မျှော်လင့်ချက်တွေ ကျိုးကြေခြင်း

14 3 4
                                    

မျှော်လင့်ခဲ့ရတာပေါ့...
အရွယ်ရောက်လာရင်
ကိုယ်ဝါသနာပါတဲ့
အလုပ်တစ်ခုကိုလုပ်နိုင်ဖို့ ။
ဒါပေမယ့်လည်း
အဲ့မျှော်လင့်ချက်လေးက
ကွဲကြေပျက်စီးသွားခဲ့ရတယ်...။

အနှစ်နှစ် အလလ ကြိုးစားခဲ့ရတာက
တစ်မနက်ထဲနဲ့တင်
ကျိုးကြေလို့သွားတယ်
စိတ်ဓာတ်တွေ
ဟိုး...အောက်ဆုံးထိထိုးကျနေချိန်
ငါတစ်ယောက်တည်းမှ မဟုတ်တာဆိုပြီး
နှလုံးသွင်းနေခဲ့ရတဲ့ နေ့ရက်တွေမှာ
ငါ ပျော်ချင်ယောင်ဆောင်နေခဲ့တယ် ။

နာကျင်လွန်းမက ဖြစ်နေချိန်မှာ
မျက်ရည်မကျမိအောင်
အပြုံးကို ပန်ဆင်ထားရတယ်
အတွေးတွေ မများအောင်လို့
စိတ်ကိုအနားမပေးဘဲ
စာအုပ်‌တွေဖတ်၊သီချင်းတွေနားထောင်ခဲ့တယ်။

အခုတော့လည်း...
ငါ့မှာ မျှော်လင့်ချက်လေး တစ်ခုရှိခဲ့ကြောင်း
အဲ့‌မျှော်လင့်ချက်လေးကို
အကောင်အထည် ဖော်ခွင့်မရခဲ့ပေမယ့်
မေ့ပျောက်နိုင်ခဲ့ကြောင်း...
ငါ သိလိုက်ရတယ်။

ဘာမှမတည်မြဲတဲ့ ဒီကမ္ဘာမှာ
ကိုယ်ဖမ်းဆုပ်ထားနိုင်တဲ့အရာ
တစ်ခုမှ မရှိတဲ့အတွက်
ငါလည်း မျှော်လင့်ချက်တွေကို
ဆုပ်ကိုင် ထားမနေတော့ပါဘူး
ဒီနေ့နဲ့ မနက်ဖြန်တောင် မတူညီသေးတာ
ဒီနှစ်နဲ့ နောက်နှစ်ဆိုရင်ကော...။

ငါဟာ ဒီကမ္ဘာမှာ ရှင်သန်နေမယ်ဆိုတာ
ငါကိုယ်တိုင်တောင် ‌မသေချာတဲ့အတွက်
မျှော်လင့်ချက်တွေကို
ငါကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့တယ်
မျှော်လင့်ချက်တွေ ကျိုးကြေသွားတာကို
အေးစက်စွာပဲ ထိုင်ကြည့်နေခဲ့မိတယ်
ဒီလိုနဲ့ပဲ ငါဟာ ရှင်လျက်နဲ့ သေခဲ့ရတယ်...။

၁၂/၂/၂၀၂၂
(၁၀:၅၅မိနစ်)

Short Poems Where stories live. Discover now