ရန်ကုန် တိရိစ္ဆာန်ဥယျာဥ်။
ထဘီအနီ၊ ရင်ဖုံးအင်္ကျီအနီနှင့် ဆံထုံးကိုပါ ကလစ်အနီထိုးထားသော အမျိုးသမီးသုံးဦးသည် ဦးထုပ်ကိုယ်စီဆောင်းထားသော ကလေးငယ်များအား သုံးယောက်တစ်တွဲ ညီညီတန်းစီရန်နှင့် လက်တွဲမဖြုတ်ကြရန် မှာကြားနေသည်။ အယောက်နှစ်ဆယ်ခန့်ရှိသော ကလေးငယ်များအားလုံးသည် ကျောင်းယူနီဖောင်းဖြစ်သော ရှပ်လက်တိုအဖြူနှင့် စကပ်၊ဘောင်းဘီအနီကိုဆင်တူဝတ်ဆင်ထားကြသည်။ ရှပ်လက်တို၏ ဘယ်ရင်ဘတ်ပေါ်တွင်မူ 'K power' ဟူသော နာမည်ကြီးမူကြိုကျောင်း၏ အမည်ကို ရေးထိုးထားသည်။
"ရေမြင်းကြီးက ကောင်းလိုက်တာနော်။ငါတို့လိုဝလုံးရေးစရာလည်း မလိုဘူး။ပါးစပ်လေး ဟလိုက်တာနဲ့ စားစရာက ပါးစပ်ထဲတန်းရောက်လာရော''
ဦးထုပ်ပန်းရောင်လေးနှင့် ကလေးမလေးသည် တစ်ကိုယ်စာရေကန်ကျဥ်းကျဥ်းလေးထဲတွင် ရှိနေသော ရေမြင်းကြီးကို အားကျေနသော မျက်လုံးလေးများဖြင့် ကြည့်ရင်း ဘေးက သူငယ်ချင်းအား ပြောလိုက်သည်။အဖြူရောင် နံပြားဦးထုပ်လေးဆောင်းထားသော ထိုကလေးငယ်မှာမူ ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ရေမြင်းကိုသာ စိုက်ကြည့်နေသည်။
"သားတို့၊သမီးတို့ရေ.....ရေမြင်းလေးကို ဘယ်သူအစာကျွေးချင်လဲဟေ့။ကျွေးချင်တဲ့သူ ဆရာမတို့အနားလာ။တန်းစီပြီး ညီညီညာညာလာကြနော်''
ကလေးများအားလုံးလိုလိုပင် သူတို့ဆရာမသုံးဦးထံ တက်ကြွသော ခြေလှမ်းများဖြင့် သွားနေကြသည်။သို့သော် ထိုနံပြားဦးထုပ်အဖြူလေးနှင့် ကလေးငယ်မှာ မလှုပ်မယှက် ။ဖြူနုနုလက်တုတ်တုတ်ခိုင်ခိုင်လေး နှစ်ဖက်တွင် ရွှေလက်ကောက်တစ်ကွင်းစီဝတ်ထားပြီး သွေးကြောစိမ်းလေးများထင်းနေသည့် ပါးဖောင်းဖောင်းလေးမှာ ရဲတွတ်နေသည်။ ဗိုက်ပူပူလေးထက်တွင်မူ လည်ဆွဲကတ်ပြားလေးမှာ လေတိုက်လိုက်တိုင်း တလွင့်လွင့်ဖြစ်နေသည်။
မောင်ခွန်းမြတ်စံ။
လည်ဆွဲကပ်ပြားပေါ်ရှိ ကလေးလေး၏ ဓာတ်ပုံအောက်တွင် ရေးထားသော အမည်လေးဖြစ်သည်။
"သားတို့ သမီးတို့က အခုလို ရေမြင်းလေးကို
အစာကျွေးတော့ ကုသိုလ်တွေအများကြီး ရသွား
တာပေါ့။
ကဲ...ရေမြင်းလေးကို အစာကျွေးပြီး ဆုတောင်းကြရအောင်။
ဆရာမကတော့ ဤကုသိုလ်ကောင်းမှုကြောင့်
ဆရာမ ဖေဖေနဲ့ မေမေ ကျန်းမာပါစေလို့
ဆုတောင်းမယ်။
သားတို့သမီးတို့လည်း ရေမြင်းလေးကို
အစာကျွေးပြီးရင် ဆုတောင်းကြနော်''ထိုအခါမှသာ ခွန်းမြတ်စံလေးမှာ ရေမြင်းကို အစာကျွေးရန် ဆရာမနားသွားလေတော့သည်။ရေမြင်းကြီးသည် ခွန်းမြတ်စံကျွေးသော ကန်စွန်းရွက်ကို ပါးစပ်အကျယ်ကြီးဟထားကာ ခံယူနေသော်လည်း မျက်လုံးများမှာ အပေါ်တစ်နေရာတည်းကိုသာ ကြည့်နေသည်ဟု ခွန်းမြတ်စံထင်သည်။ရေမြင်းကြီး ကြည့်နေသော နေရာသို့ လိုက်ကြည့်သော် ကောင်းကင်ပြာပြာတွင် ငှက်ကလေးများ ပျံသန်းနေသည်ကို တွေ့ရသည်။ရေမြင်းကြီးကို အစာကျွေးပြီးနောက် ခွန်းမြတ်စံဆုတောင်းလိုက်သည်။
"ရေမြင်းကြီးလည်း ငှက်ကလေးတွေလို အတောင်ပေါက်ပြီး သူပျံချင်တဲ့နေရာကို ပျံနိုင်ပါစေ''
YOU ARE READING
ငှက်ဖြစ်ချင်တယ် (completed)
Romance(Unicode+Zawgyi) ခွန်းမြတ်စံသာ လှောင်အိမ်ထဲမှငှက်ကလေးတစ်ကောင်ဆိုလျှင် တိမ်ယံမိုးသည် ငှက်ကလေးမသေရုံအစာကျွေးပေးသူနှင့်တူပြီး ရဲမာန်ကမူ လှောင်အိမ်တံခါးကိုဖွင့်ပေးနိုင်သည့် သော့တစ်ချောင်းနှင့် တူပေသည်။ ခွန်းမြတ်စံသာ လှောင်အိမ်ထဲမှငှက်ကလေးတစ်ကောင်ဆိုလှ...