Chapter 206 Mo Feihan the Prince

370 84 5
                                    

အခန်း 206 မင်းသား မော့ဖေးဟန်
တုံ့ပြန်အဖြေက တဆက်တည်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အဲ့နောက်မှာတော့ ဘေးပတ်ဝန်းကျင်မှ ကျိန်ဆဲသံများအားလုံး တိတ်ကျသွားတော့သည်။
လော့ရိန် သေသေချာချာ ပြန်စဉ်းစားလိုက်ပြီးနောက် ဒီအဖြေက အရမ်းကို ရယ်စရာကောင်းလွန်းတာကြောင့် လုံးလုံးကို မယုံနိုင်စရာလောက်စရာကောင်းတယ်ဟု ခံစားလိုက်ရသည်။ လူတိုင်းက ဖုန့်ရှီကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသလိုမျိုး စိုက်ကြည့်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြစဥ်မှာ သူကတော့ အသံကျယ်ကျယ်နဲ့ ရယ်နေတာ ရပ်မရတော့ပေ။
ဟွမ်ရဲနှင့် ကျုံးဝူချင်းတို့က အဝေးကို မျက်နှာလွှဲလိုက်ကြသော်လည်း အတင်း ဖိနှိပ်ထားနေကြရပုံရသော သူတို့မျက်နှာပေါ်မှ အပြုံးစစကတော့ မြင်သာနေရဆဲပင်။
သီထျန်းဟွာ၏ မျက်နှာက ဒေါသကြောင့် နီရဲနေပြီး သူမ၏ မျက်လုံးအစုံကတော့ မယုံခြင်းများစွာဖြင့် ပြူးကျယ်သွားလေတော့သည်။ သူမ၏ လှပသော မျက်နှာသည်လည်း ရက်စက်သည့်အရိပ်အယောင်များ ပေါ်ထွက်လာ၏။ သူမက ရှားရှားပါးပါး တစ်ယောက်တစ်ယောက်ချင်း ချမယ်လို့ အဆိုပြုလိုက်သော်လည်း သူမကို ထိုသို့သော အဖြေမျိုး ပေးလာသည်ကို တကယ်ကြီး လက်ခံရရှိလိုက်သည်လေ!
ချက်ချင်းကို ချချင်သွားရအောင် သီထျန်းဟွာတစ်ယောက် ဒေါသတွေ ငယ်ထိပ်တက်သွားရသော်လည်း လုံရှီက သူမကို တားလိုက်သည်။
လုံရှီက ဘဝမှာ နေထိုင်ခဲ့တာ သက်တမ်းကြာပြီမို့ (အံတိုနေပြီမို့) ဖုန့်ရှီ၏ စကားလုံးအနည်းငယ်က သူ့ကို ရန်စလို့ရမည်မဟုတ်။
ဖုန့်ရှီ၏ စကားကို သူမ ကြားလိုက်သည့်အခါမှာတော့ သူမက အလွန်ကို တည်ငြိမ်လို့နေသည်။ သူမက သီထျန်းဟွာကို တားလိုက်ပြီးနောက် ဖုန့်ရှီကို အေးသက်သက် ကြည့်လိုက်သည်။ "ကြည့်ရတာ မင်းသမီးရဲ့ စိန်ခေါ်ချက်ကို မင်း လက်မခံဝံ့ဘူးပဲ၊ မင်းက လေပဲကြီးတဲ့ကောင်ပဲကိုး။ မင်းနောက်က မင်းရဲ့ခေါင်းဆောင်က နာမည်ဘယ်လိုခေါ်လဲ? ကောင်းကင်ဘုံက မင်းလိုကောင်မျိုးကို မင်းသမီးရဲ့မွေးနေ့ပွဲ တက်ရောက်ဖို့ ဖိတ်မှာမဟုတ်ဘူး။ နိမ့်ကျတဲ့ မင်းတို့နှစ်ယောက်ရဲ့ အဆင့်အတန်းကို ငါ သိချင်ပါရဲ့။
"မင်းက အမှားနဲ့ အမှန်ကို ရောထွေးနေတဲ့အချက်ကိုတော့ ဘာလို့ထည့်မပြောတာလဲ? မင်းတို့က ကောင်းကင်ဘုံမှာ နေထိုင်သူတွေ ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် တခြားလူတွေအားလုံးက မှားနေတယ်လို့ မင်းတို့က ထင်နေတာလား? မင်းတို့တွေက သိပ်ကို ကိုယ့်ဖက်ကိုယ်ယက်လွန်းတယ်။ စိန်ခေါ်တာကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ငါ့ဆန္ဒ။ ငါနဲ့ ငါ့ခေါင်းဆောင်က ဘယ်လိုလူစားမျိုးတွေလဲဆိုတာကို မင်းတို့ အကဲဖြတ်စရာကိစ္စမဟုတ်ဘူး။ မင်းတို့ဘက်က ငါတို့ကို လာတက်ရောက်ပေးဖို့ တောင်းဆိုခဲ့တဲ့သူလို့ ငါပြောထားပြီးသားပဲ။ အဲ့လိုမှမဟုတ်ရင် ဒီလောက် ပျင်းစရာကောင်းတဲ့ သောက် မွေးနေ့ပွဲကို ဘယ်သူက လာတက်ပါ့မလဲ?"
ဖုန့်ရှီ ဒေါသထွက်သွားရသည်။ ကောင်းကင်ဘုံမှလူများက ပိုပိုပြီး ကြီးကျယ်လာကြသည်။ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သူတို့က သူတို့ကိုယ်သူတို့သာ မြင့်မြတ်သူတွေလို့ အထင်ရောက်နေကြသူများသာ ဖြစ်သည်။
"တော်သင့်ပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် နင့်ခေါင်းဆောင် ဘယ်သူဆိုတာကို နင်က ထုတ်ပြောရဲမယ်လို့ ငါ မထင်ဘူး။ နင်တို့ နှစ်ယောက်လောက်ကို အသာထားဦး၊ ကောင်းကင်ဘုံကို ဘယ်သူကမှ မကောင်းမပြောရဲဘူး။ ငါ စကားတစ်ခွန်း နောက်ဆုံးအနေနဲ့ ပြောလိုက်မယ်။ နင်နဲ့ နင့်ခေါင်းဆောင်တို့ ကောင်းကင်ဘုံကနေ ထွက်သွားလိုက်၊ အဲ့လို့မှမဟုတ်ရင် ငါတို့က မညှာတာဘူးလို့ လာအပစ်မတင်နဲ့။"
သူတို့က ကောင်းကင်ဘုံထဲ ခိုးဝင်လာကြခြင်းဖြစ်မည်ဟု လုံရှီ ပိုသေချာသွားသည်။ နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်က အင်အားစုတွေနဲ့ ကေား်ကင်ဘုံက ပင့်ဖိတ်ထားသူတွေအားလုံးက ဂုဏ်သရေရှိ မိသားစုကြီးများဖြစ်တာကို သူမ ရှင်းရှင်းလင်းလင်း သိသည်။ မင်းသမီးအပြောအရ သူ့ခေါင်းဆောင်က အနိမ့်စားကောင်းကင်ဘုံနတ်ဘုရားအဆင့်လောက်ပဲ အစွမ်းရှိလောက်သည်။ သူက အထူးကျော်ကြားသူမဟုတ်လျင်ပင် ကေင်းကင်ဘုံက ထိုသူကို ဖိတ်ဖို့ မေ့လျော့မည်မဟုတ်၊ ဒါပေမဲ့ သူမက သူတို့ရှေ့က ကောင်လေးအကြောင်း ဘာသတင်းအချက်အလက်မှ ရမထားခြင်းကြောင့် သူတို့ကို တခြားသူတွေက ခေါ်ဆောင်လာခြင်းသာ ဖြစ်ရမည်။
လုံရှီက ကောင်းကင်ဘုံနတ်ဘုရားကိုးပါး၏ မြေးနှစ်ယောက်ကို သိသည်။ မြေးနှစ်ယောက်က ကောင်လေးနှင့်အတူ တစ်ဖက်တည်းမှာ ရပ်နေကြတာကို မြင်ခြင်းအားဖြင့် ကောင်လေးနှင့် သူ့ခေါင်းဆောင်ကို ခေါ်ဆောင်လာသူက ကောင်းကင်ဘုံနတ်ဘုရားကိုးပါးထဲမှ ဖြစ်ရမည်၊ အဲ့တာကသာ ကျိုးကြောင်းဆီလျော်သည်။
ကောင်းကင်ဘုံ၏ ဖိတ်ခေါ်မှုကို ခံရရန် အရည်အချင်းတောင် မရှိသူများက သူတို့ရှေ့မှာ မောက်မောက်မာမာ ပြုမူဝံ့ကြတယ်! ကောင်းကင်ဘုံက သူတို့ ဆက်ဆံချင်သလို ဆက်ဆံလို့ရတဲ့နေရာလို့ သူတို့က တကယ်ကြီး ထင်ခဲ့ကြတာပဲ။
ဖုန့်ရှီက ဒေါသအရမ်းထွက်သွားရကာ သူတို့ကို ဖိတ်စာ ပြလိုက်ချင်ပေမယ့် ဂိတ်မှာတုန်းက အစောင့်နှစ်ယောက်ရဲ့ တုံ့ပြန်မှုကို ပြန်တွေးမိလိုက်တော့ ထိုအကြံကို သူ စွန့်လွှတ်လိုက်၏။
ဒီလောက် "ပျော်စရာကိစ္စ" ကို သူတစ်ယောက်တည်း ဘယ်လိုလုပ် ခံစားနိုင်မလဲ။ ကောင်းကင်ဘုံရဲ့ကြောင်သူတော်မျက်နှာကို လူတိုင်းကို ပေးသိရမှာပေါ့။ အဲ့တာတင်မကဘူး၊ မီးရင်းမြစ်ကို စုပ်ယူဖို့အတွက် နေမင်းငယ်လေးထဲကိုလည်း သူ ဝင်ရဦးမှာ၊ ပြီးတော့ သူ့ကို စော်ကားမိတဲ့ အကျိုးဆက်ကို သူတို့သိသွားအောင် နေမင်းငယ်ကို ဖျက်ဆီးပစ်လိုက်ဦးမှာ!
"မင်းတို့အားလုံး နားကို စွင့်ပြီး သေသေချာချာ နားထောင်ကြ။ ငါ့ခေါင်းဆောင်ကို ဖုန့်မင်လို့ ခေါ်တယ်၊ ဖုန့်မိသားစုက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ပဲ။ မင်းတို့အရှင် ထျန်းကျွမ်းတောင် ငါ့ခေါင်းဆောင်ရှေ့ ဦးညွှတ်ရတယ်၊ မင်းတို့က ဘယ်သူတွေမို့လဲ? ငါ့ခေါင်းဆောင်က လက်ချောင်းလေးနှစ်ချောင်းထဲနဲ့ မင်းတို့ကောင်တွေကို သတ်ပစ်လို့ရတယ်!" ဖုန့်ရှီက ဒေါသတကြီး ပြောလိုက်သည်။ သူ ကြိုသိခဲ့မယ်ဆိုရင် ဒီနှစ်ယောက်ကို လွင်ပြင်ကျယ်မှာ ဒီတိုင်း လွှတ်မပေးလိုက်ဘူး၊ တကယ်ကို ဒေါသထွက်စေတာပဲ။
ဖုန့်မိသားစု?
ထိုစကားလုံးလေးလုံးက လူတိုင်း၏ စိတ်ထဲတွင် အတွေးများ ချာချာလည်စေတော့သည်၊ မှတ်မိသလောက် ရှာကြံစဥ်းစားကြည့်လိုက်ကြပြီးနောက် သူတို့ လုံးဝ မသိကြောင်း သိလိုက်ကြရသည်။
လုံရှီက သူမ၏ ယခင်အတွေးများကို ချက်ချင်း အတည်ပြုလိုက်လေတော့သည်။ ဖုန့်မိသားစု? ဖုန့်မင်? သူတို့ တစ်ခါမှ မကြားဖူးဘူး။ အမှန်တော့ သူတို့က နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်ကို အသစ်လာရောက် အခြေချသူများသာဖြစ်ရမည်။ သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ ကွာဟချက်ကြီးကို မသိဘဲ ကောင်းကင်ဘုံရဲ့ ရန်သူအဖြစ်နဲ့ သတ္တိတွေ ရဲရဲတောက်နေကြတာ အံ့သြစရာမဟုတ်တော့ဘူးပဲ။ သူတို့က ကောင်းကင်ဘုံမှာ သတ္တိရှိရှိ ပေါ်လာရဲမှတော့ သူတို့ ဒီမှာပဲ အဆုံးသတ်သွားစေရမယ်။ နင်တို့တွေက ကောင်းကင်ဘုံနတ်ဘုရားကိုးပါးဘက်ကလူတွေ ဖြစ်နေရင်တောင်မှ ကောင်းကင်ဘုံနတ်ဘုရားကိုးပါးက ကောင်းကင်ဘုံကို အာခံရဲမှာတဲ့လား!
"မသိနိုးနားနဲ့ မလောက်လေးမလောက်စား အငယ်တန်းနှစ်ယောက်ကများ မောက်မောက်မာမာနဲ့ အရှင်ထျန်းကျွမ်းရဲ့ ဂုဏ်သိက္ခာကို ထိပါးပုတ်ခတ်ရဲတယ်။ ငါ နင့်ကို ဒီနေ့ သင်ခန်းစာ မပေးလိုက်ဘူးဆိုရင် ငါ့ရဲ့ ကောင်းကင်ဘုံက ဘုံသုံးပါးမှာ နေရာတစ်နေရာ ဘယ်လိုလုပ် ရှိနေနိုင်ပါ့မလဲ?"
လုံရှီက သူ၏ ခပ်ရိုင်းရိုင်းအပြောများကို နားထောင်ပြီးနောက် သူတို့ ဘယ်သူတွေဖြစ်မည်ဆိုသည်ကို အတည်ပြုသွားနိုင်ရပြီဖြစ်ကာ တုံ့ဆိုင်းမနေတော့ချေ။ မလောက်လေး မလောက်စားနှစ်ယောက်ကြောင့် ကောင်းကင်ဘုံနတ်ဘုရားကိုးပါးက သူတို့ကောင်းကင်ဘုံနှင့် ရန်ညှိုးဖွဲ့လိမ့်မည်ဟု သူမ မယုံကြည်ပေ။ ဒါပေမဲ့လည်း ဖုန့်ရှီဘက် ရပ်နေကြသည့် လူသုံးဦးကတော့ သူတို့ရင်တွင်းကနေ အူလှိုက်သည်းလှိုက် ရီနေကြပြီမှန်း သူမ မသိခဲ့ချေ။
ဖုန့်ရှီကား အမှန်တကယ်ကို ညစ်ပုပ်သူတစ်ဦးဖြစ်သည်။
ငရဲမင်းကြီးဟု မပြောဘဲ၊ သူ မကြာသေးမီကမှ ပေးခဲ့သောအမည်ဖြစ်သည့် ဖုန့်မိသားစု ဆိုသည့်နာမည်ကိုသာ ပြောပြခဲ့သည်။ ဖုန့်မိသားစုတွင် အဖွဲ့ဝင် ဆယ်ယောက်အောက်သာ ရှိပြီး နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်တွင်းရှိ နာမည်ကြီးများထဲမှ စွမ်းအားကြီးပုဂ္ဂိုလ်များ တစ်ယောက်မှ မပါဝင်ပေ။ မာနဘဝင် ခေါင်ခိုက်နေသည့် ကောင်းကင်ဘုံလိုမျိုးက ဖုန့်မိသားစုကို မျက်စိထဲ ထည့်ပါမည်လော? အဲ့ထက် ဆိုးသည်က ငရဲမင်းကြီးအမည်ဖြစ်သည့် ဖုန့်မင်ဆိုသည်ကလည်း ဖုန့်ရှီ မကြာသေးမီကမှ ပေးခဲ့သည့်အမည်သာဖြစ်သည်လေ။ ဖုန့်မင်ဆိုတာ ငရဲမင်းကြီးပါလို့ သိမည့်သူက ကောင်းကင်ဘုံကသူတွေ သိဖို့ အသာထားဦး၊ ဘုံသုံးဘုံလုံး ပေါင်းလိုက်လျင်တောင် ဆယ်ယောက်ထက် ပိုမည်မဟုတ်ကြောင်း သူတို့ အာမခံနိုင်သည်ပင်။
ငရဲမင်းကြီးက သူ့ချစ်သူလေးရဲ့ မျိုးရိုးနာမည်ကို ယူထားလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ?
"မင်းတို့တွေက အရှက်မဲ့လွန်းတယ်။ မင်းတို့က တခြားသူတွေအပေါ်  စွဲချက်တင်ရတာကို အတော် ကြိုက်ကြတာပဲ။ ငါအမှန်အတိုင်းပြောနေတာ သိသာနေပေမယ့် မင်းတို့က မယုံဘူး။ ငါ့အတွက် အရမ်းခက်ခဲတာပဲ!" ဖုန့်ရှီက သက်ပြင်းကြီးကို ခပ်လေးလေး ချလိုက်တော့သည်။
"ဒီကိစ္စက မင်းတို့သုံးယောက်နဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့ မစွက်ဖက်ရင် ပိုကောင်းမယ်၊ ဒါမှမဟုတ်ရင် မင်းတို့အဘိုးတွေ အဖေတွေအတွက် အခက်ကြုံရလိမ့်မယ်။" လုံရှီက လူငယ်လေးအနောက်မှာ ရပ်နေကြသည့် လူသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ မင်းသမီးလေး၏ မွေးနေ့ပွဲက သဘက်ခါတွင် ကျင်းပတော့မည်ဖြစ်သည်။ ဘယ်လို ပေါက်ကရအဖြစ်မျိုးမှ သူမ မဖြစ်စေချင်၊ မဟုတ်လျင် လူတိုင်းက ဒီအပေါ် အမြင်တစ်ခု ရှိသွားမှာ သူမ စိုးရိမ်သည်။
အကြံပြုလိုက်ခြင်းဟု ထင်ရသော်ငြား တကယ်တော့ သူမက ခြိမ်းခြောက်မှုတစ်ခု လုပ်လိုက်ခြင်းပင်။သူတို့ သုံးယောက်က လွယ်လွယ်နှင့် မထိတ်လန့်တတ်ကြတာတော့ ဆိုးသည်။ ဖုန့်ရှီတွင် ကောင်းကင်ဘုံထက် ပိုစွမ်းအားထက်သည့် ကျောထောက်နောက်ခံတစ်ခု ရှိနေတာကို အသာထားဦး၊ တရားမျှတမှုဘက်က ကြည့်မည်ဆိုလျင်လည်း သီထျန်းဟွာနှင့် လုံရှီတို့က ဘာမဟုတ်တာလေးနှင့် ပြဿနာလုပ်နေကြတာကို လူတိုင်း မြင်တွေ့နိုင်ကြသည်သာ။ ထို့အပြင် သူတို့ကလည်း သူငယ်ချင်းဒုက္ခရောက်နေချိန်မှာ စွန့်ခွာမည့်သူမျိုးလည်း မဟုတ်ကြချေ။ ဒီလိုအချိန်မျိုးတွင် သူတို့လုပ်ရမည့် မှန်ကန်သည့်လုပ်ရပ်ကတော့ သူငယ်ချင်းကို သူတို့ တတ်စွမ်းသ၍ ကူညီရမည်သာ။
"ပြောရတာတော့ စိတ်မကောင်းပါဘူး၊ ငါ့အဖိုးက ဒီညီလေးကို ကောင်းကောင်းဂရုစိုက်ဖို့ အမိန့်ပေးခဲ့တယ်၊ အဲ့အပြင် သူ့ကို ဘာထိခိုက်မှုမှမရှိအောင် ကာကွယ်ပါမယ်လို့ သူ့ခေါင်းဆောင်ကို ငါတို့ ကတိပေးခဲ့တယ်။ တခြားသူက ယုံကြည်အပ်နှံထားတာကို ငါတို့က ကတိတည်ရမှာပဲ။ မင်းတို့တွေက ငါတို့ကို သစ္စာမဲ့တဲ့ လူယုတ်မာတွေ ဖြစ်စေချင်မှာမဟုတ်ဘူးလို့ ငါထင်တယ်!"
လော့ရိန်း၏ ချောမောသော မျက်နှာက အပြုံးများဖြင့် ပြည့်နေသည်။ သူက ဖုန့်ရှီဘက်ကနေ အဆုံးထိ နေသွားမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောသွားခြင်းဖြစ်သည်။ တချိန်တည်းမှာပဲ လုံရှီကိုလည်း သရော်လိုက်ခြင်းဖြစ်၏။ ဖြစ်ပျက်သမျှကို ငရဲမင်းကြီးကို အစီရင်ခံ တင်ပြဖို့ သူ့အဘိုးကို သူ အကြောင်းကြားထားပြီးဖြစ်သောကြောင့် တကယ့်ပွဲက အခုမှ အစပဲ ပြရသေးသည်လေ။
လုံရှီက ဒေါသတကြီးနှင့် ပြောလိုက်၏။ "မင်းက ခေါင်းမာမာနဲ့ ဒီကိစ္စမှာ ပါ၀င်ဖို့ တောင်းဆိုနေတဲ့အတွက် ထိခိုက်မှုတွေ ရှိလာခဲ့ရင် မင်းအဘိုးက ငါတို့ကို အပြစ်မတင်သင့်ဘူး"
"လုံရှီ၊ သူ့ကို ငါနဲ့ လွှဲထားလိုက်။ ငရဲရဲ့အရသာကို ငါ သူ့ကို မြည်းစမ်းခိုင်းလိုက်မယ်!"
သီထျန်းဟွာက သူမ၏ခါးမှ မီးဇာမဏီကြာပွတ်ကြိုးကို ထုတ်လိုက်ချိန်မှာတော့ မြေပြင်နှင့် ကြာပွတ် မိတ်ဆက်သွားသည့်အသံက လူတိုင်း၏ နှလုံးသားကို ပေါက်ကွဲသွားတော့မယောင်ပင်။ သူမအနောက်တွင်ရှိနေကြသော လူငယ်များက သူမ၏ သန်မာအားကြီးသော သတ်ဖြတ်လိုစိတ် ထက်သန်မှုကြောင့် တုန်ရီသွားကြတော့သည်။ သီထျန်းဟွာ၏ခွန်အားက သူမ၏ဒေါသလိုပဲ ကြောက်စရာကောင်းမှန်း သူတို့သိကြသည်။ အနှီ မီးဇာမဏီကြာပွတ်နှင့် အရိုက်ခံလိုက်ရပါက အနည်းဆုံးတော့ သက်တမ်းတစ်ဝက်လောက် တိုသွားမည်ပင်။
သို့သော်ငြား မည်သူကမှ ဖုန့်ရှီကို သနားဂရုဏာ မသက်ကြေချ၊ သူတို့က ကောင်းကင်ဘုံသားများအနေနှင့် ဂုဏ်ယူနေကြလေ၏။ သူက ကောင်းကင်ဘုံကို စော်ကားဝံ့မှတော့ တန်ဖိုး ပေးဆပ်ရမည်သာ။
"နင်! နင် ငါနဲ့ ပြိုင်ချရဲလား?" သီထျန်းဟွာက သူမ၏ မှော်ဆန်သော မီးဇာမဏီကြာပွတ်နှင့် ဖုန့်ရှီကို ညွှန်လိုက်ကာ မောက်မာပြီး ယုံကြည်မှုအပြည့်ရှိသည့်မျက်နှာထားနှင့် ပြောလိုက်သည်။
"အဲ့ဒါဆိုလည်း ပြိုင်ကြတာပေါ့၊ ငါ မင်းကို ကြောက်မနေဘူး!" ဖုန့်ရှီက မေးချီကာ ပြောလိုက်သည်။ သီထျန်းဟွာကို သူက ကြောက်မတဲ့လား? သီထျန်းဟွာ၏ ကြယ်အဆင့်က သူ့ထက်သာလျင်တောင်မှ သူမက သူ့ကို နိုင်မည်မဟုတ်၊ ဒီတစ်ကြိမ်မှာတော့ သူက သီထျန်းဟွာကို လူတိုင်းရှေ့ သေချာပေါက် အရူးလုပ်ပစ်လိုက်ဦးမည်။
အချိန်အတိုင်းအတာတစ်ခုအထိ၊ နှစ်ဖက်စလုံးသည် ၎င်းတို့၏ လက်နက်များကို ချိန်ထားလိုက်ကြကာ တိုက်ပွဲက စတော့မည့်ဟန် ဖြစ်သွားလေတော့သည်!
"ဟားဟား... ဒီလောက်ရယ်စရာကောင်းတဲ့ ကိစ္စတစ်ခုကို ကြုံလိုက်ရမယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ ကောင်းကင်ဘုံရဲ့ မင်းသမီးက တခြားတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်? ရယ်စရာပဲ။ အားလုံးပဲ လာကြေဟေ့! စိတ်ဝင်စားဖို့ကောင်းမယ့် အခြေအနေတွေကို ဒီမှာ ကြည့်ကြရအောင်!"
ကျယ်လောင်သော ရယ်မောသံက တင်းမာသော လေထုကို ဖြိုခွင်းသွား၏။
လူတိုင်းက လှည့်ကြည့်လိုက်ကြတော့ သူတို့မျက်စိရှေ့ အနက်ရောင်အလင်းတန်းတစ်ခု ဖြတ်သွားသည်ကို တွေ့လိုက်ကြရသည်။ အလင်းထဲမှ လူချောတစ်ယောက် ထွက်လာ၏။ ထိုသူသည် အနက်ရောင် ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားသောကြောင့် ကျားသစ်တစ်ကောင်လို အရိုင်းဆန်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင် ဖြစ်စေသည်။ နက်မှောင်သော အသွင်အပြင်က သူ့ကို အေးစက်ကာ၊ ရက်စက်ကြမ်းကြုတ်သောသွင်ပြင်ဖြစ်စေပြီး သူ့အပြုံးမှာပင် ရက်စက်ရိပ်တို့ သန်းလို့နေ၏။ လေနှင့်အတူ လွင့်မျောနေသော ဆံနွယ်နက်နက်များနှင့်အတူ ထိုသူသည်ကား စိတ်ခြောက်ချားစရာ ကောင်းလောက်အောင် ကြောက်စရာကောင်းသည့် အမှာင်ထဲမှ နတ်ဆိုးတစ်ပါးအသွင် ဖြစ်လို့နေသည်။
ဤလူကား မိစ္ဆာလောကမှ ဖြစ်သည်ဆိုတာကိုတော့ သံသယဖြစ်စရာမလိုချေ!
နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်အပြင်၊ မိစ္ဆာလောကသည်လည်း ဖိတ်စာများ ရရှိခဲ့၏။ သူတို့အရှေ့မှ အနက်ရောင်ဝတ်ရုံဝတ်ထားသူကား မိစ္ဆာလောကကို ကိုယ်စားပြုသူဖြစ်သည်။ သူနှင့်အတူ လိုက်ပါလာသူနှစ်ဦးလည်း ထပ်ရှိသေးသော်လည်း ယခု သူတို့က အနီးအနားတွင် ရှိမနေပေ။ သူတို့က ကောင်းကင်ဘုံ၏ ဘုံရှစ်ထပ်တွင် ရှိနေကြတာဖြစ်မည်။
သီထျန်းဟွာနှင့် ကောင်းကင်ဘုံသားလူငယ်များက ထိုသူအား သွားပြီး မှားယွင်းဆက်ဆံ၍ မရပေ။ သီထျန်းဟွာက ကောင်းကင်ဘုံ၏ မင်းသမီးဆိုလျင် ထိုသူက မိစ္ဆာလောက၏ မင်းသားဖြစ်သည်။ သူက သီထျန်းဟွာထက် အများကြီး ပိုအစွမ်းထက်၏။ သူက ကောင်းကင်ဘုံတွင်လည်း နာမည်ကျော်ကြားနေသူဖြစ်ကာ သီထျန်းဟွာ၏ နံပါတ်တစ် ရန်သူလည်း ဖြစ်သည်။ မူလတုန်းကတော့ သူ မလာလောက်ဘူးဟု ကောင်းကင်ဘုံက ထင်ခဲ့ကြသော်လည်း သူ ရောက်ချလာလိမ့်မည်ဟု စိတ်တောင် မကူးခဲ့ကြချေ။
"မော့ဖေးဟန်၊ မင်းပဲကိုး!" သီထျန်းဟွာက အေးစက်စွာပြောလိုက်သည်။
"ခွေးမလေး၊ မင်းရဲ့မွေးနေ့ပွဲကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခွင့်ရတာ ငါ အရမ်းဂုဏ်ယူမိတယ်ဟေ့!" မော့ဖေးဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သီထျန်းဟွာ၏ လှပသော မျက်လုံးများက မော့ဖေးဟန်ကို မီးတောက်များ စင်ထွက်လုနီးနီး စူးစူးရဲရဲ ကြည့်နေလေ၏။ မော့ဖေးဟန်က သူမကို ထိုသို့ခေါ်သည့်အချိန်တိုင်း သူ့မျက်နှာကို အပိုင်းပိုင်းအစစ ဆွဲဖြဲချင်နေခဲ့ရသည်။
တိတ်ဆိတ်မှုကို ပထမဆုံးဖြိုခွင်းကာ ရယ်လိုက်သူကတော့ ဖုန့်ရှီပဲဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now