ငှက်ဖြစ်ချင်တယ် Part 1

598 35 11
                                    

မြင့်မားလှသော မီးခိုးရောင်အုတ်တံတိုင်းများ ကာရံထားသည့် ခြံဝန်းအတွင်းသို့ မာစီဒီးကားနက်တစ်စီး ဝင်လာသည်။ခြံဝန်းကျယ်​ကြီးထဲတွင်မူ နို့နှစ်​​ရောင် နှစ်ထပ်တိုက်အိမ်ကြီးသည် အုန်းပင်များ ခြံရံလျက် ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။ အိမ်အဝင်လမ်းညာဘက်ခြမ်းတွင် စကျင်ကျောက်အဖြူနဲ့ ထုလုပ်ထားသော စားပွဲဝိုင်းကြီးသုံးဝိုင်း ရှိနေပြီး ပတ်ပတ်လည်တွင် ထိုင်ခုံအနက်ရောင်လေးခုံစီချထားသည်။ထိုစားပွဲ၏ဘေးနားတွင်မူ ပြာလဲလဲ့ ရေကူးကန်ငယ်ရှိနေသည်။ဤနေရာသည် ​ခွန်းမြတ်စံ၏ မိခင်ဒေါ်သီတာကြိုင်နှင့် သူ၏ မိတ်ဆွေများ ပါတီပွဲကျင်းပလေ့ရှိသော နေရာဖြစ်သည်။ မာစီဒီးကားအတွင်းမှ အသက်သုံးဆယ်ကျော်အရွယ် လှပ​တင့်တယ်​သော အမျိုးသမီးတစ်ဦးဆင်းလာသောအခါ အိမ်အကူမိန်းကလေးသုံးယောက် အိမ်ထဲမှ ပြေးထွက်လာပြီး ခေါင်းငုံ့ကြိုဆိုကြသည်။

​ဒေါ်သီတာ​ကြိုင်......မြချမ်းသာ စိန်ရွှေရတနာလုပ်ငန်းပိုင်ရှင်​​ဖြစ်သည်။ထိုလုပ်ငန်းမှာ စင်စစ်​တော့သူ၏အမျိုးသား ဦးသက်နိုင်အမွေရခဲ့သော ဘိုးဘွားမိဘပိုင်လုပ်ငန်း​ဖြစ်သည်။ဦးသက်နိုင်မှာ သင်္ဘော ကပ္ပတိန်တစ်ဦးဖြစ်သည့်အားလျော်စွာ ခြောက်လတစ်ခါသာ အိမ်သို့ပြန်လာနိုင်သဖြင့် ထိုလုပ်ငန်းကို ဇနီးဖြစ်သူအား လက်လွှဲထားခြင်းဖြစ်ပေသည်။

အိမ်ထဲသို့ဝင်လိုက်လျှင် မဟော်ဂနီရောင် တဖိတ်ဖိတ်တောက်နေသော ကြမ်းခင်းပေါ်တွင် တန်ဖိုးကြီး ရှေးဟောင်းကြွေအိုးများကို တွေ့နိုင်သည်။လမ်း၏ဘယ်ဘက်ဧည့်ခန်းကျယ်တွင်မူ လေလံအောင်ခဲ့သော တန်ဖိုး​ကြီးပန်းချီကားတစ်ချပ်ကို လျှောက်လမ်းဘက် မျက်နှာမူထားသည့် ဆိုဖာခုံ၏ အပေါ်တည့်တည့်တွင် ချိတ်ဆွဲထားသည်။ထို ဆိုဖာခုံတွင်အဘွားအိုတစ်ဦးသည် အဝါ​ရောင်ကြောင်ကြီးတစ်​ကောင်ကို ပေါင်ပေါ်တင်၍ ပွတ်သပ်ပေးနေသည်။

"အမေ...အမေ့မြေးကော''

အဘွားအို၏မျက်နှာသည် တစ်ခဏချင်းမှာပင် စိတ်ပျက်ဟန်၊အားမလိုအားမရဖြစ်ဟန်များဖြင့် ရှုံ့တွလာသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now