Part 7 (Zawgyi)

30 2 0
                                    

"ဟိုအကောင် နင့်အဖေ မနက်ဖြန် ပြန်လာလိမ့်မယ်။အဖေရှေ့ အချိုးပြေပြေနေ ကြားလား''

အသက်၁၇နှစ်ရှိပြီဖြစ်သော ခွန်းမြတ်စံကို ကြိမ်လုံးနှင့် ဆုံးမ၍မရတော့သည်မှာ ကြာပြီဖြစ်သည်။ရိုက်ရန်ပြင်လိုက်တိုင်း ကြိမ်လုံးကို ဆွဲလုသွားပြီး အပိုင်းပိုင်းဖြစ်အောင် ချိုးပစ်တတ်သောကြောင့်ပင်။ထိုအခါမျိုးတွင် ခွန်းမြတ်စံ၏ဒေါသကို မေမေရော၊ဘွားပါ ကြောက်ကြသည်။ပုံမှန်လူငယ်တစ်ဦး၏ ဒေါသထက် ပိုသောကြောင့်။

"ကဲ..ကြည့်။အမေက ဆုံးမနေရင် ဟုတ်ကဲ့ ပြန်ပြောမှပေါ့။နင် အအလား''

မိမိအား ဂရုမစိုက်သလိုပုံစံနှင့် နှင်းဆီပန်းဖြူမှပွင့်ချပ်များကို တစ်လွှာချင်းခြွေချနေသော သားငယ်သည် မိမိသားမှဟုတ်ပါလေစဟုပင် သံသယဝင်မိသည်အထိဖြစ်သည်။

"မေမေမွေးထားတဲ့သားက အအဟုတ်လား၊မဟုတ်လားတောင် မသိဘူးလား မေမေရာ။မနက်စောစော စီးစီးကြီးကို ပူညံပူညံနဲ့''

ဒေါ်သီတာကြိုင် ရင်ဘတ်ကို လက်ဖဝါးဖြင့် ဖိ၍သာ ဒေါသကို ထိန်းချုပ်နေရသည်။မိမိစကားတိုင်းကို နားထောင်တတ်သော၊မိမိကို မော်၍ပင်မကြည့်ရဲသော သားငယ်သည် ယခုအခါတွင် ဤကဲ့သို့ ရိုင်းစိုင်းသော အမူအရာများနှင့် စကားများကို ပြုမူပြောဆိုနေသည်မှာ အိပ်မက်မက်နေခြင်းမဟုတ်။

"ဟဲ့...အကောင်။နင်က ဘာမှန်နေလို့ ကိုယ့်အမေကို ပြန်ခံပြောနေတာလဲ။ဆယ်တန်းလေးတောင် အောင် အောင် မဖြေနိုင်ဘဲနဲ့။သီတာကြိုင်..နင့်သားက တကယ့် ကလေကချေဖြစ်လာပြီ''

မှန်သည်။အရင်အပတ်က ဆယ်တန်းအောင်စာရင်းတွင် ခွန်းမြတ်စံနာမည်မပါ။အံ့သြစရာတော့ဖြင့် မရှိပါ။ငွေပေးပြီး အအောင်ပေး၍ရသောအတန်းတွင် ဆယ်တန်းမပါသည်ကို ခွန်းမြတ်စံသိနေသောကြောင့်ပင်။ဆယ်တန်းတစ်နှစ်လုံး စာတစ်လုံးမှမလုပ်သည့်အပြင် တစ်ခါတစ်ရံ ကျူရှင်ခိုးပြေးပြီး တိမ်ယံနှင့်အတူ လေလွင့်ငှက်နှစ်ကောင်လို လျှောက်သွားနေတတ်သေးသည်လေ။
.....................................................

"ဒီ...ဒီကလေးကမောင့်ကလေး ဟုတ်လား''

အသက်၂၆နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် လသားအရွယ် ကလေးငယ်လေးကို ပိုက်လျက် ဧည့်ခန်းထဲတွင် ထိုင်ရင်း မေမေ့ကို စူးရဲသောမျက်လုံးများဖြင့် ကြည့်နေသည်။ကလေးငယ်လေးသည် အိပ်မောကျနေရင်း တံတွေးမျိုချလိုက်သောအခါ ပါးချိုင့်လေးများက ပါးနှစ်ဖက်တွင် ထင်ထင်ရှားရှားပေါ်လာသည်။ပါးချိုင့်လေး.......ဖေဖေ့ဆီမှခွန်းမြတ်စံလိုချင်ခဲ့သော ပါးချိုင့်လေးကို ခွန်းမြတ်စံမရခဲ့သော်လည်း ထိုကလေးငယ်လေးက အပြည့်အဝရထားသည်။

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now