#Unicode
မျက်ရည်လေးများဝေ့သီကာ သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုလျက် နင့်သည်းစွာပြောကြားနေပုံက ဘေးပတ်လည်၌ ရပ်ကြည့်နေသူများအား ခဏတာ ဆွံ့အသွားစေခဲ့၏။
ဒေါသတကြီး ဆူပူနေသော Ria သည်ပင် တဒင်္ဂမျှတောင့်တင်းသွားကာ ရပ်ကြည့်နေမိ၏။ Sam ကမူ တစ်ယောက်တည်း အသံတိတ်ရှိုက်ငိုနေရှာသည်။
မောင်ကမူ အပြင်လူဖြစ်သည်ဖြစ်ရာ တိတ်ဆိတ်စွာပင်ရပ်ကြည့်နေ၏။ ခဏအကြာ တိတ်ဆိတ်နေသော လေထုကြီးအား အကြီးအကဲက ဖြိုခွင်းလိုက်ချေသည်။
"ကောင်းပြီ။ အရင်ဆုံး ထိုင်ပြီးမှ အေးအေးဆေးဆေးပြောကြရအောင်...."
"ကျွန်တော် ခဏနေ ရိုက်ကူးရေးကို သွားကြည့်ပေးစရာရှိသေးလို့။ ကျွန်တော်မထိုင်တော့ဘူး..."
Sam ကမူ ပြောစရာရှိသည်အား ပြောပြီးသည်နှင့် ချာခနဲလှည့်ထွက်သွားခဲ့သည်။ ကျန်နေခဲ့သူများကသာ စိတ်မကောင်းစွာဖြင့် ငေးကြည့်လျက် ရပ်ကျန်နေခဲ့ရ၏။
"ကောင်းပြီ။ မောင် ရှင်းသန့်မောင်ကိုလည်း ရပ်ခိုင်းထားရတာ အားနာစရာကြီး။ ထိုင်ပါဦး..."
ထိုအခါမှ Ria က သူ၏ ချစ်သူလေးအား သတိရကာ ဘေးသို့ဆွဲလျက် ထိုင်စေ၏။ သို့သော် Sam အား ပူပန်နေသော စိတ်အစဥ်ကမူ ငြိမ်သက်သွားခြင်းမရှိသေးချေ။
"အကြီးအကဲ.. ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..."
"ကောင်းကင်ဘုံက လူ့ဘုံနဲ့နတ်ဘုံကို လုံးဝပေါင်းစပ်ခွင့်မပေးဘူးဆိုတာ မင်းလည်းသိပါတယ်....
အခု Sam က တာဝန်အရ လူသားအနေနဲ့ ဝိဥာဥ်စွမ်းအားလျှော့ချခံထားရတာ။ အဲ့တာအပြင် သူ့ရဲ့သတ်မှတ်လူသားကလည်း အချစ်ကိုလက်မခံသေးဘူးမလား...
အချိန်ကလည်း နီးကပ်လာပြီ။ သူကိုယ်တိုင်ကပါ လူသားတစ်ယောက်ကိုစုံမက်နေပြီဆိုမှတော့...."
အကြီးအကဲ၏ စကားများအား နားထောင်ပြီးချိန်၌မူ Ria တစ်ယောက်ငြိမ်ကျသွားလေ၏။
"ဘယ်လိုနည်းနဲ့ ကူညီလို့ရသေးလဲ..."
"လူသားတစ်ယောက်ရဲ့ ကံကြမ္မာကို နတ်တစ်ပါးအနေနဲ့ ဝင်စွက်ဖက်လို့မရဘူး..."