#Unicode
ပန်းနတ်အရှင်မ၏ စကားကြောင့် နိုးနိုးသည်ကား ဒေါ်လေးနှင့်အတူ လိုက်လာခဲ့ရသည်။ အပြင်သို့ရောက်သည်နှင့်ချက်ချင်း ဒေါ်လေးက နိုးနိုး၏ လက်ကလေးအား ညင်သာစွာ ဆုပ်ထွေးပေးလျက် နူးညံ့စွာ ပြုံးပြလေ၏။
"နောက်ဆုံးတော့ သမီးလေး ရောက်လာခဲ့ပြီပဲ။ ဒေါ်လေးတို့က သမီးကိုမျှော်နေတာ.."
"......"
မျက်လုံးဝိုင်းလေးဖြင့် ငေးကြည့်နေသော နိုးနိုးအားကြည့်ကာ ဒေါ်လေးက ခပ်တိုးတိုးရယ်၏။ ထို့နောက် နတ်အရောင်အဝါအား နှိုးဆွထားသဖြင့် ပျော့ပျောင်းစွာ ဝဲကျနေသည့် ဆံနွယ်ရှည်လေးများအား နူးညံ့စွာ သပ်တင်ပေးနေခဲ့သည်။
"ကောင်းကင်မင်းကြီးရဲ့ ပြစ်ဒဏ်က သမီးဘက်ကိုလှည့်လာမှာစိုးတာကြောင့်သာမဟုတ်ရင် ....
သမီးရဲ့ဖြစ်တည်မှုက ကောင်းကင်ဘုံရဲ့ဒေါသကိုနှိုးဆွမိမှာ စိုးတာကြောင့်သာမဟုတ်ရင်... သမီးလေးကို ဒေါ်လေးတို့ ဒီထက်စောစော လာခေါ်ခဲ့မိမှာပါ.."
"........"
"သမီးလေးက ဒေါ်လေးတို့ကို စိတ်ဆိုးနေပြီလား.."
နိုးနိုးက ခေါင်းလေးခါပြတော့ ဒေါ်လေးက သဘောတကျပြုံးလေ၏။ ထို့နောက် နိုးနိုးအား အသာအယာပွေ့ဖက်လိုက်ကာ ကျောပြင်လေးအား ပွတ်သပ်ပေးနေခဲ့သည်။
"ချစ်စရာကောင်းလိုက်တာကွယ်.."
ထို့နောက် နိုးနိုးအား စေ့စေ့စပ်စပ်ငေးကြည့်လျက်ရှိကာ...
"ဒီတစ်ခါတော့ မြေနတ်အရှင်အပေါ်မှာ ပန်းနတ်နယ်မြေက ကျေးဇူးကြွေးတင်သွားခဲ့ပြီပဲ...
ဒီလိုချစ်စရာကောင်းတဲ့ ပန်းနတ်သမီးလေးကို ပန်းနတ်နယ်မြေဆီ ပြန်ခေါ်လာပေးတဲ့အတွက်ပေါ့..."
"........"
"လာ.. ဒေါ်လေး သမီးလေးကို လိုက်ပြပေးမယ်.."
ထို့နောက် ဒေါ်လေးက နိုးနိုးအား ပန်းနတ်မြေတစ်လျှောက်လိုက်ပြပေးလေ၏။ နေရာအနှံ့ပန်းပေါင်းစုံဖြင့် ပြည့်နှက်နေကာ ပန်းရနံ့တို့ လှိုင်နေလေသည်။