အခန်း (၂၁၉) ဓားဝိညာဉ် မိန်းကလေး

159 6 0
                                    

“ ဒါက … ဒီဓားက ဘာဖြစ်လို့ ငါ့ရဲ့သိုလှောင်ခန်းမထဲ ၀င်တာလဲ “ ရဲ့ချန်သည် ထိုဓားက သူ၏သိုလှောင်ခန်းမထဲသို့ မ၀င်ချင်သောကြောင့် နားမလည်နိုင် ဖြစ်သွား၏။ နတ်သမီးတံခါး၀၏ သိုလှောင်ခန်းမတွင် နေရာလွတ်များစွာရှိနေသေးသည်။ ထိုအထဲတွင် ပစ္စည်းများစွာ ထည့်ထားရန်ပင် ကောငးကောင်း လုံးလောက်နေသည် မဟုတ်ပါလား။
“ ငါစမ်းကြည့်လိုက်မယ်၊ ငါ့ရဲ့သိုလှောင်ခန်းမထဲကိုတော့ ထည့်ချင် ထည့်လို့ရမှာပေါ့ “ ချင်ျးခမ်က ထိုဓားကို သူမ၏သိုလှောင်ခန်းမသို့ ထည့်ရန် ကြိုးစားကြည့်လိုက်သည်။
ရဲ့ချန်ကဲ့သို့ပင် ချင်းချမ်သည်လည်း ဓားကို သိုလှောင်ခန်းမထဲ ထည့်ရန် ကြိုးစားလိုက်သောအခါ မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ ဓားက ကျောက်ဖြာတွင် ထိုးစိုက်နေဆဲသာ ရှိသေး၏။
“ သိုလှောင်ခန်းမထဲ ထည့်မသိမ်းခင် သူ့ကို အရင်ဆုံး ဆွဲနုတ်ရမယ်နဲ့တူတယ် “ မူလန်ယင်းက ရှေ့သို့ ထွက်လာသည်။ ထို့နောက် ဓားကို ကျောက်ဖြာမှ နုတ်ယူရန် ကြိုးစားလိုက်သည်။
မူလန်ယင်းသည် ဓားကို အားကုန် ဆွဲနုတ်လိုက်သည်။ ကံမကောင်းစွာပင် ဓားက ကျောက်ဖြာထဲမှ တုပ်တုပ်ပင် မလှုပ်ပေ။
“ အရမ်းကျပ်တာပဲ၊ ငါတော့ ဆွဲမနုတ်နိုင်တော့ဘူး “ မူလန်ယင်းသည် ဓားက ကျောက်ဖြာတွင် မြဲမြံစွာ ကုတ်တွယ်ထားသည်ဟု ခံစားလိုက်ရ၏။ သူမ၏ကျင့်ကြံခြင်း အခြေခံဖြင့်ပင် ဓားကို ကျောက်ဖြာမှ ကျွတ်ထားအောင် မနုတ်နိုင်သေးဘူး မဟုတ်လား။
“ ငါ ထပ်ကြိုးစားကြည့်မယ် “ ရဲ့ချန်က ရှေ့ထွက်လာသည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အားကုန် ဆွဲနုတ်လိုက်သည်။
ရဲ့ချန်က သူ၏အင်အားကို တစ်စက်မျှ ထိမ်ချန်မထားပေ။ ဤတစ်ကြိမ်တွင် သူက အားအကုန်သုံးပြီး ဆွဲနုတ်လိုက်ခြင်း ဖြစ်သည်။
သို့တိုင်အောင် ထိုဆန်းကြယ်သည့်ဓားက တုပ်တုပ် မလှုပ်ပေ။ ရဲ့ချန်၏အင်အား အကုန်သုံးသည့်တိုင် ၎င်းက ကျွတ်ထွက်မလာသေးပေ။
မိနစ်အနည်းခန့် ကြိုးစားပြီး နောက်ဆုံးတော့ ရဲ့ချန်က လက်လျော့လိုက်ရသည်။ ထိုဓားက ခုချိန်ထိ မူလနေရာမှ လုံး၀ မရွေ့သေးပေ။
ရဲ့ချန် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကျောက်ဖြာပေါ်တွင် ရေးထွင်းထားသည့် စာလုံးများကို မြင်လိုက်ရသည်။
ရဲ့ချန်က ထိုစာများကို ဖတ်ကြည့်လိုက်သည်။ “ နတ်သခင် ယင်ယန်ဓား၊ သင့်ရဲ့သွေးတစ်စက်ကို အသုံးပြုပြီး ဓားကို နှိုးလိုက်ပါ “ ကျောက်ဖြာတွင် ရေးထားသည့် စာများက ဤသို့ ဖြစ်သည်။
ရဲ့ချန်သည် ကျောက်ဖြာပေါ်တွင် ရေးထားသည့် စာလုံးများ၏အဓိပ္ပာယ်ကို သိချင်စိတ် ဖြစ်လာ၏။ အထူးသဖြင့် ထိုဓားကို အသက်သွင်းရန် သွေးတစ်စက် လိုအပ်သည်ဟု ထိုစာများက ပြောထားပေသည်။ အမှန်စင်စစ် ထိုဓားက မည်သို့သော ဓားမျိုးနည်း။
“ ယွဲ့ချန်၊ ဒီဓားက ဘယ်မျိုးလဲဆိုတာ နင်သိလား “ ရဲ့ချန်သည် ထိုဓားနှင့် ပတ်သက်ပြီး တစ်ခုခုသိနိုင်သည့် ချူးယွဲ့ချန်ကို လှမ်းမေးလိုက်သည်။
“ ဟူး … အဲဒါက ဘာဓားအမျိုးအစားလဲ ဆိုတာတော့ ငါမသိဘူး၊ ဒီလိုဓားပုံစံမျိုးကို ငါလည်း အရင်က မမြင်ဖူးဘူး “ ချူးယွဲ့ချန်က ထိုဓားက မည်သည့်အမျိုးအစားမှန်း အမှန်တကယ် မသိပေ။ နတ်သခင် ယင်ယန်ဓားနှင့် ပတ်သက်ပြီး မှတ်တမ်းများလည်း မရှိခဲ့ဘူး မဟုတ်လား။
“ ဒီဓားက သွေးတစ်စက်ချပြီး အသက်သွင်းရတယ်လို့ ရေးထားတယ်လေ၊ နင်ဘာဖြစ်လို့ စမ်းမကြည့်တာလဲ “ ချူးယွဲ့ချန်သည်လည်း သိချင်စိတ် ပြင်းပြနေ၏။
“ အဲဒါက ဟုတ်ရော ဟုတ်ရဲ့လားဟာ၊ ငါတို့အတွက် လုံခြုံမှုရော ရှိပါ့မလား “ ရဲ့ချန်က ကျောက်ဖြာပေါ်က စာအတိုင်း လုပ်ဆောင်လျှင် အန္တရာယ် ရှိမရှိ မေးမြန်းလိုက်သည်။
“ ငါထင်တာ မမှားဘူးဆိုရင် ဒီလက်နက်က နင့်ကို ဆရာတစ်ယောက်အဖြစ် အသိမှတ်ပြုဖို့ လိုအပ်ချက်တစ်ခု ရှိနေတာနေမယ်၊ အဲဒါကို ဖြည့်ဆည်းပြီးမှပဲ သူ့ကို အသုံးပြုလို့ရမယ် “ ချူးယွဲ့ချန်က ဓားကို အသုံးပြုရန် လိုအပ်ချက်တစ်ခု ရှိကြောင်း ပြောလိုက်သည်။
ရဲ့ချန်သည် ထိုဓားနှင့်ပတ်သက်ပြီး အတော်လေး သိချင်စိတ် ပြင်းပြနေ၏။ ထို့ကြောင့် ကျောက်ဖြာပေါ်တွင် ရေးထားသည့် စာအတိုင်း လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ရဲ့ချန်က အပ်တစ်ချောင်းကို ထုတ်ယူပြီး လက်ချောင်းထိပ်ကို ဖောက်လိုက်သည်။ အပ်ဖြင့်ထိုးလိုက်သောအခါ လက်ထိပ်တွင် သွေးများ ထွက်လာခဲ့သည်။ ရဲ့ချန်က ထိုသွေးဖြင့် နတ်သခင် ယင်ယန်ဓားပေါ်သို့ ချလိုက်သည်။
မူလန်ယင်း နှင့် ချင်းချမ်တို့သည် ရဲ့ချန် လုပ်နေသည့်အရာကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ သူမတို့ နောက်ထပ် မည်သည့်အရာများ ဆက်ဖြစ်မည်နည်းဟု သိချင်စိတ် ပြင်းပြစွာ စောင့်နေကြသည်။
ရဲ့ချန်၏သွေးစက်က ဓားပေါ်သို့ ကျရောက်သွားသောအခါ ဓားဆီမှ အလွန်တရာ ပြင်းထန်သည့် အော်ရာများ ဖြာထွက်လာသည်။ ထိုအော်ရာများ ဖြာထွက်လာသည်နှင့် အလင်းနှင့်အမှောင်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသလို ဖြစ်သွား၏။
ရတနာခန်းမကြီး တစ်ခန်းလုံးလည်း ပြင်းထန်သည့် လေများကြောင့် ချက်ချင်း ခါယမ်းသွားသည်။ ထို့နောက် ထိုလေများက ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့ကို တိုက်ိုက် ရိုက်ခတ်မိသောကြောင့် သူတို့သုံးယောက်စလုံး နောက်သို့ လွင့်ထွက်သွားကြသည်။
သူတို့သုံးယောက်စလုံးသည် နတ်သခင် ယင်ယန်ဓားပေါ်သို့ သွေးစက်ချရုံမျှဖြင့် ဤမျှအထိ ဖြစ်သွားမည်ဟု ထင်မထားကြပေ။
ဓား၏အော်ရာများက ပို၍ အားကောင်းလာပြီး မျက်စိကျိမ်းလုမတက်သော အလင်းတန်းများကလည်း ဓားဆီမှ ထွက်ပေါ်လာသည်။
ဓားဆီမှ ထွက်ပေါ်လာသော အလင်းများကြောင့် ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့သည် တစ်ခဏခန့် မည်သည့်အရာမျှ မမြင်နိုင်အောင် ဖြစ်သွားကြသည်။
သူတို့သုံးယောက်သည် ထိုအလင်းတန်း ထွက်ပေါ်လာပြီးနောက် မည်သည့်အရာများ ဖြစ်သွားမှန်း မသိတော့ပေ။
စက္ကန့်သုံးဆယ်ခန့် ကြာပြီးနာက် အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့သည်လည်း ပတ်၀န်းကျင်ကို ပြန်လည် မြင်လိုက်ရပြီ ဖြစ်၏။
သူတို့သုံးယောက်စလုံးသည် နတ်သခင် ယင်ယန်ဓားရှိရာ နေရာသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ဓားက မူလနေမှ လုံး၀ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ယခုတော့ နတ်သခင် ယင်ယန်ဓား၏နေရာတွင် အလွန်တရာ လှပသော မိန်းကလေးတစ်ယောက် ရပ်နေပြီ ဖြစ်သည်။ ထိုမိန်းကလေး၏အသက်က ခန့်မှန်းခြေ ဆယ့်လေး၊ ဆယ်ငါးနှစ်ခန့် ရှိလောက်ပြီ ဖြစ်သည်။ သူမက ဖွံ့ဖြိုးနေသည့် ခန္ဓာကိုယ်နှင့် အရပ်က ၁၅၅ စင်တီမီတာခန့် ရှိပေသည်။ အနက်ရောင် ဆံနွယ်ရှည်ကြီးများကို ကျောပေါ်တွင် အတိုင်းသား ချထားသည်။ ထိုမိန်းကလေးက အဖြူရောင် ပန်းကနုတ်များပါသည့် ဂေါ့သ်ခေတ်( ၁၂ ရာစု မှ ၁၆ ရာစုထိ ) က အဖြူရောင် ၀တ်စုံတစ်ထည်ကိုလည်း ၀တ်ဆင်ထား၏။
မိန်းကလေးက သူမ၏မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ “ ဟွား … ငါ့ဘာသာငါ အေးအေးဆေးဆေး အိပ်နေတာကို ဘယ်လို လူဆိုးသူခိုးမျိုးကများ လာနှိုးတာပါလိမ့် “ ဂေါ့သ်၀တ်စုံ ၀တ်ထားသည့် မိန်းကလေးက လက်နှစ်ဖက်ကို မြှောက်ပြီး အပျင်းကြော တစ်ချက် ဆန့်လိုက်သည်။
ရဲ့ချန်သည် နတ်သခင် ယန်ယင်ဓားပျောက်ဆုံးပြီး အစားထိုး ၀င်ရောက်လာသော မိန်းကလေးနှင့် ပတ်သက်ပြီး အတော်လေး သိချင်စိတ် ပြင်းပြသွား၏။
“ ဝိုး … လူသားပုံစံနဲ့ ဓားဝိညာဉ်ပါလား၊ ဒီလိုရှားပါးတဲ့ ဓားဝိညာဉ်နဲ့ တွေ့တာတော့ ရဲ့ချန် နင်တော်တော် ကံကောင်းတာပဲ “ ချူးယွဲ့ချန်သည် ယင်းက ဓားဝိညာဉ်တစ်ခုဖြစ်ကြောင်း ပြောပြလိုက်သည်။
ချူးယွဲ့ချန်၏စကားကို နားထောင်ပြီးနောက် ရဲ့ချန်သည် ထိုမိန်းကလေးက အဘယ်ကြောင့် နတ်သခင် ယင်ယန်ဓား နေရာတွင် ရောက်ရှိနေကြောင်း နားလည်သွားသည်။
“ ဆရာ၊ နင် ဒီမိန်းကလေးကို ကောင်းကောင်း ဆက်ဆံရမယ်၊ သူမက နင့်ကို သဘောကျတယ်ဆိုရင် ပဋိညာဉ် ပြုချင် ပြုပေးလိမ့်မယ် “ ချူးယွဲ့ချန်သည် ထိုမိန်းကလေးကို နွေးနွေးထွေးထွေး ဆက်ဆံရန် ပြောလိုက်သည်။
ယခုတော့ မိန်းကလေးက ရဲ့ချန်နှင့် ပဋိညာဉ် မပြုရပေးပေ။ ရဲ့ချန် ချလိုက်သည့် သွေးတစ်စက်က မိန်းကလေးကို အိပ်စက်ရာမှ နှိုးရုံသာ ရှိသေးသည် မဟုတ်ပါလား။
မိန်းကလေးက ရဲ့ချန်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ “ ဟွန့် … ဒီတော့ နင်က ငါအိပ်နေတာကို နှိုးလိုက်တဲ့လူပေါ့၊ ငါဆာနေပြီ၊ ငါ့အတွက် စားစရာတစ်ခုခု မြန်မြန် ပေးစမ်းပါ “ မိန်းကလေးက အလွန်တရာ မောက်မာသည့် လေသံဖြင့် ပြောလိုက်သည်။
ရဲ့ချန်က ကောင်းကင်မက်မွန်သီး တစ်လုံးကို ထုတ်ယူပြီး မိန်းကလေးကို ပေးလိုက်သည်။ “ ဒါက မင်းအတွက်ပဲ၊ ရော့ … စားလိုက် “
ဓားဝိညာဉ် မိန်းကလေးက ကောင်းကင်မက်မွန်သီးကို တစ်ချက် စိုက်ကြည့်လိုက်သည်။ “ ငါက ဒီလို စားစရာမျိုးတွေကို မကြိုက်ဘူး “ ဓားဝိညာဉ် မိန်းကလေးက ရဲ့ချန်၏လက်ထဲက ကောင်းကင်မက်မွန်သီးကို မကြိုက်ကြောင်း ပြောလိုက်သည်။
“ အဲဒါဆို မင်းက ဘာလိုချင်တာလဲ “ ရဲ့ချန်သည် ထိုဂျေးများသည့် ဓားဝိညာဉ် မိန်းကလေးကို မေးလိုက်သည်။
“ ဟီဟီ … ငါက နင့်ကို လိုချင်တာ “ မိန်းကလေးက ဆာလောင်နေသည့် အကြည့်တစ်ခုဖြင့် ရဲ့ချန်ကို လှမ်းကြည့်လိုက်သည်။
“ ဟင် … ငါလား “ ရဲ့ချန်သည် မိန်းကလေး ပြောလိုက်သည့် စကားနှင့်ပတ်သက်ပြီး ဇဝေဇ၀ါ ဖြစ်သွား၏။
ထိုစကားကို ကြားလိုက်ရသော မူလန်ယင်း နှင့် ချင်းချမ်တို့သည်လည်း မိန်းကလေး၏ အတင့်ရဲပုံကို ကြည့်ပြီး မင်တက်မိနေကြသည်။ သူမတုိ့နှစ်ယောက်သည် အပြစ်ကင်းစင်ပုံ ပေါ်နေသည့် မိန်းကလေးတွင် ထိုကဲ့သို့ အတွေးမျိုး ရှိနေမည်ဟု ထင်မှတ်မထားကြပေ။
မိန်းကလေးက မူလနေရာမှ ပျောက်ကွယ်သွားပြီး ရဲ့ချန်၏ရှေ့တွင် ပေါ်လာသည်။ မိန်းကလေးသည် ရဲ့ချန်၏အရပ်နှင့်အညီ အပေါ်သို့ ပျံတက်လာခဲ့သည်။ ထို့နောက် ရဲ့ချန်၏နောက်ကျောကနေ လက်နှစ်ဖက်ဖြင့် မလှုပ်နိုင်အောင် ဖမ်းချုပ်ထားလိုက်တော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Kde žijí příběhy. Začni objevovat