Part 11(Zawgyi code)

27 1 0
                                        

"အား...မေမေ သားနောက်မလုပ်တော့ပါဘူး။နာတယ်..နာတယ်လို့''

မေမေသည် ခွန်းမြတ်စံအား နှစ်လုံးပူးကြိမ်လုံးနှင့် အကြိမ်ပေါင်းများစွာရိုက်နေသည်။ခွန်းမြတ်စံ လည်ချောင်းနာအောင် အော်ဟစ်ငို၍ တောင်းပန်သော်လည်း လွှတ်မပေး။ဘွားသည် ခွန်းမြတ်စံကို တိုင်မှာကြိုးတုတ်၍ လက်ဖောင်းဖောင်းလေးများကို ချွန်ထက်နေသော အပ်ဖျားနှင့်ထိုးသည်။

သားကို လွှတ်ပေးပါဗျာ...

အားကုန်အော်ပြောသော်လည်း အသံထွက်မလာ။

ကားဟွန်းတီးသံ....

ဖေဖေပြန်လာပြီ။အိမ်အပေါက်ဝမှာ ဖေဖေရပ်နေသည်။ဖေဖေ့ဆီပြေးသွားချင်သော်လည်း မေမေက အတင်းဖမ်းချုပ်ထားသည်။

ဖေကြီး..သားကို ကယ်ပါ..

ဖေဖေမကြား။လသားအရွယ်ကလေးငယ်လေးတစ်ယောက်ကိုသာ ချော့မြှူနေသည်။မေမေက ဘာတတ်နိုင်သေးလဲ ဟူသော သဘောနှင့် ခနဲ့ပြုံး ပြုံး၍ ခွန်းမြတ်စံ အား ကြည့်သည်။

ခွန်းမြတ်စံကို ချည်ထားသော ကြိုးသည် ရုန်းလေလေ ပိုတင်းလာလေလေ။

သားကို ကယ်ကြပါဦးဗျာ....

ခွန်းမြတ်စံ ကယောင်ကတမ်းအော်ရင်း မျက်လုံးများပွင့်လာသည်။အိပ်မက်ဆိုးသည် အကြိမ်မည်မျှပင် တစ်ထပ်တည်း မက်နေစေကာမူ အကြိမ်တိုင်းသည် ကြောက်စဖွယ်အတိ။

ကုတင်ဘေးတွင် တိမ်ယံထိုင်နေသည်။တိမ်ယံ့ ရင်ခွင်ထဲဝင်၍ တောင့်တင်းသော ကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။ငယ်ငယ်က သည်လိုအိပ်မက်ဆိုးမှနိုးလာတိုင်း ခွန်းမြတ်စံအနားတွင် မည်သူမှရှိမနေခဲ့။ယခုမူ တိမ်ယံသည် မျက်လုံးဖွင့်လိုက်သည်နှင့် အနားမှာ အမြဲရှိနေပြီဖြစ်သည်။

"တိမ်ယံ....မင်းသိလား။ငါဖေဖေ့ကို အရမ်းလွမ်းတာပဲ''

"အင်း...''

"ဖေဖေက ငါ့ကိုလုံးဝပစ်ထားတယ်။ဒီကိုစရောက်ရောက်ချင်းဖုန်းဆက်ပြီးကတည်းက လုံးဝထပ်မဆက်တော့ဘူး။အဲ့တာမေမေကြောင့်ဆိုတာ ငါသိတယ်။မေမေက ဖေဖေ သူ့ကိုမချစ်တော့လို့ ငါ့ကိုပါ အချစ်မခံစေချင်တော့တာ..ဟုတ်တယ်။မေမေ့လက်ချက်''

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now