အခန်း (၂၂၀) ယင်ယင်းအာ

200 8 0
                                    

ရဲ့ချန်သည် မိန်းကလေးက သူ့ကို ရုတ်တရက် ပွေ့ဖက်လိုက်သောကြောင့် နားမလည်နိုင် ဖြစ်သွားလေသည်။
ဓားဝိညာဉ် မိန်းကလေးက သူမ၏ပါးစပ်ကို ဟပြီး ရဲ့ချန်၏လည်တိုင်ကို ကိုက်လိုက်သည်။
ရဲ့ချန်သည် သူ၏လည်တိုင်ဆီက နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ ရဲ့ချန်သည် သူ၏သွေးများကို ဓားဝိညာဉ် မိန်းကလေးက စုပ်ယူနေသည်ဟု ခံစားလိုက်ရ၏။
ရဲ့ချန်က မိန်းကလေး၏လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာ မိန်းကလေး ဖျစ်ညှစ်မှုက အလွန်တရာ တင်းကျပ်သောကြောင့် ရဲ့ချန် ရုန်းမထွက် နိုင်ခဲ့ပေ။
ဓားဝိညာဉ် မိန်းကလေးက ရဲ့ချန်၏သွေးများကို ဆက်လက် စုပ်ယူနေသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် သူမက ကိုက်ထားသည့် ရဲ့ချန်၏လည်ပင်းကို လွှတ်ပေးလိုက်သည်။
“ ဝိုး … နင့်ရဲ့သွေးတွေက အရမ်းအရသာရှိတာပဲ၊ နင့်ရဲ့သွေးလောက် ကောင်းတဲ့ သွေးမျိုး ငါ့ဖြင့် တစ်ခါမှ မသောက်ဖူးဘူး “ ဓားဝိညာဉ် မိန်းကလေးက သူမ၏နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း ပြောလိုက်သည်။ သူမက ရဲ့ချန်၏သွေးကို အတော်လေး အကြိုက်တွေ့သွားပုံ ရ၏။
ရဲ့ချန်က ဓားဝိညာဉ် မိန်းကလေး စုပ်ယူထားသည့် နေရာကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ သို့သော် ဓားဝိညာဉ် မိန်းကလေး ကိုက်ထားသည့် ဒဏ်ရာကိုတော့ မမြင်ရပေ။
ရဲ့ချန် ထူးထူးဆန်းဆန်း ခံစားနေရသည်။ ဒဏ်ရာက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ ဓားဝိညာဉ် မိန်းကလေးက သူ၏သွေးများကို စုပ်ယူနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည် မဟုတ်ပါလား။
“ ငါ နင့်ကို သဘောကျတယ်၊ ခုချိန်ကစပြီး နင်က ငါ့ရဲကဆရာပဲ၊ ဒါပေမဲ့ နေ့တိုင်းနေ့တိုင်း ငါ့ကို အရသာရှိတဲ့ စားစရာတွေတော့ ကျွေးရမယ် “ ဓားဝိညာဉ် မိန်းကလေးက ပျော်ရွှင်နေသောကြောင့် ခုန်ဆွခုန်ဆွ လုပ်နေလေသည်။
သူမက ရဲ့ချန် အနားသို့ ပြန်လည် ချဉ်းကပ်လာသည်။ ထို့နောက် သူမက ရဲ့ချန်၏လက်တစ်ချောင်းကို ဆွဲယူပြီး ပါစပ်ထဲ ငုံထားလိုက်သည်။
ရဲ့ချန်သည် သူ၏လက်က အလွန်တရာ စွတ်စိုပြီး နွေးထွေးသည့် နေရာသို့ ရောက်သွားကြောင်း ခံစားလိုက်ရ၏။ ဓားဝိညာဉ် မိန်းကလေး၏ ခံတွင်းက အလွန် သက်သောင့်သက်သာ ရှိပေသည်။
ထိုခံစားချက်က အချိန်ကြာကြာတော့ ဖြစ်မသွားပေ။ ဓားဝိညာဉ် မိန်းကလေးက ရဲ့ချန်ကို နောက်ထပ်တစ်ကြိမ် ခပ်ပြင်းပြင်း ကိုက်ချလိုက်လေသည်။
“ အော့ … “ ရဲ့ချန် အနည်းငယ် ညည်းညူမိသွားသည်။
ဓားဝိညာဉ် မိန်းကလေးက ရဲ့ချန်၏သွေးများကို ထပ်မံ စုပ်ယူလိုက်သည်။ အချိန်တစ်ခဏခန့် ကြာပြီးနောက် ရဲ့ချန်၏လက်ဖမိုးပေါ်က နတ်သမီးတံခါး၀ တက်တူးပုံစံ၏အောက်တွင် ဓားပုံစံ တက်တူးတစ်ခုက ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ ဓားဝိညာဉ် မိန်းကလေးက ပဋိညာဉ် ပြုပေးလိုက်ပြီ ဖြစ်သည်။ “ ဆရာ၊ ခုချိန်ကစပြီး ငါတို့က အမြဲတမ်း အတူတူနေရတော့မယ်၊ ငါ့ကို နေ့တိုင်း အရသာရှိတဲ့ စားစရာတွေတော့ ပေးရမယ်နော် “ ဓားဝိညာဉ် မိန်းကလေး၏ပုံစံက ထိုအရာအတွက် အတော်လေး ပျော်ရွှင်နေပုံရ၏။
ရဲ့ချန်သည် ကလေးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည့် ဓားဝိညာဉ် မိန်းကလေး၏အမူအရာကို ကြည့်ပြီး ကူကယ်ရာ မဲ့သွားလေသည်။ “ ဒီတော့ နင့်နာမည်က ဘာလဲ “ ရဲ့ချန်က ဓားဝိညာဉ် မိန်းကလေး၏နာမည်ကို မေးလိုက်သည်။
“ နာမည် … “ ဓားဝိညာဉ် မိန်းကလေးက သူမကိုယ်သူမ မည်သူဖြစ်ကြောင်း စတင် စဉ်းစားနေသည်။
“ ဟုတ်တယ်၊ ဒီစကားလုံးရဲ့ အဓိပ္ပာယ်က လူတစ်ယောက်ကို ခေါ်တဲ့နေရာမှာ အသုံးပြုတာ “ ရဲ့ချန်က ရှင်းပြလိုက်သည်။
“ ဪ … ငါမှတ်မိပြီ၊ ငါ့နာမည်က ယင်ယင်းအာတဲ့ “ နောက်ဆုံးတော့ ဓားဝိညာဉ် မိန်းကလေးက သူမ၏နာမည်ကို မှတ်မိသွားပြီ ဖြစ်၏။
“ ယင်ယင်းအာတဲ့လား၊ ဒီတော့ ဒါက နင့်ရဲ့နာမည်ပေါ့၊ ကောင်းပြီးလေ၊ ခုချိန်ကစပြီး ငါ နင့်ကို ယင်းအာလို့ ခေါ်မယ်၊ ဘယ်လိုလဲ “ ရဲ့ချန်က မေးလိုက်သည်။
ယင်ယင်းအာက ချက်ချင်း ခေါင်းညိတ်ပြသည်။ ယခု သူမက ရဲ့ချန်၏ရှေ့တွင် လိမ္မာသော ကောင်းမလေးတစ်ယောက် ဖြစ်သွားပြီ ဖြစ်၏။
ရဲ့ချန်က ယင်းယင်အာ၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။ သူမ၏ပုံစံက ထိုအရာကို အမှန်တကယ် နှစ်သက်သွားပုံ ပေါ်နေသည်။
“ ဟွား … “ ယင်ယင်းအာက တစ်ချက် သမ်းလိုက်သည်။ “ ငါ အိပ်ချင်လာပြီဟာ၊ အိပ်တော့မယ် “ ယင်းယင်းအာက ရုတ်တရက် ပျောက်ကွယ်သွားပြီး ရဲ့ချန်၏ခန္ဓာကိုယ်ထဲသို့ ၀င်သွားတော့သည်။
ပျောက်ကွယ်သွားသည့် ယင်ယင်းအာကို ကြည့်ရင်း ရဲ့ချန် စိတ်ပျက်စွာ ပြုံးမိသွားသည်။ ကြည့်ရသည်မှာ ထိုမိန်းကလေး နှင့် မြေခွေးပေါက်စလေး ရဲ့လျှိုတို့က အပျင်းကြီးပုံ၊ အိပ်ပုပ်ကြီးပုံတို့က သိပ်တော့ ကွာခြားသည့်ပုံ မပေါ်ပေ။
“ ရဲ့ချန်၊ အဲဒီ ကောင်မလေးက ဘယ်သူလဲ “ မူလန်ယင်းသည် ထူးခြားဆန်းကြယ်သည့် မိန်းကလေးက မည်သူမှန်း မေးလိုက်သည်။
“ ဒီကောင်မလေးက လူသားပုံစံရှိတဲ့ ဓားဝိညာဉ်တစ်ခုပဲ၊ အဲဒီလို ဝိညာဉ်မျိုးက အရမ်းကို ရှားပါးလွန်းတယ် “ ရဲ့ချန်သည် ယင်ယင်းအာက မည်သူဖြစ်ကြောင်း ရှင်းပြလိုက်သည်။
မူလန်ယင်းသည် အစောပိုင်းက ထိုမိန်းကလေးက ဓားဝိညာဉ်တစ်ယောက်ဖြစ်မည်ဟု ထင်မထားခဲ့ပေ။ သူမက ထိုမိန်းကလေးကို ဤနေရာ၏အစောင့်ဟု ထင်ထားခဲ့သည် မဟုတ်ပါလား။
“ ယင်ယင်းအာနဲ့ ပတ်သက်ပြီး နင်တို့ ဘာမှ စိုးရိမ်စရာ မလိုပါဘူး၊ သူက ငါတို့ကို ဘာအန္တရာယ်မှ ပေးမှာ မဟုတ်ဘူး၊ လာကြ … ဒီနေရာကနေ ငါတို့ ထွက်ကြရအောင် “ ရဲ့ချန်သည် ချင်းချမ် နှင့် မူလန်ယင်းတို့က ရှေးဟောင်း ရတနာသိုက်ထဲက ထွက်ရန် ခေါ်လိုက်သည်။
သူမတို့နှစ်ယောက်က ခေါင်းညိတ် သဘောတူပြီး အပေါ်သို့ ချက်ချင်း ပြန်တက်လာကြသည်။
သူတို့သုံးယောက်သည် လျှို့ဝှက်အခန်းထဲမှ ထွက်လာကြပြီ ဖြစ်၏။ ရဲ့ချန်သည် ယခုတော့ ဤနေရာတွင် ဝိညာဉ်အသိကို ပြန်လည် အသုံးပြု၍ ရသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ယခင်က ရဲ့ချန်သည် ချင်းချမ်၊ မူလန်ယင်းတို့နှင့် ထောင်ချောက်ထဲတွင် ပိတ်မိနေစဉ် ဝိညာဉ်အသိကို အသုံးပြု၍ မရခဲ့ဘူး မဟုတ်လား။
ရဲ့ချန်သည် ဤနေရာတွင် လူများရှိမရှိ သိချင်စိတ် ဖြစ်လာသောကြောင့် ဝိညာဉ်အသိကို အသုံးပြုပြီး စူးစမ်းရှာဖွေလိုက်သည်။
ရဲ့ချန်က နေရာအတော်များများကို လှည့်ပတ် ရှာကြည့်လိုက်သည်။ သိရသရွေ့တော့ ဤနေရာတွင် မည်သူမျှ ရှိမည့်ပုံ မပေါ်ပေ။
“ ဒီနေရာမှာ ဘယ်သူမှ မရှိတော့ဘူး၊ ငါတို့လည်း အပြင်ထွက်ကြရအောင် “ ရဲ့ချန်က မိန်းကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။
လောလောဆယ် မူလန်ယင်း နှင့် ချင်းချမ်တို့သည် သူတို့၏ဂိုဏ်းက အကြီးကဲများ၏အခြေအနေကို သိချင်စိတ် ပြင်းပြနေ၏။ ဤနေရာက အန္တရာယ်များရောပြွန်းသည့် နေရာဖြစ်သောကြောင့် အကြီးအကဲများ အဆင်ပြေမပြေ စိုးရိမ်ရသည် မဟုတ်ပါလား။
ထိုအချိန်တွင် ဝိညာဉ်အသိကို အသုံးပြုနိုင်သောကြောင့် ဤနေရာက ထွက်လာရသည်မှာ အလွန် လွယ်ကူနေသလို ခံစားလိုက်ရသည်။ မိနစ်ပိုင်းအတွင်း ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့က အပြင်သို့ ပြန်ရောက်လာကြသည်။
အပြင်ဘက်တွင် အတော်လေး တိတ်ဆိတ် ငြိမ်သက်နေပေသည်။ ထိုနေရာတွင် မည်သည့် ကျင့်ကြံသူမျှ ရှိမနေတော့ပေ။
“ ငါတို့ ထွက်သွားပြီးတော့ ဒီမှာ ဘာတွေ ဖြစ်ပျက်သွားတာလဲ၊ ဘာဖြစ်လို့ ဒီနေရာက ဒီလောက်ထိ တိတ်ဆိတ်နေရတာလဲ “ မူလန်ယင်းသည် ထိုနေရာက အတော်လေး တိတ်ဆိတ်နေသောကြောင့် နားမလည်နိုင် ဖြစ်နေသည်။ အခြား ကျင့်ကြံသူများက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
“ သူတို့တွေ အကုန်လုံး ပြန်ကုန်ကြတာလည်း ဖြစ်နိုင်တာပဲလေ “ ချင်းချမ်သည် ဂိုဏ်းအသီးသီးက လူများ ပြန်ကုန်ပြီဟု ထင်မှတ်သွားသည်။
သူတို့ စဉ်းစားနေစဉ် ရေခဲနှင့် လုပ်ထားသော ငှက်ရုပ်တစ်ရုပ်နှင့် အလွန်တရာ လှပသော လိပ်ပြာလေး တစ်ကောင်က ချင်းချမ်နှင့် မူလန်ယင်းတို့အနား ပျံသန်းလာသည်။
ထိုသတ္တဝါနှစ်ကောင်သည် ကျင့်စဉ်တစ်ခုဖြင့် ဖန်တီးထားကြောင်း သိသာလှ၏။ ရေခဲငှက်ရုပ် နှင့် လှပသော လိပ်ပြာတို့က မူလန်ယင်း နှင့် ချင်းချမ်တို့၏ လက်ပေါ်တွင် လာနားနေသည်။
ထိုသတ္တဝါနှစ်ကောင်သည် အမှုန်များအဖြစ် ပြောင်းလဲသွားပြီး မူလန်ယင်း နှင့် ချင်းချမ်ကို သတင်းများ ပေးလိုက်ကြသည်။
သတင်းများကို လက်ခံပြီးနောက် သူမတို့နှစ်ယောက်က အားလုံးကို နားလည်သွားပြီ ဖြစ်၏။ ကြည့်ရသည်မှာ ဂိုဏ်းများက ရတနာသိုက်ထဲက မည်သည့် အဖိုးတန် ပစ္စည်းမျှ ရှာမတွေ့သောကြောင့် လွန်ခဲ့သော နှစ်ရက်ကတည်းက ပြန်သွားကြပုံ ပေါ်၏။
ထို့ကြောင့် ခုချိန်ဆို မူလန်ယင်း နှင့် ချင်းချမ်တို့၏ ဂိုဏ်းအုပ်စုက ဌာနချုပ်သို့ ပြန်ရောက်သွားလောက်ပြီ ဖြစ်၏။
“ ဘာဖြစ်သွားတာလဲ “ ရဲ့ချန်သည် ဤနေရာတွင် အစောပိုင်းက ရှိနေသည့်လူများ မည်သို့ ဖြစ်သွားကြောင်း မေးလိုက်သည်။
“ ဒီစာရဲ့ ပြောပြချက်အရဆို သူတို့က ပြန်သွားကြပြီ “ ချင်းချမ်က စာထဲတွင် ပါသည့်အကြောင်းကို ပြောပြလိုက်သည်။
“ ငါရတဲ့ စာကလည်း အတူတူပါပဲ၊ အေးစိမ့် နတ်မိမယ်လေးဖော်က အေးစိမ့်ရေခဲဂိုဏ်းကို ပြန်သွားပြီ “ မူလန်ယင်းက သူမ၏စာထဲက အကြောင်းအရာကို ပြောပြလိုက်သည်။
“ ဒါဆို နင်တို့နှစ်ယောက်ကရော ဂိုဏ်းကို ပြန်ကြမှာလား “ ရဲ့ချန်က မေးလိုက်သည်။
မူလန်ယင်း နှင့် ချင်းချမ်တို့က တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။
ရဲ့ချန်သည် မိန်းမနှစ်ယောက်က သူ့ဘ၀ထဲက ထွက်သွားမည် ဆိုသောကြောင့် ၀မ်းနည်းလာတော့သည်။
“ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ဟယ်၊ ငါ နင့်ဆီကို မကြာခဏ လာလည်မှာပါ “ ချင်းချမ်က ရဲ့ချန်၏အိမ်သို့ မကြာခဏ လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။
“ ငါလည်း နင့်အိမ်ကို ခဏခဏ လာခဲ့ပါ့မယ် “ မူလန်ယင်းက ရဲ့ချန်၏အိမ်သို့ လာမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။
ထို့နောက် မူလန်ယင်း နှင့် ချင်းချမ်တို့သည် ရဲ့ချန်၏အိမ်သို့ အတူတူ သွားကြရန် စတင် တိုင်ပင်ရတော့သည်။
သူမတို့သည်လည်း ရဲ့ချန်အနားက ထွက်သွားရန် ၀န်လေးနေကြပေသည်။ သို့သော် သူမတို့၏ ဂိုဏ်းခေါင်းဆောင်ဟူသော တာ၀န်ကြီးက သူမတို့ကို ထွက်ခွာရန် တိုက်တွန်းနေသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now