အခန်း (၂၀၆) လျှို့ဝှက်အခန်း

170 11 0
                                    

အချိန်တစ်ခဏခန့် ကြာပြီးသော် အမှောင်ထုကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ အမှောင်ထု၏နေရာတွင် အလွန်တရာ တောက်ပသော အလင်းတို့က အစားထိုး ၀င်ရောက်လာသည်။
မူလန်ယင်းသည် မည်သည့်အရာမျှ မမြင်နိုင်တော့ပေ။ သူမ မျက်လုံး ဖွင့်လိုက်သောအခါ ရှေးဟောင်းရတနာသိုက်ထဲက မျက်နှာကြက်ကို မြင်လိုက်ရသည်။ ရဲ့ချန် နှင့် ချင်းချမ်တို့ကတော့ ဘေးတွင် တိတ်တဆိတ် ရပ်နေကြလေသည်။
သူမ၏ဘေးက ထူးဆန်းသည့် လူနှစ်ယောက်ကို မြင်ပြီးနောက် မူလန်ယင်းသည် ကြမ်းပြင်ပေါ်မှ ချက်ချင်း ထရပ်ပြီး သိုလှောင်လက်စွပ်ထဲမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုဓားဖြင့် ရဲ့ချန် နှင့် ချင်းချမ်တို့ကို ဝေ့ယမ်းပြလိုက်သည်။ “ နင်တို့ ငါ့ကို ဘာလုပ်လိုက်တာလဲ “ ဓားဖြင့် ထိုချိန်ထားရင်း မူလန်ယင်းက လူနှစ်ယောက်ကို မေးလိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်မူ၊ သတိလေးဘာလေး ထားပါဦး၊ ငါတို့က နင့်ကို ရန်ပြုမယ့်လူတွေ မဟုတ်ပါဘူး “ ချင်းချမ်သည် စိတ်ရှုပ်နေပုံ ပေါ်နေသေးသည့် မူလန်ယင်းကို ရှင်းပြလိုက်သည်။
နောက်ဆုံးတော့ မူလန်ယင်းသည် ထိုလူက ချင်းချမ်ဖြစ်ကြောင်း ပြန်သတိရလာသည်။ ချင်းချမ်၏ဘေးက လူကိုတော့ သူက မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်ထားပြီး သူ၏ရုပ်သွင်ကို ဖုံးကွယ်ထားသောကြောင့် မူလန်ယင်းက မည်သူမှန်း မသိပေ။
သူမ၏အလိုလိုသိစိတ်အရ မူလန်ယင်းသည် မျက်နှာဖုံး၀တ်လူက သူမနှင့် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
“ ဂိုဏ်းခေါင်းဆောင်မူ၊ နင် ဘာတွေ ဖြစ်သွားတာလဲ၊ ငါတို့ရောက်လာတဲ့ အချိန်တုန်းက နင်တစ်ယောက်တည်း လမ်းလယ်ခေါင်မှာ လဲနေတာကို တွေ့လိုက်ရတယ် “ ချင်းချမ်သည် မူလန်ယင်းက မည်သို့ အိပ်ဆေးမှုန့်များ မိပြီး သတိလစ်သွားမှန်း သိချင်စိတ် ဖြစ်နေ၏။
မူလန်ယင်းသည် သူမ ယခင်က မည်သည့်အရာများ ဖြစ်ခဲ့မှန်း ပြန်လည် စဉ်းစားကြည့်လိုက်သည်။ အစက မူလန်ယင်းက အေးစိမ့်နတ်သမီးလေးယောက်နှင့် အတူတူ ရှိနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူမသည် ထောင်ချောက်တစ်ခုထဲ ခြေကျွံသွားပြီး နံရံကြီးတစ်ခုထဲ ၀င်လာမိခဲ့သည်။
ထောင်ချောက်ထဲတွင် ပိတ်မိနေသည့် မူလန်ယင်းသည် ထိုနံရံကြီးကို ဖျက်ဆီးပြီး တစ်ဖက်သို့ ထွက်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာပင် ဤနေရာက နံရံကြီးက အလွန်တရာ မာကျောလှပေသည်။ သူမ အားကုန် တိုက်ခိုက်သည့်တိုင် ထိုနံရံကြီးအား ခြစ်ရာတစ်ရာ ထင်အောင် မလုပ်နိုင်ခဲ့ပေ။
နံရံကြီးအား ဖျက်ဆီးရန် မတတ်နိုင်သောကြောင့် မူလန်ယင်းသည် နတ်သမီးလေးဖော်နှင့် ပြန်လည်ဆက်သွယ်ရန် အခြားနည်းလမ်းတစ်ခုကို ရှာဖွေရတော့သည်။
မူလန်ယင်း နောက်သို့ ပြန်လျှောက်လာသောအခါ အရောင်ဆင်းမဲ့ အမှုန့်များက သူမ၏၀န်းကျင်တွင် ပျံ့ကြဲနေသည်ကို သတိမမူ မိခဲ့ပေ။ မူလန်ယင်းသည် ထိုအမှုန့်များထဲသို့ ၀င်ရောက်လာသည်နှင့် သူမ၏ခန္ဓာကိုယ်နှင့် မျက်လုံးတို့က စတင် လေးလံလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူမကိုယ်သူမ ဘာမှမသိတော့ဘဲ အိပ်မက်တစ်ခုထဲသို့ ကျရောက်သွားတော့သည်။
“ ငါ ထောင်ချောက်တစ်ခုထဲကို ခြေလှမ်းမှားပြီး ၀င်လာခဲ့တာ၊ အဲဒီထဲရောက်လာတော့ အမှုန့်တစ်မျိုးကို ရှူရှိုက်မိပြီး ဘာကိုမှ မမှတ်မိတော့ဘူး “ မူလန်ယင်းသည် သူမ၏ဇာတ်ကြောင်းကို ရဲ့ချန် နှင့် ချင်းချမ်အား ပြောပြလိုက်သည်။
မူလန်ယင်းက သူမကြုံတွေ့ခဲ့သည့် အိပ်မက်အကြောင်းကိုတော့ တမင်သက်သက် မပြောပြခြင်း ဖြစ်သည်။ သူမသည် ထိုအမှုန့်များကို ရှူမိခဲ့ခြင်းကြောင့် အိပ်မက်မက်ခဲ့သည်ဟု ခံစားနေရသည်။
“ ဒါက နင်ဖြစ်ခဲ့တာတွေပေါ့ “ မူလန်ယင်း ပြောပြသော စကားများကို နားထောင်ပြီးနောက် ချင်းချမ်သည် သူမက အဘယ်ကြောင့် ဤနေရာတွင် တစ်ယောက်တည်း ရှိနေမှန်း နားလည်သွားပြီ ဖြစ်သည်။ ကြည်ရသည်မှာ သူမက သူမ၏အဖွဲ့နှင့် လူစုကွဲလာပုံ ရ၏။
“ ဂိုဏ်းခေါင်းဆောင်ချင်း၊ နင့်ဘေးကလူက ဘယ်သူလဲ “ မူလန်ယင်း၏အသံက အေးစက်စက်ပုံစံ ပြန်ဖြစ်သွား၏။
“ ဒါက စီနီယာချန်တဲ့၊ ငါ ဒီ၀င်္ကပါထဲမှာ ဒုက္ခရောက်နေတုန်း စီနီယာနဲ့ ဆုံတွေ့ခဲ့တာပဲ၊ စီနီယာချန်က အရမ်းအားကောင်းတယ်ဆိုတာ နင်မမြင်ဘူးလား “ ချင်းချမ်က ရဲ့ချန်ကို ဤကဲ့သို့ တမင် ခေါ်လိုက်ခြင်း ဖြစ်သည်။
“ နှုတ်ဆက်ပါတယ် စီနီယာချန် “ မူလန်ယင်းက ရဲ့ချန်ကို နှုတ်ဆက်လိုက်၏။ မူလန်ယင်း နှင့် ချင်းချမ်က မျိုးဆက် အတူတူပင် ဖြစ်၏။ ချင်းချမ်က ထိုလူ့ကို စီနီယာတပ်ခေါ်နေလျှင် သူမကလည်း ထိုသို့ ခေါ်ရမည် ဖြစ်သည်။
မျက်နှာဖုံး ၀တ်ထားသည့် ရဲ့ချန်က မူလန်ယင်းကို ခေါင်းညိတ်ပြလိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်မူ၊ နင် နောက်ထပ် ဘယ်ကိုသွားမှာလဲ “ ချင်းချမ်က မေးလိုက်သည်။
“ ငါ ငါတို့ဂိုဏ်းအုပ်စုကို လိုက်ရှာရဦးမယ်၊ သူတို့ ဒုက္ခရောက်နေမှာ ငါစိတ်ပူတယ် “ မူလန်ယင်းက အေးစိမ့်နတ်မိမယ် လေးယောက်အတွက် အတော်လေး စိုးရိမ်လျှက် ရှိနေသည်။
“ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ငါလည်း ဒီနေရာကထွက်ပြီး ငါတို့ဂိုဏ်းအုပ်စုကို လိုက်ရှာရဦးမယ်၊ ဒီတော့ နင် ငါတို့နဲ့ အတူလိုက်ခဲ့မလား “ ချင်းချမ်က မူလန်ယင်းကို သူမတို့အဖွဲ့တွင် ပါ၀င်ရန် ခေါ်လိုက်သည်။ မူလန်ယင်းသာ သူမတို့အဖွဲ့တွင် ပါ၀င်လာပါက ပို၍ အားကောင်းလာမည် မဟုတ်ပါလား။
မူလန်ယင်းက ရဲ့ချန် နှင့် ချင်းချမ်တို့နှင့် ပူးပေါင်းရန် အနည်းငယ် တုံ့ဆိုင်းနေသည်။ ချင်းချမ်၏ဘေးက စီနီယာချန်နှင့် ပတ်သက်ပြီး သူမ သံသယ၀င်နေသေးသည် မဟုတ်ပါလား။
သူမတို့က ယခုမှ တွေ့ဖူးသည့်တိုင် မူလန်ယင်းသည် ထိုမျက်နှာဖုံး တပ်ထားသည့်လူကို အလွန့်အလွန် မုန်းတီးနေသည်ဟု ခံစားနေရသည်။ သူမက ထိုလူ့ကို အဘယ်ကြောင့် မုန်းတီးနေမှန်း အကြောင်းပြချက် ရေရေရာရာလည်း မသိပေ။
“ မင်းမလိုက်ချင်ဘူး ဆိုရင်လည်း ငါတို့က အဆင်ပြေပါတယ်၊ ဒီတော့ ဒီလိုအန္တရာယ်ရှိတဲ့ နေရာမျိုးမှာ ကိုယ့်လမ်းကိုပဲ ကိုယ်ရှာပေါ့ “ ဘေးနားတွင် တိတ်တဆိတ် ရှိနေသည့် ရဲ့ချန်က နောက်ဆုံးတော့ စကားစပြောလာပြီ ဖြစ်သည်။ သို့သော် ရဲ့ချန်က အဘိုးအိုတစ်ယောက်ပုံစံ အသံဖျက်ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ပြောပြီးနောက် ရဲ့ချန်က ရှေ့ကို ထွက်ခွာသွားသည်။ ရဲ့ချန် ထွက်သွားသည်ကို မြင်ပြီး ချင်းချမ်ကလည်း နောက်မှ လိုက်ပါသွားသည်။
မူလန်ယင်းသည် ရဲ့ချန်၏စကားများကို စတင် သုံးသပ်ကြည့်လိုက်သည်။ ဤနေရာက အမှန်တယ် အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည်။ သူမသာ တစ်ယောက်တည်း နေခဲ့လျှင် ဤနေရာတွင်ပင် အဆုံးသတ်သွားနိုင်သည်။
ထို့ကြောင့် မူလန်ယင်းက ရဲ့ချန် နှင့် ချင်းချမ်နောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။
နောက်က လိုက်ပါလာသည့် မူလန်ယင်းကို ကြည့်ရင်း ချင်းချမ် တစ်ချက် ပြုံးမိသွားသည်။ ရဲ့ချန်၏အစောက စကားများကြောင့် မူလန်ယင်းက အလွယ်တကူ ယုံကြည်ပြီး သူတို့နောက် လိုက်လာပုံ ရသည်။
“ ခစ်ခစ်ခစ် … ရဲ့ချန်၊ နင်က သေအာင်မိုက်တာပဲ၊ စကားလုံး နည်းနည်းလေးနဲ့တင် အေးစိမ့်နတ်သမီး မူလန်ယင်းကို ငါတို့နောက် လိုက်လာအောင် လုပ်နိုင်တယ် “ ချင်းချမ်က ရဲ့ချန်ကြားနိုင်ရုံလောက်သာ စိတ်ချင်းဆက်သွယ်ပြီး စကားပြောလိုက်သည်။
ရဲ့ချန်သည် စိတ်ချင်းဆက်သွယ်သည့် စကားကို ကြားပြီးနောက် ချင်းချမ်ဘက်လှည့်ကာ ဦးခေါင်းကို ချက်ချင်း ယမ်းပြလိုက်သည်။
ချင်းချမ်က ရဲ့ချန်ကို ကျီစယ်ပြီး မျက်စေ့တစ်ဖက် မှိတ်ပြလိုက်သည်။
သို့နှင့် သူတို့သုံးယောက်သည် အေးစိမ့်ရေခဲဂိုဏ်း နှင့် ချယ်ရီပန်းပွင့်ဂိုဏ်းတို့ကို ရှာဖွေရင်း ထွက်လမ်းတစ်လမ်းကိုလည်း အနီး၀န်းကျင်တစ်လျှောက် လှည့်ပတ်ရှာဖွေနေကြသည်။
ကံမကောင်းစွာ တစ်နာရီကျော်ကျော်ခန့် ရှာဖွေပြီးသည့်တိုင် သူတို့သုံးယောက်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ လမ်းတစ်လျှောက်တွင် အတော်လေး အန္တရာယ်ရှိသည့် မှော်သားရဲများနှင့်လည်း ထိပ်တိုက်တိုးခဲ့ရသည်။
ရဲ့ချန်သည် သူ၏နောက်တွင် လိုက်ပါလာသည့် မိန်းကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူမတို့နှစ်ယောက်က အချိန်အတော်ကြာ မနားမနေ ပြေးလာရသောကြောင့် အတော်လေး ပင်ပန်းနေပုံ ရ၏။ “ အရင်ဆုံး အနားယူလိုက်ရအောင် “ ရဲ့ချန်က ရပ်တန့်ပြီး မိန်းကလေးနှစ်ယောက်ကို ခဏလောက် အနားယူရန် ပြောလိုက်သည်။
“ ဟူး … ဒီအနီးအနားကို ပတ်ပြေးရတာ အတော်လေး ပင်ပန်းတာပဲ၊ ငါတို့သာ ဝိညာဉ်အသိကို အသုံးပြုနိုင်ရင် ဒီလို ပင်ပန်းချင်မှ ပင်ပန်းမှာ “ ချင်းချမ်သည် မည်သည့်လမ်းမျှ ရှာမတွေ့သောကြောင့် မကျေမနပ် ညည်းညူနေလေသည်။
ဤနေရာတွင် ဝိညာဉ်အသိကို အသုံးပြု၍ မရပေ။ ဝိညာဉ်အသိကိုသာ အသုံးပြုနိုင်လျှင် သူမတို့က ထွက်လမ်းကို ရှာတွေ့နေလောက်ပြီ ဖြစ်သည်။
သူမသည် သူမတို့ဂိုဏ်းက အကြီးကဲငါးယောက်အတွက်လည်း အတော်လေး ပူပန်နေရသည်။ သူတို့အားလုံးသည် ထွက်လမ်းတစ်လမ်း ရှာတွေ့ပြီလော၊ လမ်းပျောက်နေဆဲ ရှိသေးသည်လော။
အခြားတစ်ဖက်တွင် မူလန်ယင်းသည် ဤနေရာမှ မည်သည့်အရာမျှ ရှာမတွေ့ခဲ့သောကြောင့် အတော်လေး စိတ်ပျက်နေသည်။ သူမသည် ဤနေရာက တန်ခိုးကျင့်ရာတွင် အသုံးပြုနိုင်သော အရင်းအမြစ်တစ်ခုခု ရှာတွေ့မည်ဟု မျှော်လင့်ထားခဲ့သည် မဟုတ်ပါလား။
ယခုချိန်တွင် အေးစိမ့်ရေခဲဂိုဏ်းက အရင်းမြစ်များကို အမှန်တကယ် လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း မူလန်ယင်း နှင့် အေးစိမ့်နတ်မိမယ် လေးယောက်တို့က ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာ သူမ မျှော်လင့်ထားသည့်အတိုင်း ဘာမျှ ဖြစ်မလာခဲ့ပေ။ ဤနေရာတွင် ဆိုးဝါးသည့် ဘေးအန္တရာယ်များ နှင့် ထောင်ချောက်များသာ ရှိနေသည် မဟုတ်ပါလား။
“ ငါတော့ ထိုင်ပြီး အနားယူချင်တယ် “ ချင်းချမ်သည် ထိုင်ခုံပုံစံ ဖြစ်နေသည့် ကျောက်တုံးတစ်တုံးကို မြင်လိုက်ရသည်။
ချင်းချမ်က ကျောက်တုံးပေါ် ထိုင်လိုက်သောအခါ ကျောက်တုံးက အောက်သို့ ရုတ်တရက် နိမ့်ကျသွားလေသည်။ ချင်းချမ်သည် အလွန်တရာ အံ့အားသင့်သွားပြီး တစ်မုဟုတ်ချင်း မတ်တတ် ထရပ်လိုက်သည်။ သူမသည် သားရဲ သို့မဟုတ် ထောင်ချောက်တစ်ခုပေါ်သို့ ထိုင်ချလိုက်ရသလို ခံစားလိုက်ရသည် မဟုတ်ပါလား။
“ ဂျိမ်း … ဂျလိန်း … ဒိန်း “ ချင်းချမ်၏နောက်က ကျောက်သားနံရံကြီးက အပေါ်သို့ မြောက်တက်သွားလေသည်။
ရဲ့ချန်သည် ပွင့်လာသော နံရံကြီးကို ချက်ချင်း အကဲခတ်လိုက်သည်။ သူက အထဲသို့ လှမ်းကြည့်လိုက်သောအခါ အထဲတွင် အလွန်တရာ ပိတ်သိပ်နေသည့် အမှောင်ထုကြီးသာ မြင်လိုက်ရသည်။ ထိုနေရာတွင် အလင်းရောင် တစ်စွန်းတစ်စပင် ရှိမနေပေ။
“ အထဲ ၀င်လိုက်ရအောင် “ ရဲ့ချန်က မိန်းကလေးနှစ်ယောက်ကို ခေါ်လိုက်ရသည်။
“ စီနီယာ၊ ဒါက ထောင်ချောက်တစ်ခု မဟုတ်တာ သေချာလို့လား “ မူလန်ယင်းက အတော်လေး စေ့စပ်တတ်ပုံ ရ၏။ သူမသည် ဤသို့သော အရာတစ်ခုကို တွေ့ကြုံခဲ့ရပြီး ရလဒ်အနေဖြင့် သူမ၏အဖွဲ့နှင့် လူစုကွဲရသည်သာ အဖက်တင်ခဲ့သည် မဟုတ်ပါလား။
“ ငါတို့ စမ်းကြည့်တာ မမှားဘူးလေ၊ အနည်းဆုံးတော့ ဒီနေရာတွေမှာ ပတ်ပြေးနေရတာထက်တော့ ပိုကောင်းပါသေးတယ် “ ရဲ့ချန်သည် ဤ၀င်္ကပါထဲတွင်သာ လှည့်ပတ်နေရသည်ကို ဆက်လက် သည်းမခံနိုင်တော့ပေ။
“ ဒီလျှို့ဝှက်အခန်းက ရတနာတွေ သိုလှောင်ထားတဲ့ အခန်းလည်း ဖြစ်ချင် ဖြစ်နေနိုင်တာပဲလေ “ ချင်းချမ်က ပို၍ပင် အကောင်းမြင်နေပေသည်။ သူမက အထဲတွင် ရတနာများ ရှိနိုင်ကြောင်း ထင်နေသည် မဟုတ်ပါလား။
“ မင်းမှာ ဘာမှ ပြောစရာမရှိတော့ဘူးရင် အထဲ၀င်ကြရအောင် “ ရဲ့ချန်က အခန်းထဲသို့ အရင်ဆုံး ၀င်သွားတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now