Part 20(Unicode)

215 31 23
                                    

ဗစ်လာဟုခေါ်သော လှေပေါ်တွင်ဆောက်ထားသည့် သစ်သားအိမ်ကလေး၏ ဧည့်ခန်းဆိုဖာတွင် ခွန်း​မြတ်စံ ငြိမ်​ငြိမ်​လေး ထိုင်နေသည်။သူ့အရှေ့တည့်တည့် ​ကြည်လင်​နေ​သောမှန်ပြတင်းပေါက်မှ မျက်စိတစ်ဆုံး လှမ်းမြင်နေရသည့် ပင်လယ်ပြာပြာကို ငေးကြည့်​နေ​ခြင်း ဖြစ်သည်။ဤဗစ်လာ​အိမ်လေးများအား သစ်သားလျှောက်လမ်းကလေးနှင့် စီတန်းဆက်သွယ်ထားသည်ကို အ​ပေါ်စီးမှကြည့်လျှင် ရထားတွဲလေးလိုလို၊ကျွန်း​ပေါ်သောင်တင်နေသော ဧရာမငါးကြီး၏ ကျောရိုးလိုလို။

"ငယ် ငြိမ်လှချည်လား။ဘာမှ ကြောက်စရာမရှိပါဘူး ငယ်ရ။ရေအောက်က အရမ်းလှတဲ့ရှုခင်းကို တွေ့ရရင် ငယ် ပျော်သွားမှာသိလား။ ကိုကို့ကို ယုံနော်''

မော်လဒိုက်ကျွန်းစု၏ ကျွန်းတစ်ကျွန်းဖြစ်သော ခိုခိုကျွန်းသို့ရောက်လျှင် ​ပင်လယ်ရေ​အောက်မှသန္တာကျောက်တန်းနှင့် ရေသတ္တဝါအမျိုး​ပေါင်းများစွာတို့၏ အလှအပကို ခံစားနိုင်မည့် စကူဘာဒိုက်ဗင်းလုပ်သင့်သည်ဟု ကိုကိုက ပြော​ပြသောအခါ ခွန်း​မြတ်စံထိုင်မရ၊ထမရနှင့် စိတ်လှုပ်ရှားနေသည်။​ကြောက်နေသည်တော့မဟုတ်။တီဗွီထဲတွင်သာ​မြင်ခဲ့ဖူးသည့် ပင်လယ်ရေအောက် မြင်ကွင်းများကို ကိုယ်တိုင် ကြည့်ခွင့်ရ​တော့မည်​ဖြစ်​သောကြောင့် အပျော်လွန်နေခြင်းသာ။

"ကြောက်စရာမရှိဘူးနော် ငယ်။ကိုကို ရှိတယ်သိလား''

ကိုကိုက ခွန်း​မြတ်စံလက်ကို ဆုပ်ကိုင်၌ပြောသောအခါ ခေါင်းသာ ညိတ်ပြလိုက်သည်။ကိုကိုသည် ခွန်းအား မွေးကင်းစအရွယ်ဟုထင်နေသည်လား၊သူနှင့် စတွေ့တွေ့ချင်းတုန်းကလို လောကကြီးအကြောင်း ဘာမှနားမလည်​သောအူကြောင်ကြောင် ကောင်လေးအဖြစ်ပဲ မြင်နေသည်လား မပြောတတ်။

"ငယ်.....ခေါင်းဖီးမယ် ဒီနားလာ''

အဲ့တာပဲ ဖြစ်သည်။အသက်နှစ်ဆယ့်​ခြောက်နှစ်ပြည့်ခါနီး အမျိုးသားတစ်ဦးဖြစ်သော ခွန်း​မြတ်စံကို အရာရာတိုင်း အနောက်မှ တကောက်​ကောက် လိုက်​လုပ်ပေး​နေသည်။ခွန်းအား အမှီအခိုကင်းပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် လူငယ်တစ်ဦးအဖြစ် မြင်ချင်သော ကိုကိုသည် တစ်ယောက်တည်း လွှတ်​ပေးထားရမည့်အစား ကလေးတစ်ယောက်လို အစအဆုံးလိုက်လုပ်ပေးနေမိသည်ကို သူ့ကိုယ်သူ သတိထားမိပုံ မပေါ်။
..............................

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now