ခြေဖဝါးအောက်မှ ဖြူဖွေးနေသော သဲသောင်သည်တစ်လှမ်း လှမ်းလိုက်တိုင်း နွေးထွေးသော၊နူးညံ့သော ခံစားချက်ကို ပေးသည်။သို့သော် ရဲမာန် ခါတိုင်းကဲ့သို့ သိမ်သိမ်မွေ့မွေ့မလျှောက်နိုင်။အိပ်ရာနိုးနိုးချင်း သူ့လက်မောင်းပေါ် မှီနေတတ်သည့် ခေါင်းလုံးလုံးလေး၏ အထိအတွေ့အစား ခေါင်းအုံးထူထူ၏ အေးစက်စက် အတွေ့ကိုသာ ရလိုက်ရချိန်တွင် တစ်ကိုယ်လုံးမှ သွေးများ ငယ်ထိပ်ကို ဆောင့်တက်သွားသလားထင်ရအောင် ပူပင်သွားခဲ့ရသည်။ရုတ်တရက် ကောက်ထလိုက်ရသဖြင့် ခေါင်းလည်း သိပ်မကြည်။ကမ်းခြေတွင် ငုတ်တုတ်လေးထိုင်၍ ပြာလဲ့နေသော ပင်လယ်ပြင်ကို အကြောင်းမဲ့ငေးနေသည့် ပေါက်စလေးအား တွေ့လိုက်ရချိန်တွင်တော့ စောစောက ဆူပူဆုံးမချင်စိတ်များသည် ပင်လယ်လေနှင့်အတူ လွင့်ပါသွားကြသည်။
"ငယ်....ကိုကို စိတ်ပူလိုက်ရတာကွာ''
ငယ်မကြား။ပင်လယ်မှ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော လှိုင်းဖြူဖြူများကိုသာ ငေးကြည့်နေသည်။ငယ် ဘာတွေများတွေးနေပါသနည်း။ငယ့်အတွေးများကို သူ ဖတ်နိုင်ခွင့်ရချင်ပါသည်။ငယ့်ရောဂါသည် အရှင်းမပျောက်သေး။ဟုတ်သည်။ Schizophrenia(စကီဇိုဖီးနီးယား)ဟူသည် သာမာန်စိတ်ရောဂါလေးမဟုတ်သည့်အတွက် နှစ်အနည်းငယ်လောက်နှင့် မပျောက်နိုင်။သည် ခုနစ်နှစ်အတွင်း ငယ့်ရောဂါကို ကုသနိုင်ခဲ့သည်ဟု ဆိုခြင်းသည် အရှင်းပျောက်သည်ဟု မဆိုလို။ငယ်သည် သူ၏ ရောဂါ လက္ခဏာများကို ထိန်းချုပ်နိုင်နေပြီဆိုသော အဆင့်မှာပင် ရှိနေသေးသည်။
"ငယ့် ဆံပင်တွေ ရှုပ်ပွနေပြီ''
ဂုတ်ကျော်ရှည်နေသော ဆံပင်များကို အမြဲလိုလို တစ်လွှာစီးထားတတ်သော ငယ်သည် မော်လဒိုက်ကို ရောက်ကတည်းက အမြဲဖြန့်ချထားသည်။ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် စည်းနှောင်ပေးနေသောအခါ ရဲမာန်ရင်ဘတ်ကိုသာ ကျောမှီ၍ ငြိမ်ငြိမ်လေးနေနေသည်။
"ကိုကို....''
"ဗျာ''
"ပင်လယ်ကြီးက လှလိုက်တာ''
"အဟင်း..ဘာလဲ ပင်လယ်ကိုမြင်ပြီး ငါးဖြစ်ချင်သွားပြန်ပြီလား''
ESTÁS LEYENDO
ငှက်ဖြစ်ချင်တယ် (completed)
Romance(Unicode+Zawgyi) ခွန်းမြတ်စံသာ လှောင်အိမ်ထဲမှငှက်ကလေးတစ်ကောင်ဆိုလျှင် တိမ်ယံမိုးသည် ငှက်ကလေးမသေရုံအစာကျွေးပေးသူနှင့်တူပြီး ရဲမာန်ကမူ လှောင်အိမ်တံခါးကိုဖွင့်ပေးနိုင်သည့် သော့တစ်ချောင်းနှင့် တူပေသည်။ ခွန်းမြတ်စံသာ လှောင်အိမ်ထဲမှငှက်ကလေးတစ်ကောင်ဆိုလှ...
