကယ်လား….."

"အရှင်… ရှီကျောင်းမှာ အသက်အပိုမပါပါဘူး…."

"ဟား ဟား ဟား… ဒါဆို အဲ့လက်စွပ် ကိုယ်တော့်ဆီ ရောက်အောင်သာ ယူခဲ့…. လာကြစမ်း… နတ်ဆရာအတွက် ဆုလာဘ်တွေ ပို့ပေးလိုက်ကြ….  ဒီညအတွက် ညစာစားပွဲပြင်ဆင်ကြစမ်း…. အရာရှိအမတ်မင်းတွေ အားလုံးဖိတ်လိုက်ကြ…"

"အရှင်…"

"ပြော…"

"မင်းသားသုံး မြို့တော်ကို ပြန်ရောက်နေတယ် သတင်းကြားပါတယ်…"

"ကိုယ်တော်တောင် မသိရပါလား… ဒင်း ဘာတွေကြံနေပြန်တာလဲ… သွား…. ဒီနေ့ ညစာစားပွဲ ဖိတ်လိုက်… မတက်ရင် ကိုယ်တော့်ကို အဆိုးမဆိုနဲ့လို့ ပြောလိုက်…."

"အမိန့်အတိုင်းပါ အရှင်မင်းကြီး…"

ရဲမက်တစ်ဦးက အမိန့်ဆုံးသည်နှင့် ညီလာခံအဆောင်ကနေ အပြေးအလွှားပြေးထွက်သွားလေသည်။
-------------------------------------------------------

ကြင်ယာတော် "မို့ရန်"Where stories live. Discover now