"မင်း ဘာလို့ ဒီကိုလာတာလဲ…"
"ညီမလေး… အဲ့… ကျမ ရှင့်ကိုလွတ်အောင် လာကူပေးတာ…."
"ငါ မင်းကို ဘယ်လိုယုံရမလဲ…."
"တကယ်လာကူတာ… အစ်ကို… ကျစ်… ယွမ်သခင်လေး… ရှင်မယုံလည်း မတတ်နိုင်ဘူး…."
မို့ရန် စကားမမှားအောင် ထိန်းနေသော်လည်း နှုတ်ကျိုးနေပြီဖြစ်သော အခေါ်အဝေါ်တို့ကို မှားခေါ်မိနေသောကြောင့် ကိုယ့်ကိုယ်ကို စိတ်တိုလာသည်။ ပြောလည်းပြောနေရင်းကနေ ကွမ်းချီ၏ ခြေလက်တို့ကိုခတ်ထားသော သံကြိုးများကို ဖြုတ်သည်။ သံကြိုးများပြေသည်နှင့် ကွမ်းချီသည် ကြမ်းပြင်ပေါ် ပုံရက်သားပြုတ်ကျသွားသည်။"ရှင် အဆင်ပြေရဲ့လား…."
"ငါ ဘာမှမဖြစ်ဘူး…."
"ဟန်ဆောင်မနေပါနဲ့… ထရော ထနိုင်သေးလား…"
ကွမ်းချီ ထရပ်ကြည့်သည်။ ခြေလက်တို့ ကားယားဆွဲခံထားသောကြောင့် ထုံကျင်နေသည်သာဖြစ်ကြောင်း သူသိရတော့မှ စိတ်သက်သာရသွားသည်။ မို့ရန်သည် ဓါးတစ်လက်ကို ကွမ်းချီလက်ထဲ ပေးလိုက်ကာ
"မြန်မြန်… ကျမတို့မှာ အချိန်မရှိဘူး… သူတို့တွေကို ကျမ ကြာကြာမဆွဲထားနိုင်ဘူး… ရှင်လွတ်အောင် မြန်မြန်လုပ်…."
ပြောလည်းပြောကာ ကွမ်းချီကို အချုပ်ခန်းထဲကနေ ဆွဲခေါ်သွားပြီး တံခါးနားရောက်သောအခါ ဓါးကိုင်ထားသော ကွမ်းချီလက်ကို သူမလည်ပင်းပေါ်သို့ တင်လိုက်သည်။ လေသံတိုးတိုးဖြင့်"ကျမကို အသုံးချပြီး လွတ်အောင်ပြေးပါ…."
"ဒါဆိုလည်း အားမနာတော့ဘူး…."
အစောင့်တို့က ခြေသံကြောင့် လှည့်ကြည့်သည်နှင့်"မင်းတို့ လက်နက်တွေ မြန်မြန်ချပြီး လမ်းဖယ်…."
"ဖယ်ကြလေ… ရှင်တို့မမြင်ဘူးလား…. ငါ့လည်ပင်းပေါ်ကဓါးက မျက်စိမပါဘူးဟဲ့… မြန်မြန်ဖယ်ကြလေ…."
ကွမ်းချီက မို့ရန်ကို ဓါးစာခံအနေဖြင့် အကျဉ်းထောင်အဝနားထိ ဆွဲခေါ်သွားသည်။ အစောင့်တို့က လက်နက်တို့ကို အသင့်ပြင်ပြီး သူတို့သွားရာကို တရွေ့ရွေ့တိုးလာကြသည်။ မို့ရန် အကျဉ်းတံတိုင်းပေါ်မျက်လုံး ဝေ့ကြည့်မိသည်။ လေးကြိုးအသင့်ဆွဲထားပြီးဖြစ်သော စစ်သည်တို့က နှစ်ဆယ်ထက်မနည်း ရှိလောက်မည်။ ဒီိအချိန်ဆိုရင် သတင်းပို့ပြီးနေလောက်ပြီ။ စစ်သည်တို့ ပြေးပေါက်မရှိအောင် ပိတ်ဆို့ထားလျှင် သူမအားထုတ်ထားသမျှ အလဟသဖြစ်ကုန်လိမ့်မည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)