Chapter ( 34 )

857 63 0
                                    

Unicode

လမ်းခွဲကြရန်

ဒေါ်တင်တင်ကို နှုတ်ဆက်ပြီး ရှင်းနောင်ပြန်ဖို့ လုပ်နေပေမယ့် တစ်ခုကို ရုတ်တရတ်သတိရလာမိတာကြောင့် အိမ်အပေါက်ဝမှ သူမဆီကို ပြန်လှည့်ကြည့်လိုက်သည်။

"အန်တီ ကျွန်တော်ပြန်မယ့်အကြောင်းကို လရောင်ကို မပြောပါနဲ့နော်။ ကျွန်တော် နောက်မှ သူ့ကို ကိုယ်တိုင်ပြောလိုက်မယ်"

"အင်းပါ။ မပြောနဲ့ဆိုလည်း မပြောပါဘူး။ ဒါမဲ့ မင်းပြန်မယ့်အကြောင်းကို လရောင်ကို မြန်မြန်သာ ပြောပြလိုက်နော်။ မင်းပြန်သွားပြီးရင် သူတော့ အလွမ်းနာစို့နေတော့မယ် ထင်တယ်"

"... ဗျာ.. ဘာ.. ဘာလို့လဲ"

လရောင်နဲ့ သူက အခုဆိုရင် ချစ်သူတွေဖြစ်တဲ့အတွက် သူပြန်သွားရင် လရောင် သူ့ကိုလွမ်းနေမယ်ဆိုတာတော့ သူလည်း တွက်ထားပြီးသား။ ဒါမဲ့ ဒေါ်တင်တင်ရဲ့အမြင်မှာပါ လရောင်က ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ ရှင်းနောင်နည်းနည်းအံသြနေရင်း ပြန်မေးမိသည်။

"လရောင့်ကို သူ့အဖေက မင်းနဲ့ ဆက်မအိပ်ခိုင်းတော့ဘူးဆိုပြီး ပြောတဲ့ ညတုန်းကလေ အန်တီတို့ကို ပြန်ပြီးမမေးတတ်တဲ့ လရောင်က ဘာလို့လဲဆိုပြီး သူ့အဖေကို ပြန်မေးခဲ့တာ။ အဲ့တော့ သူ့အဖေကလည်း ဒေါသထွက်သွားပြီး အိပ်ခွင့်မပြုဘူးဘဲ ပြောခဲ့တာ။ သူအဲ့ဒီနောက် ဘာမှလည်းမပြောဘဲနဲ့ အခန်းထဲပဲ ဝင်သွားခဲ့တယ်။ ပြီးရင် စာအုပ်ကြီးရှေ့ချပြီး ငုတ်တုတ်မေ့နေခဲ့တာ။ စာလုပ်နေတာလည်း မဟုတ်ဘဲ။ သူ့ရုပ်ကြည့်ရတာက မသိရင် အန်တီတို့က မင်းတို့နှစ်ယောက်အတင်းအကျပ် ခွဲထားလို့ ရင်ကွဲနာကျနေတဲ့အတိုင်းပဲ။ မနက်ရောက်တော့လည်း သားအဖနှစ်ယောက်က စစ်အေးတိုက်ပွဲ တိုက်ခဲ့ကြသေးတယ်"

သူမတော့ပြောရင်း မျက်နှာထက် အပြုံးလေးတွေက ရှိနေပေမယ့် ခွန်ရှင်းနောင်ကတော့ ယဉ်ကျေးမှုအရပင် သူမကိုပြန်ပြီး ပြုံးမပြနိုင်ခဲ့။

"စိတ်ရင်းအတိုင်းပြောရမယ်ဆိုရင် အန်တီအနေနဲ့လည်း လရောင်ကို အိမ်ပြန်အိပ်စေချင်တာပဲ။ အရင်ကဆိုရင်  နေ့ဘက် ညဘက်ရော အချိန်မှန်မှန်သူစာလုပ်ပေမယ့် မင်းရောက်ပြီးနောက်ပိုင်း သူစာလုပ်ချိန်က လျော့လျော့သွားခဲ့တာလေ။ ဒီစာမေးပွဲမှာတော့ သူ အဆင့်ကျလိမ့်မယ်လို့ အန်တီထင်တယ်။ ဒါမဲ့ ဒါက မင်းကို အပြစ်တင်တာမျိုး မဟုတ်ဘူးနော်။ ဘာလို့ဆို လရောင်ကိုယ်တိုင်က မင်းနဲ့အတူရှိနေချင်တာလေ။ မင်းနဲ့ဆို သူက အမြဲပျော်နေတာ။ အဲ့တာကြောင့် မင်းပြန်သွားပြီးနောက်ပိုင်း သူအလွမ်းနာစို့ပြီး စာကောင်းကောင်းမလုပ်နိုင်တော့မှာကို အန်တီစိုးရိမ်တာပေါ့။ မင်းနဲ့ တစ်ညလေး ခွဲအိပ်ရတဲ့ ညတုန်းကဆိုရင် သူစာရေးခုံမှာ ညဉ့်နက်တဲ့အထိ နေခဲ့ပေမယ့် စာကောင်းကောင်းမလုပ်နိုင်ဘူးဆိုတာ အန်တီသိနေတယ်။ ပြီးရင် အန်တီလည်း မင်းကိုပြန်ပြီး တောင်ဆိုစရာလေးရှိတယ်။ မင်းပြန်သွားပြီးရင် လရောင်ကို စာကောင်းကောင်းလုပ်ပါလို့ ပြောပေးပါဦး"

I Found Love In a Village [Completed]Where stories live. Discover now