🦋 3 🦋

6.9K 795 32
                                    

ငှက်အော်သံသဲ့သဲ့လေးများ၊ လူတွေရဲ့တီးတိုးစကားပြောသံများက အဝေးကြီးမှလွင့်ပျံလာကာ ကောင်းယံဧ။်နားထဲ တိုးဝင်လာသည့်အခါ အသိစိတ်က ကိုယ်မှာကပ်လာသည်။ ရုပ်ရှင်တွေထဲကလို မိမိဘာဖြစ်သွားသလဲဟု ​မေးစရာမလိုလောက်အောင် အကုန်မှတ်မိနေခဲ့သည့် ကောင်းယံမှာ လေးလံနေသည့် ခန္ဓာကိုယ်ကို အသာရွှေ့ကြည့်သည်။ အနည်းငယ် နာကျင်လေးလံနေသည်မှလွဲ၍ သေနတ်မှန်ထားသည့် ရင်ဘတ်ဆီမှတောင် နာကျင်နေခြင်းမရှိ။

"ငါဘယ်လောက်ကြာအောင် လဲနေခဲ့လို့ ဒဏ်ရာကနာတာတောင်မရှိတော့တာလဲ"

ခြောက်ကပ်ကွဲအက်နေသည့် လည်ချောင်းထဲမှ ထိုစကားလုံးတို့က တီးတိုးအက်ရှစွာ တိုးထွက်လာပြီးနောက် မျက်လုံးအစုံကို အသာအယာဖွင့်ကြည့်လိုက်ပြီး မည်သူမှမတွေ့သောကြောင့် ပြန်မှိတ်ထားလိုက်သည်။ သို့သော်ပြန်မှိတ်လိုက်ခြင်းက စက္ကန့်ပိုင်းမျှသာ။ ဖျတ်ခနဲပြန်ဖွင့်လိုက်ကာ မှားမြင်လိုက်သည်ဟု ထင်ရသောမြင်ကွင်းကို ပြူးကြည့်နေမိသည်။

မျက်နှာကျက်တခု ၊ နှလုံးတိုင်းတာစက်ထံမှ တတီတီအသံ ၊ ပိုးသတ်ဆေးအနံ့တို့ ထုံမွှန်းနေမည့် ဆေးရုံတခုပေါ်တွင် မိမိပြန်နိုးလာသည်ဟု ထင်ထားမိသည့် ကောင်းယံမှာ နေရောင်ကိုမြင်နိုင်လောက်သည့် ခေါင်မိုးခပ်ဟဟနှင့် ဂဝံကျောက်ပုံစံကျောက်တုံးများဖြင့် ကာရံထားသော ညစ်ထေးထေး နံရံတခုကိုမြင်လိုက်ရသည့်အခါ...

"ဒါ ဘယ်နေရာလဲ..."

ဒဏ်ရာရထားခြင်းကိုပင်မေ့လျော့ကာ ငုတ်တုတ်ထထိုင်၍ ပတ်ဝန်းကျင်အနှံ့ ခေါင်းပြုတ်ထွက်မတတ် လှည့်ပတ်ကြည့်ရ​တော့သည်။ ထိုမျှနှင့်အားမရ​သေး ကုတင်​ပေါ်မှဆင်း၍ ဟိုဟိုဒီဒီ မျက်လုံးများပွတ်သပ်ကာ အကြိမ်ကြိမ်ကြည့်သည့်တိုင် မြင်ကွင်းကတော့ ​ပြောင်းလဲသွားခြင်းမရှိ။

ကျိန်းသေပေါက်မြင်ရမည်ဟု တွေးထင်ထားသည့် ဆေးရုံတခုရဲ့မြင်ကွင်းအစား မြေစိုက်အိမ်ကြီးတခုသာရှိပြီး အိမ်တလုံးက ဂဝံကျောက်ကြီးများနှင့် ဆောက်လုပ်ထားသည်။ အခန်းထဲ ခပ်နွမ်းနွမ်းစားပွဲတလုံး၊ မီးအိမ်တလုံးနှင့် မြေပန်းကန်လုံးတစ်လုံးသာရှိပြီး မိမိလှဲလျောင်းနေရာ ကာတင်က ​ဆေးရုံကုတင်ဟုတ်မနေပဲ သာမာန်သစ်သားကုတင်တစ်လုံးသာ။ အခန်းထောင့်တွင် ဓားတစ်လက်နှင့် ချပ်ဝတ်တန်ဆာဟု ခေါ်ဆိုရမည့်ဝတ်စုံတစ်စုံကို ချိတ်ဆွဲထားသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now