ငှက်ဖြစ်ချင်တယ် Part 15

234 34 17
                                    

ခွန်း​မြတ်စံ မျက်လုံး​လေးများကို ဖွင့်လိုက်သည်နှင့် ကုတင်ဘေးတွင် စာအုပ်ထိုင်ဖတ်နေသော ရဲမာန်အား တွေ့လိုက်ရသည်။တိမ်ယံသည် ရဲမာန်ဘေးနားတွင် မတ်တပ်ရပ်၍ ခွန်းမြတ်စံအား စိုက်ကြည့်နေသည်။

"အော်..ခွန်းနိုးလာပြီ။အစ်ကို နို့ဆန်​ပြုတ်လုပ်ထားတယ် သွားယူပေးမယ်နော်''

ခွန်းမြတ်စံ ခေါင်းသာညိတ်ပြလိုက်သည်။သူ့​တစ်ကိုယ်လုံး မလှုပ်ရှားချင်တော့အောင် နုံး​ခွေနေသည်။အ​ခုမှ နိုးလာသော်လည်း ပြန်အိပ်လိုက်ချင်စိတ်သာ ကြီးစိုးနေသည်။လက်နှစ်ဖက်လုံး ပတ်တီးများ ဖွေး​နေသည်ကို အကြောင်းမဲ့ ငေး​ကြည့်​နေမိ၏​။​သူ့အားစိုက်ကြည့်နေသော တိမ်ယံကို ခပ်လျော့လျော့ ပြုံးပြလိုက်သည်။သည်အပြုံးမမည်သော အပြုံးကလေးတစ်ခုကို ပေးနိုင်ရန်ပင် တစ်ကိုယ်လုံးမှ အားများကို ထုတ်သုံးခဲ့ရသည်။

ရဲမာန်သည် ဆန်ပြုတ်ပန်းကန်ကို လင်ပန်းနှင့်ထည့်၍ ခပ်ဖြည်းဖြည်း လျှောက်လာသည်။ကုတင်ထက်တွင် စားပွဲခုံ​သေးသေး ချကာ ဆန်ပြုတ်ပန်းကန်ကို ညင်ညင်သာသာ တင်လိုက်သည်။ဆန်ပြုတ်တစ်ဇွန်းကို ယူ၍ အေးသွားအောင် လေနှင့် မှုတ်သည်။ကျေနပ်သွားမှသာ ခွန်းမြတ်စံ ပါးစပ်နားသို့ ပို့ပေးသည်။

ဆန်ပြုတ်အရသာသည် အစ်ကိုမာန်၏ အသံလို ချိုသည်။အငွေ့တထောင်းထောင်းထ​နေသည့် နို့ဆန်​ပြုတ်သည် သူ့အား ယုယစွာ ထွေးပွေ့ခဲ့၍ သူ့ကိုယ်၌ စွဲကျန်ရစ်သည့် ​အစ်ကိုမာန်၏ ကိုယ်သင်းနံ့လို သင်းပျံ့မွှေးသည်။

ဗိုက်ဆာဆာနှင့် တစ်ဇွန်းပြီး တစ်ဇွန်း ပလုတ်ပလောင်း စားသောအခါ အစ်ကိုမာန်က သ​ဘောတကျ ခပ်တိုးတိုးရယ်​​​နေ​ပြန်သည်။ဇွန်းသံတစ်စက်မှ မကြားရသည်အထိ ဆန်ပြုတ်ခွံ့ကျွေးပုံက ညင်သာလွန်းသည်။ပြောင်ရှင်းသွားသော ပန်းကန်ကို အားရကျေနပ်စွာ တစ်ချက်ကြည့်ပြီးမှ နှုတ်ခမ်းတစ်ဝိုက် ပေနေသော ဆန်ပြုတ်များကို သူ့ ရှပ် အင်္ကျီ အိတ်ကပ်ထဲမှ ပိုးသားစ လက်ကိုင်ပဝါ ထုတ်ပြီး ခပ်ဖွဖွ သုတ်ပေးသည်။

"ဘာဖြစ်သွားတာလဲဆိုတာ အစ်ကို့ကို ​ပြောပြပါလားဟင်''

"မိထွေးကြီး အကြောင်းတွေးမိလို့။ပြီးတော့ တိမ်ယံကလည်း မြှောက်ပေးတာနဲ့''

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now