Chapter 3

5.6K 580 60
                                    

(Zawgyi)

ကျွန်တော် Arjuma လှမ်းပေးတဲ့ပန်ကိတ်ကိုပါးစပ်ထဲ အပြည့်သွတ်သွင်းလိုက်ရင်း လက်မထောင်ပြလိုက်တော့ Arjuma ကရယ်ပါတော့သည်...။

"သားရယ် ဖြေးဖြေးစားပါကွယ်... ဘယ်သူမှလုမစားပါဘူး"

ကျွန်တော့်ပါးစပ်နားတွင်ပေနေသော မုန့်စလေးများကို ဂရုတစိုက်ဖယ်ရှားပေးရင်းပြောတော့ ကျွန်တော့်ရင်မှာ နွေးခနဲ...။ မေတ္တာနှင့်ဝေးခဲ့သည်မှာ ကြာပြီမဟုတ်လား...။

ဒီအိမ်ကြီးမှာ ကျွန်တော်အချစ်ဆုံးက Arjuma ပင်...။တစ်နေ့တစ်မျိုးမရိုးရအောင် ဟင်းမျိုးစုံအပြင် မုန့်ကိုလည်းမထပ်ရအောင် လုပ်ကျွေးတတ်သေးတယ်...။ သူလက်စွမ်းပြသမျှတိုင်းကို ကျွန်တော်ခေါင်းမဖော်တမ်းစားတိုင်း တပြုံးပြုံးနှင့် ကျေနပ်နေတတ်သည်...။

အိမ်ကြီးရှင်ဘုဂလန့်က စိတ်ရင်းက မကောင်းသလောက် အပေါက်ကလည်းဆိုးပေမယ့် အစားအသောက်နှင့်ပတ်သတ်လျှင်တော့ မည်သည့်အခါမျှပြောဆိုတာမျိုးမရှိ...။ ဝန်ထမ်းအားလုံးကိုလည်း ဖောဖောသီသီတော့ ကျွေးသည်ချည်းပင်...။ သူစားတာတော့သိပ်မမြင်...။

မမြင်ဆို အခန်းထဲမှာ တစ်ယောက်တည်းဖွက်ပြီးစားတော့ရော ကျွန်တော်မြင်တာကျလို့...။ သူ့အကြောင်းကို တွေးလိုက်တာနှင့်ပင် လူက ဒေါသသွေးတို့ဆူပွက်လာရသည်...။

ဘယ်လိုပြောရမလဲ...။ ပွဲမဝင်ခင်မှာပင် ပြိုင်ဘက်ကိုတွေ့သော လက်ဝှေ့သမားကဲ့သို့ သူ့ကိုမြင်သည်နှင့်ကျွန်တော့်မှာ အလိုလိုစိတ်တိုလာရသည်...။

ခင်ဗျားတို့ကတော့ထင်မှာပေါ့...။ ကိုယ့်လူနာကို ဘယ်လိုတောင်တွေးပစ်တဲ့ ဆရာဝန်ပါလိမ့်လို့...။ မယုံမရှိနဲ့... ခင်ဗျားတို့ သူ့အကြောင်းမသိသေးလို့...။

တကယ့်ကိုပစိပစပ်များတာများ သေသွားတဲ့ကျွန်တော့်အဘွားကတောင် အဖေခေါ်ရလောက်သည်...။ နေရာတိုင်း၊ ကိစ္စတိုင်းကိုအလိုမကျနိုင်...။ သူလုပ်မှ ကောင်းတယ်ထင်နေတာလေ...။ လိပ်မျိုး...။

ဘယ်တော့မှ တစ်ဖြောင့်ထဲမရှိ ကွေးကောက်နေတဲ့မျက်ခုံးတွေက သူ့မျက်နှာကိုရှိရင်းစွဲထက် ပိုအိုစာစေတာ ကျွန်တော်သတိမပေးဖြစ်...။

Falling (Completed) Where stories live. Discover now