အခန်း (၂၀၉) ရဲ့လျှို ထွက်လာခြင်း

160 8 0
                                    

မူလန်ယင်း၏စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင်ဖြင့် ရှုပ်ယှက်ခတ်ကုန်၏။ ထိုလူကသာ ရဲ့ချန်ဖြစ်နေလျှင် သူမက မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။
ရဲ့ချန်၏ဖျက်ဆီးခြင်း လက်ဝါးသိုင်းက နဂါးမိစ္ဆာ၏ခန္ဓာကိုယ်နှင့် နီးကပ်လာပြီ ဖြစ်သည်။ နဂါးမိစ္ဆာ၏ခန္ဓာကိုယ်ကလည်း အလွန်တရာ ပြင်းထန်သည့် ဖိအားများကြောင်း အနည်းငယ်မျှ မလှုပ်နိုင်တော့ပေ။
ဖျက်ဆီးခြင်းလက်ဝါးသိုင်း နီးကပ်လာသောအခါ မူလန်ယင်း နှင့် ချင်းချမ်တို့ နှစ်ယောက်စလုံး ထိုသိုင်းကွက်ဆီမှ အလွန်တရာ အန္တရာယ်ရှိသည့် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
ထို့ကြောင့် သူမတို့နှစ်ယောက်သည် တိုက်ပွဲကနေ တတ်နိုင်သမျှ နောက်ဆုတ်ပြီး စွမ်းအင်များ၏သက်ရောက်မှုကို မခံရစေရန် အကာကွယ်ဒိုင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။
ဖျက်ဆီးခြင်းလက်ဝါးသိုင်းက တစ်စထက်တစ်စ နီးကပ်လာပြီး နဂါးမိစ္ဆာကြီးကို ရိုက်ချလိုက်တော့သည်။ “ အုန်း … “ အလွန့်အလွန် ကျယ်လောင်သည့် အသံကြီးက ဟိန်းထွက်သွားလေသည်။
မူလန်ယင်း နှင့် ချင်းချမ်တို့က သူမတို့ ဖန်တီးထားသည့် အကာကွယ်ထဲမှ ခြေတစ်လှမ်းမှ မထွက်ပေ။ ကံမကောင်းစွာပင် သူမတို့ ဖန်တီးထားသည့် အကာကွယ်ဒိုင်းက ဖျက်ဆီးခြင်းလက်ဝါးသိုင်း၏ သက်ရောက်မှုကို ဒဏ်မခံနိုင်ဘဲ အလွယ်တကူ ကြေမွ ပျက်စီးသွားလေသည်။
အကာအကွယ်ဒိုင်း ပျက်စီးသွားသည်နှင့် မူလန်ယင်း နှင့် ချင်းချမ်တို့လည်း နောက်သို့ လွင့်စင်သွားကြလေသည်။
မူလန်ယင်းသည် ဤအကွာအဝေးတွင် ရှိနေသည့်တိုင် ဆိုးဝါးစွာ ထိခိုက်မိသေးသည်ကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
ဖျက်ဆီးခြင်းလက်ဝါးသိုင်းက အခန်းကြီး၏ကျောက်တုံးများကို မဖျက်ဆီးနိုင်သော်လည်း အခန်းတစ်ခန်းလုံး တုန်ခါသွားစေရန်တော့ ကောင်းကောင်း လုံလောက်နေပေသည်။
ယခင် နဂါးမိစ္ဆာကြီး ရပ်နေသည့် နေရာတွင် ယခုထိ ဖုန်များက တောင်းလမောင်း ထနေဆဲသာ ရှိသေး၏။
“ အောင်မြင်သွားပြီလား “ ထိုအချိန်တွင် ရဲ့ချန်သည် ဖျက်ဆီးခြင်းလက်ဝါးသိုင်း ဒုတိယလက်ချောင်းကို အသုံးပြုလိုက်သောကြောင့် အင်အားအတော်များ ကုန်ဆုံးသွားပြီ ဖြစ်၏။
ခပ်ဝေးဝေးထိ လွင့်ထွက်သွားသည့် မူလန်ယင်း နှင့် ချင်းချမ်တို့သည်လည်း ကျောက်ကြမ်းပြင်ပေါ်မှ ပြန်ထလာပြီ ဖြစ်၏။
သူမတို့နှစ်ယောက်သည် ရဲ့ချန် ပြသခဲ့သည့် အင်အားများကို အတော်လေး အံ့အားသင့်နေကြပေသည်။ ရဲ့ချန်က သူမတို့ တွေးထားသည်ထက် ပိုမို သန်မာပုံ ရ၏။
ဤမျှ ကြီးကျယ်သော အင်အားဖြင့်ဆိုလျှင် နဂါးမိစ္ဆာကြီးက ရှုံးနိမ့်သွားလောက်ပြီ ဖြစ်၏။
တထောင်းထောင်း ထနေသည့် ဖုန်များက တဖြည်းဖြည်း ပါးလာသည်။ ထိုအချိန်တွင် သူတို့သုံးယောက်သည် မိစ္ဆာနဂါးကြီး မည်သို့ ဖြစ်သွားကြောင်း လှမ်းကြည့်လိုက်ကြသည်။
ဖုန်များ ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားချိန်တွင် သွေးရောင်ကဲ့သို့ ရဲရဲနီနေသည့် မျက်လုံးကြီးနှစ်လုံးက ပြန်ပေါ်လာတော့သည်။ “ ဂရား … “ ဒေါသတကြီး မာန်ဖီသံနှင့်အတူ နဂါးမိစ္ဆာကြီးက ပြန်ထလာတော့သည်။
“ ဘာ … “ ရဲ့ချန်သည် ဤမျှ ပြင်းထန်သည့် တိုက်ချက်နှင့်ပင် မသေသေးသည့် နဂါးမိစ္ဆာကြီးကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
ပြဿနာသည် ရဲ့ချန်က ဖျက်ဆီးခြင်းလက်ဝါးသိုင်းကို အသုံးပြုရန် အင်အားအများအပြား အသုံးပြုထားရခြင်း ဖြစ်သည်။ ရဲ့ချန်က ထိုသိုင်းကွက်ကို တစ်ကြိမ်သာ အသုံးပြုနိုင်သည် မဟုတ်ပါလား။
နဂါးမိစ္ဆာကြီးက ရဲ့ချန်ဆီ ကဆုန်ပေါက်ပြီး ပြေး၀င်လာတော့သည်။ သူက ရဲ့ချန်ကို အလွန်တရာ ဒေါသထွက်နေပုံ ရသည်။
“ ဂရား … “ နဂါးမိစ္ဆာကြီးက ရဲ့ချန်ကို သူ၏ဦးခေါင်းကြီးဖြင့် ပစ်ဆောင့်လိုက်တော့သည်။
“ ဘမ်း … “ ရဲ့ချန်သည် စွမ်းအင်ပြည့်ဝသော ရိုက်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားလေသည်။
သူ့တွင် အင်အားကလည်း ကုန်ခမ်းနေပြီ ဖြစ်သောကြောင့် နဂါးမိစ္ဆာကြီး၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။
နဂါးမိစ္ဆာကြီးက ရဲ့ချန်ဆီသို့ အလင်း၏အလျင်ဖြင့် တဖန် ဦးတည်လာပြန်သည်။ ဤတစ်ကြိမ်တွင် နဂါးကြီးက ရဲ့ချန်ကို ခွင့်လွှတ်ပေးတော့မည် မဟုတ်ပေ။
မူလန်ယင်း နှင့် ချင်းချမ်တို့သည်လည်း နဂါးမိစ္ဆာကြီးကို တားဆီးရန် ရဲ့ချန်ဆီ ချက်ချင်း ပြေးလာကြလေသည်။
ကံမကောင်းစွာပင် သူမတို့နှစ်ယောက်၏ အမြန်နှုန်းက နဂါးမိစ္ဆာကြီးကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူမတို့က နဂါးကြီး၏နောက် ခပ်ဝေးဝေးတွင် ပျက်ကျန်ခဲ့လေသည်။
နဂါးမိစ္ဆာကြီးသည် ရဲ့ချန်ဆီသို့ ရောက်ရှိရန် မီတာအနည်းငယ်ခန့် အလိုတွင် အဝါရောင်အလင်းတန်း တစ်ခုက ရဲ့ချန်၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ရဲ့ချန်၏ရှေ့တွင် သေးငယ်သော သတ္တဝါလေးတစ်ကောင်က ပေါ်ထွက်လာခဲ့သည်။ စင်စစ် ထိုသတ္တဝါလေးက မြေခွေးပေါက်စလေး ရဲ့လျှိုပင် ဖြစ်၏။
ရဲ့လျှိုသည် ရဲ့ချန်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့် နဂါးမိစ္ဆာကြီးကို စိုက်ကြည့်ပြီး တစ်ချက် မာန်ဖီလိုက်သည်။ ရဲ့လျှိုက ရဲ့ချန်၏ ပဋိညာဉ်ပြုထားသည့် သားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် ရဲ့ချန်သာ သေသွားလျှင် သူမလည်း လိုက်ပါ သေဆုံးရမည် မဟုတ်ပါလား။
ရဲ့လျှိုက ဤကဲ့သို့ အလွန်တရာ အန္တရာယ်ရှိသည့် အခြေနေမျိုးတွင် ထွက်လာသောကြောင့် ရဲ့ချန်တစ်ယောက် သက်သာရာ ရသွားလေသည်။
နဂါးမိစ္ဆာကြီးသည် ရဲ့လျှိုကို မြင်လိုက်ရသောကြောင့် ခြေလှမ်းများကို ရပ်တန့်ပြီး ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ “ ဂရား … “ နဂါးကြီးက ရဲ့လျှိုကို ကြည့်ပြီး မာန်ဖီလိုက်သည်။
ရဲ့လျှို၏နဂို မူလအရွယ်အစားမှ နဂါးမိစ္ဆာကြီး၏ အရွယ်အစားနှင့်အညီ ကြီးထွားလာတော့သည်။
ရဲ့ချန်ကို ကူညီရန် ပြေးလာသော မူလန်ယင်း နှင့် ချင်းချမ်တို့သည် ချက်ချင်း ရပ်တန့်လိုက်ကြသည်။ သူမတို့နှစ်ယောက်က ရဲ့ချန်၏ရှေ့တွင် အခြားသတ္တဝါတစ်ကောင် ရောက်ရှိနေကြောင်း မြင်လိုက်ရသည် မဟုတ်ပါလား။
မူလန်ယင်း နှင့် ချင်းချမ်တို့သည် ယင်းက မည်သည့်သတ္တဝါမှန်း သေသေချာချာ သိပေသည်။ ယင်းသည် ဒဏ္ဍာရီများထဲက အလွန်တရာ ကျော်ကြားသည့် မှော်သားရဲဖြစ်သော အမြီးကိုးချောင်းမြေခွေး တစ်ကောင်ပင် ဖြစ်သည်။
သူမတို့သည် ဤကဲ့သို့ နေရာမျိုးတွင် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို မြင်ရမည်ဟု မျှော်လင့်မထားကြပေ။
အမြီးကိုးချောင်းမြေခွေးသည် ကျင့်ကြံသူတို့လောကတွင် အလွန်တရာ ထင်ရှားသည့် သတ္တဝါတစ်ကောင် ဖြစ်၏။ သို့သော် ထိုသတ္တဝါက အထူးစွမ်းရည်များ ရှိသောကြောင့် ကျင့်ကြံသူများအတွက် ဖမ်းဆီးရန် အတော်လေး ခက်ခဲလှချေသည်။
ရဲ့လျှိုက သူမ၏အမြီးကိုးချောင်းဖြင့် နဂါးမိစ္ဆာကြီးကို တိုက်ခိုက်လိုက်သည်။ ထိုအမြီးကိုးချောင်းက ပြင်းထန်စွာ ခါယမ်းပြီး နဂါးမိစ္ဆာကြီး၏ခန္ဓာကိုယ်ဆီ ဦးတည် ၀င်ရောက်သွားတော့သည်။
“ ဘမ်း … “ ရဲ့လျှို၏အမြီးရိုက်ချက်များကြောင့် နဂါးမိစ္ဆာကြီးသည် နောက်သို့ ရွေ့ရွေ့ဆုတ်ပြီး ကြမ်းခင်းပေါ်သို့ လဲကျသွားလေသည်။
နဂါးမိစ္ဆာကြီးက လဲကျနေရာမှ ထရပ်ရန် ကြိုးစားနေသည်။
ရဲ့လျှိုက နဂါးမိစ္ဆာကြီးကို ထရပ်ရန် အခွင့်ရေး မပေးတော့ချေ။ သူမက နဂါးမိစ္ဆာကြီး၏ လည်ပင်းအရိုးကို အလွန်တရာ ပြင်းထန်သည့် အရှိန်ဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။ ရဲ့လျှို၏အမြီးက အနီး၀န်ကျင်သို့ ရောက်လာသောအခါ နဂါးမိစ္ဆာကြီး၏ခန္ဓာကိုယ်က စည်းတံဆိပ်ခတ်နှိပ်ထားသလို လုံး၀ လှုပ်ရှားမရတော့ပေ။
ရဲ့လျှိုက ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ သူမက နဂါးမိစ္ဆာ၏လည်ပင်းရိုးကို ဖိချေပစ်ရန် ကြိုးစားနေခြင်း ဖြစ်၏။
ရဲ့လျှို၏ထက်ရှသည့် သွားများနှင့် မာကျောသည့် လက်သည်းတို့က နဂါးမိစ္ဆာကြီး၏ လည်ပင်းရိုးကို မဖျက်ဆီးနိုင်ပေ။
နဂါးမိစ္ဆာကြီး၏ လှုပ်ရှားမှုအားလုံးကို ရဲ့လျှို၏အမြီးများက ပိတ်ဆို့ကာဆီးထားသည်။ ထို့ကြောင့် နဂါးမိစ္ဆာကြီးက ရဲ့လျှို၏အမြီးရန်မှ အသည်းအသန် ရုန်းကန်နေရသည်။
“ ဘမ်း … “ နဂါးမိစ္ဆာကြီး၏ အမြီးက ရဲ့လျှိုကို တိုက်ရိုက် ရိုက်မိသွားလေသည်။ သူမသည် ထိုရိုက်ချက်က အတော်လေး ပြင်းထန်သောကြောင့် နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။
လောလောဆယ် ရဲ့လျှို၏အင်အားက အရှင်သခင်နယ်ပယ် အဆင့်ကိုးနှင့် တူညီလုနီးပါးသာ ရှိနေခဲ့သည်။ ထို့ကြောင့် နဂါးမိစ္ဆာကြီးနှင့် တိုက်ခိုက်ရာတွင် ရဲ့လျှိုအတွက် အနည်းနှင့်အများ အန္တရာယ်တော့ ရှိနေဆဲသာ။
ထိုနဂါးမိစ္ဆာကြီးက အရှင်သခင်နယ်ပယ် အဆင့်တစ်ဆယ်ပင် ရောက်နေပြီ ဖြစ်၏။
ရဲ့လျှို၏ခန္ဓာကိုယ်မှ အဝါရောင် အလင်းတန်းများ တောက်ပလာပြီး အလွန့်အလွန် သန့်စင်သည့် အော်ရာများက ဖြာထွက်လာတော့သည်။
ရဲ့လျှိုက သူမတွင်ရှိသည့် အင်အားများကို လုံး၀ ထိန်ချန်မထားတော့မည့်ပုံ ပေါ်နေ၏။ ရုတ်တရက် သန့်စင်သော အော်ရာများက ရဲ့ချန်၏ခန္ဓာကိုယ်ကို ရစ်ပတ်ခြုံလွှမ်းလာပြီး သူ့ကို သက်သောင့်သက်သာ ဖြစ်စေသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
ရဲ့ချန်၏ခန္ဓာကိုယ်က စွမ်းအင်များသည် မယုံနိုင်စရာကောင်းသည့် အရှိန်ဖြင့် တစ်မုဟုတ်ချင်း ပြန်လည် ကောင်းမွန်လာသည်။ ယင်းသည် အမြီးကိုးချောင်း မြေခွေးများတွင်သာ ရှိသည့် ယင်ယန်ဒဏ္ဍာရီကျင့်စဉ် တစ်မျိုးပင် ဖြစ်၏။
ရဲ့ချန်ကလည်း မျက်လုံးကို မှိတ်ပြီး သူ၏ဒဏ်ရာများကို ပြန်လည် ကုစားလိုက်သည်။
ရဲ့လျှိုသည် နဂါးမိစ္ဆာကြီးနှင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်၏။ “ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ဤတစ်ကြိမ်တွင် ရဲ့လျှို၏တိုက်ခိုက်မှုများက အလွန်တရာ မြန်ဆန်ပြီး ရက်စက်လှချေသည်။
နဂါးမိစ္ဆာကြီးက ရဲ့လျှို၏တိုက်ခိုက်မှုများကို ခုခံရင်း နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရသည်။
“ ဂရား … “ နဂါးမိစ္ဆာကြီးသည် ရဲ့လျှိုက မရပ်မနား ရိုက်နှက်နေသောကြောင့် အတော်လေး မွှန်သွားပုံ ရ၏။
ထို့ကြောင့် နဂါးမိစ္ဆာကြီးသည် ရဲ့လျှို၏တိုက်ခိုက်မှုများကို လက်သည်းများကို အသုံးပြုပြီး ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
ဧရာမ မွန်းစတားကြီး နှစ်ယောက်၏တိုက်ပွဲက အင်မတန် ကြီးကျယ်လှပေသည်။ သူတို့နှစ်ကောင်၏ တိုက်ပွဲကြောင့် အခန်းကြီးတစ်ခန်းလုံးပင် အနည်းငယ် တုန်ခါနေပြီ မဟုတ်ပါလား။
အချိန်တိုတို အတွင်းမှာပင် ရဲ့ချန်၏စွမ်းအင်များက ခုနစ်ဆယ်ရာခိုင်နှုန်း ၀န်းကျင်ခန့် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်၏။ ရဲ့လျှို၏ ယင်ယန်ဒဏ္ဍာရီ ကျင့်စဉ်က အတော်လေး ကောင်းမွန်လှပေသည်။
ရဲ့ချန်က မျက်လုံးကို ဖွင့်ပြီး ရဲ့လျှိုတို့၏တိုက်ပွဲကို တစ်ချက် အကဲခတ်လိုက်သည်။
လောလောဆယ် ရဲ့လျှိုက နဂါးမိစ္ဆာကြီးကို အပေါ်စီးမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျှက် ရှိနေသည်။
ရဲ့လျှိုက နောက်သို့ ပြန်ဆုတ်လိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် အလုပ်မဖြစ်သည်ကို ကြည့်ရင်း သူမက ပါးစပ်ကို ဟလိုက်သည်။ ထိုအချိန်တွင် အဝါရောင်အလင်းတန်း တစ်ခုက ရဲ့လျှို၏ပါးစပ်ထဲမှ ထွက်လာတော့သည်။
ထိုအရာကို မြင်လိုက်ရသော ရဲ့ချန်သည် ရဲ့လျှိုက မည်သည့်အရာကို လုပ်တော့မည်ဖြစ်ကြောင်း သိသွားသည်။ ယင်းသည် တာအိုသခင် ငါးယောက်ကို အနိုင်ယူစဉ်က ရဲ့လျှို အသုံးပြုခဲ့သည့် အားအကောင်းဆုံးသိုင်းကွက်ပင် ဖြစ်နေသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now