Part 9 (Zawgyi)

28 1 0
                                    

အဖြူရောင်တစ်ထပ်အိမ်လေး၏ ခြံဝန်းအတွင်း ပန်းခြံလေးထဲတွင် ခွန်းမြတ်စံ နှင်းဆီပန်းဖြူဖြူများ၊ဂန္ဓမာပန်းဖြူလုံးလုံးလေးများ နှင့် ကြယ်ပန်းဖြူများကို ငေးကြည့်နေသည်။ကျယ်ဝန်းလှသော ဤခြံဝန်းအတွင်း၌ ပန်းအမျိုးအစားများစွာ စိုက်ပျိုးထားသော်လည်း အားလုံးသည် အဖြူရောင်တစ်မျိုးတည်းသာ။ဤအိမ်ကို ဖေဖေက ခွန်းမြတ်စံအတွက်မွေးနေ့လက်ဆောင်ပေးခဲ့ခြင်း ဖြစ်၍ အိမ်ပုံစံ၊ခြံဝန်းနှင့် ပန်းခြံမကျန် ခွန်းမြတ်စံလိုချင်သော ပုံစံကိုသာ ဆောက်လုပ်စေခဲ့ခြင်းဖြစ်သည်။မိမိစိတ်ကြိုက်ပုံစံဖြစ်သော ဤပြင်ဦးလွင်အိမ်ကလေးတွင် နေရသည့် ခွန်းမြတ်စံသည် သာယာနာပျော်ဖွယ် တောမြိုင်အတွင်းရှိ ရွှေအတိပီးသော ငှက်လှောင်အိမ်ထဲမှ ငှက်ကလေးတစ်ကောင်နှင့် တူပါသည်။

"ခွန်းစံ....ငါတို့ခြံအပြင်ထွက်ပြီး ဘောလုံးကန်ရအောင်''

တစ်ကိုယ်လုံးအဖြူရောင် ဝတ်ထားသော ခွန်းမြတ်စံနှင့် ဆန့်ကျင်စွာပင် တိမ်ယံ့အဝတ်အစားများက မည်းနက်နေသည်။

"အေး သွားမယ်လေ။အော် ဒါနဲ့ မင်းအိမ်ကို ဖုန်းဆက်ပြီးပြီလား''

တိမ်ယံက ခေါင်းညိတ်ပြရုံသာ ညိတ်ပြသည်။ခွန်းမြတ်စံ တိမ်ယံ့လက်ကြမ်းရှရှကို ဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးကွာ။ငါသွားတဲ့နေရာတိုင်းကို လိုက်ပေးလို့''

"ဟားဟား....မလိုပါဘူးကွာ။ငါက ကိုက လိုက်ချင်တာ''

"ဒါပေမယ့်...''

တိမ်ယံသည် ခွန်းမြတ်စံ၏ နှုတ်ခမ်းပါးလေးကို လက်ညှိုးတစ်ချောင်း ခပ်ဖွဖွတင်၍ စကားစပြတ်စေပြီးနောက် ခေါင်းလုံးလုံးလေးအား ပွတ်သပ်လိုက်သည်။

"မင်း ဂိုးသွင်း။ငါ ဂိုးဖမ်းသမားလုပ်မယ်''

ညှပ်ဖိနပ် တစ်ဖက်စီကို သူ့ဘေး တစ်ဖက်တစ်ချက်စီ၌ နေရာချပြီး ဂိုးဖမ်းရန် အသင့်စောင့်နေသည်။ ခွန်းမြတ်စံနှုတ်မှ ဖွင့်မပြောပါဘဲ ခွန်းမြတ်စံ၏စိတ်ကို အမြဲသိနေတတ်သော တိမ်ယံကြောင့် ခွန်းမြတ်စံကိုယ်တိုင် အံ့သြနေရသည်။ယခုလည်း ဘောလုံးလာရန် စောင့်နေရသော ဂိုးဖမ်းသမားနေရာထက် ဘောလုံးကို အားပြင်းပြင်းနှင့်ကန်သွင်းရသည်ကို ကြိုက်တတ်ကြောင်း ခွန်းမြတ်စံ ပြောမပြပါဘဲ သိနေလေသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now