~30~

161 10 0
                                    

#Unicode

"တွေ့ရတာဝမ်းသာပါတယ်။ ကိုယ်က Ria ပါ..."

"......"

"Sam ရဲ့ သူငယ်ချင်းပါ..."

အပြုံးချိုချိုလေးဖြင့် လက်ကလေးပိုက်ကာ ပြောနေသော ထိုအဖြူရောင်နတ်သားကလေးနှယ် လှပလျက်ရှိသည့် လူငယ်လေးအားစိုက်ကြည့်ကာ နိုးနိုး၏ အတွေးတို့ရှုပ်ထွေးလာခဲ့သည်။ သို့သော် ထိုလူငယ်လေးသည်ကား တည်ငြိမ်နေခဲ့လေသည်။

အခုတလော Sam တစ်ယောက်ထူးဆန်းနေသည်။ အသားအရေက တစ်နေ့ထက်တစ်နေ့ ဖြူဖျော့လျက်ရှိကာ ပင်ပန်းနေပုံပေါ်၏။ မေးလျှင်လည်း အပြုံးနုနုပြုံးကာ ခေါင်းသာခါနေသည်ကြောင့် သက်ပြင်းချလျက်သာစောင့်ကြည့်နေရသည်။

ထို့ပြင် Sam ၏ လက်ကောက်ဝတ်ပေါ်မှ နောက်ပြန်ရွေ့လျားနေသော နံပါတ်များ...

ယခုအခါ Sam ၏ သူငယ်ချင်းဟူသော တစ်ခါမှမမြင်ဖူးသည့်လူငယ်လေးတစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုအခါ နိုးနိုး၏ ပူပင်နေသော စိတ်အစဥ်က ပို၍ပင် ပူလောင်လာခဲ့ရသည်။

"ဘာကိစ္စရှိလို့လဲ.."

ထိုအခါ Ria ဟူသော လူငယ်လေး၏ အပြုံးများက ရပ်တန့်သွားခဲ့၏။ ထို့နောက် တည်ကြည်သော မျက်နှာထက်၌ အေးစက်စက်အငွေ့ပါးတစ်လွှာ ဖြစ်တည်လာခဲ့သည်။ ပိုက်ထားသော လက်များအားဖြေချလိုက်ကာ လက်ချောင်းလေးများအား သွယ်ယှက်လျက် စားပွဲပေါ်သို့ တင်လိုက်၏။

ထို့နောက် နိုးနိုးအား တည်ကြည်လေးနက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လေ၏။ အတန်ကြာ အကြည့်ချင်းဆုံနေသည်ကြောင့် နိုးနိုးတစ်ယောက် နေရခက်လာမိသည်။

သို့သော် Ria က အကြည့်မလွှဲခဲ့။ အတန်ကြာစိုက်ကြည့်ပြီးမှ ရိုးရှင်းသော စကားတစ်ခွန်းကိုသာ ပြောလေ၏။

"Sam က မင်းဘေးကနေထွက်သွားရတော့မယ်.."

တည်ငြိမ်အောင်ထိန်းယူထားရသော နိုးနိုး၏ မျက်ဝန်းများက လှိုင်းဂယက်လေးတစ်ခုနှယ် လှုပ်ခတ်သွားခဲ့သည်။ ထို့ပြင် မျက်ဝန်းလေးများပြူးကျယ်လာလျက် နှုတ်ခမ်းပါးလေးများပါ ပွင့်အာလာခဲ့၏။ မကြာပါ။ ထိုနှုတ်ခမ်းလေးများက အနည်းငယ်တုန်ယင်လာခဲ့ကာ မျက်ဝန်းများထဲ၌ အရည်ကြည်လေးများ ဝေ့သီလာခဲ့၏။

True DestinyWhere stories live. Discover now