#Unicode
"မောင်..."
"ဟင်..."
"အလုပ်တွေပြီးပြီလား..."
"ဘာလို့လဲ ။ Ria ပျင်းနေပြီလား..."
"မဟုတ်ပါဘူး။ မောင် အလုပ်တွေမပြီးသေးရင်လည်းနေပါ။ ကျွန်တော် အပြင်သွားစရာလေးရှိသေးတယ်။
ပြီးမှပြန်လာခဲ့မယ်လေ..."
"ဘယ်ကိုလဲ..."
"အလုပ်ကိစ္စပါ.."
"ဒီကိုလာပါဦး..."
မောင် က လက်မောင်းကိုဆန့်တန်းလျက် ခေါ်နေတော့ Ria သည်လည်း မောင့်ဆီသို့တန်းတန်းမတ်မတ်လျှောက်လှမ်းသွားလိုက်သည်။ အနားကိုရောက်တော့ မောင်က လက်ကိုဆွဲယူလျက် သူ၏ ပေါင်ပေါ်၌ ထိုင်စေ၏။ ထို့နောက် လက်နှစ်ဖက်ဖြင့် ခါးတစ်ဝိုက်အားဖက်တွယ်ထားလေသည်။
"ကိုယ် အလုပ်မပြီးသေးဘူး။ ခဏနေ အစည်းအဝေးတက်စရာရှိသေးတယ်..."
"အင်း။ ဒါဆိုအဆင်ပြေတာပေါ့။ ကျွန်တော်လည်း အလုပ်ရှိသေးတော့ မပျင်းရတော့ဘူး..."
ထိုအခါမောင်က ခပ်တိုးတိုးရယ်၏။ ထို့နောက် Ria ၏ ဆံပင်လေးများအား သပ်တင်ပေးလျက် ဆော့ကစားနေသည်။ ကျန်လက်တစ်ဖက်ကမူ Ria ၏ လက်ဖမိုးလေးအား ခပ်ဖွဖွပွတ်သပ်ပေးနေလေ၏။
"Ok.. ဒါဆို မြန်မြန်ပြန်လာခဲ့နော်..."
"အင်း။ အလုပ်ပြီးတာနဲ့ ပြန်လာခဲ့မယ်..."
Ria က ချက်ချင်းပြန်ဖြေတော့ မောင်က နှစ်ခြိုက်စွာပြုံးလေသည်။ မောင့်အနားနေတာကြာလာသည်နှင့်အမျှ မောင်၏ အခြားသူများအပေါ်ဆက်ဆံခြင်းက ဆိုးရွားစွာ အေးစက်ကြောင်းသိလာရသည်။
သို့သော်ငြား Ria ၏ ရှေ့တွင်တော့ အဆုံးမရှိသော စိတ်ရှည်မှုများနှင့် နွေးထွေးသောအပြုံးများစွာအား ထုတ်ဖော်ပြသလေ့ရှိ၏။
"လွှတ်ပေးတော့လေ။ ကျွန်တော်သွားတော့မယ်.."
"Ok"
သို့သော် ချက်ချင်းမလွှတ်ပေးပဲ Ria ၏ မျက်နှာလေးအား လက်တစ်ဖက်ဖြင့်အသာဆွဲယူလျက် နှုတ်ခမ်းပါးလေးထံသို့အနမ်းဖွဖွခြွေ၏။ Ria ကမူ မျက်လုံးလေးဝိုင်းလျက် အံ့သြစွာငေးကြည့်နေလေသည်။ ထိုအချိန်အတွင်း၌ပင် ခါးတစ်လျှောက်ရစ်တွယ်ထားသော လက်မောင်းအားများက ပြေလျော့သွားခဲ့သည်။