ငှက်ဖြစ်ချင်တယ် Part 2

413 34 6
                                    

ခွန်းမြတ်စံ မနက်အိပ်ရာနိုးနိုးချင်း ပြတင်းပေါက်မှ မြင်နေရသော အုန်းပင်ကြီး၏အကိုင်းတွင် နားနေသည့် ငှက်ကလေးများကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

"ဟေ့ကောင်တွေ။ဒီနေ့ ​ဖေဖေပြန်လာတော့မှာ သိလား။ငါ့ဖေဖေပြန်လာမှာ''

ခြေထောက်တုတ်တုတ်လေးများဖြင့် ကုတင်ပေါ်တွင် ခုန်ဆွခုန်ဆွလုပ်ရင်း ခွန်းမြတ်စံ အပျော်ကြီးပျော်နေသည်။ဖေဖေပြန်လာလျှင် ခွန်း​မြတ်စံလုပ်ချင်သမျှ လုပ်ခွင့်ရမည်၊သွားချင်သော နေရာမှန်သမျှ သွားခွင့်ရမည်။ဤခံစားချက်သည် ​​လှောင်အိမ်ထဲ အချိန်​ကြာ​ကြာပိတ်မိနေသော ငှက်က​လေးလှောင်အိမ်မှ လွတ်ပြီးပြီးချင်း ပထမဆုံးအကြိမ် အ​တောင်ဆန့်လိုက်ရသည့်အခိုက်အတန့်၊တစ်ချိန်လုံးစားချင်နေခဲ့သော မုန့်ကလေး၏ ပထမဆုံးတစ်ကိုက်ကို ကိုက်လိုက်ရသည့်အခိုက်အတန့်တို့တွင် ခံစားရသော ခံစားချက်နှင့် အတူတူပင်ဖြစ်သည်။ကားဟွန်းသံကြားသောအခါ ခွန်းမြတ်စံ အောက်ထပ်သို့ ပြေးဆင်းလာသည်။

"ဖေ့သားကြီး ဖေ့ဆီ လာပါဦးကွ''

ဖေဖေသည် ခွန်းမြတ်စံကိုမြင်သောအခါ ဒူးထောက်ထိုင်​လိုက်ပြီး သန်မာသောလက်များကို ခွန်းမြတ်စံရှိရာဘက်သို့ မြှောက်လိုက်သည်။ခွန်းမြတ်စံ ချစ်ရသော ဖေဖေ၏ပါးချိုင့်များမှာ ဖေဖေ့ပါးပြင်တွင် ထင်းနေသည်။ဖေဖေ့ကိုယ်ပေါ် ပြေးတက်သောအခါ ဖေဖေက ခွန်းမြတ်စံအား ချီထားရင်း ပါးဖောင်းဖောင်းလေးထဲ နှာခေါင်းနစ်ဝင်သွားသည်အထိ အားပါးတရ နမ်းရှိုက်နေသည်။

"မွှေးနေတာပဲ ဖေ့သား​ကြီးက။ဖေကြီးက သားကို လွမ်းနေတာ''

"သားသားလေးက မနေ့ကတည်းက မင်းပြန်လာမှာကို မျှော်နေတာ။ကြည့်ပါဦး။ငါ့မြေးလေး ပျော်နေလိုက်တာများ''

ဖေဖေရှိနေချိန်တွင်သာ ကြားရသော ဘွား၏ စကားချိုချိုများဖြစ်သည်။''သားအချစ်၊မြေးအနှစ်''ဟု ဖေဖေ တစ်ခါပြောခဲ့ဖူးသည်။အဘိုးအဘွားများသည် မြေးကလေးများကို ကိုယ်တိုင်မွေးထားရသော သူတို့သားသမီးများထက်ပင် ပိုချစ်ကြသည်ဟု ဖေဖေရှင်းပြသောအခါ တအံ့တသြနားထောင်ရသည်။ဘွားမှာတော့ ခွန်းမြတ်စံအား မရမကအပြစ်ရှာတတ်ပြီး စိတ်မထင်လျှင် မထင်သလို နှစ်လုံးပူးကြိမ်လုံးနှင့် ရိုက်တတ်သည်။တစ်ခါတစ်ရံတွင် ခွန်းမြတ်စံပြန်ပြောမိသောအခါ တိုင်တွင် တစ်နေကုန် ကြိုးတုတ်ထားတတ်ပြီး ထမင်းစားချိန်သာ လွှတ်ပေးလေ့ရှိသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now